သတင်း

မန္တလေးမြို့ရှိ ပို့ဆောင်ရေးစီမံကိန်းရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရ

ယမန်နေ့ (မတ် ၂၀) တွင် မန္တလေးမြို့ပေါ်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးကို လူတစ်ဦးက ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄ နှင့် ၃၅ လမ်းကြား ၈၃ လမ်းပေါ်ရှိ ထိုစီမံကိန်းရုံးကို နံနက် ၁၁ နာရီခန့်တွင် လူတစ်ဦး ရောက်ရှိလာပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုအနီးတစ်ဝိုက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရုံးထဲကို လူတစ်ဦး ဝင်လာပြီး သူ့ရဲ့ ခါးပတ်ဇစ်အိတ်ကို ဖွင့်ပြီး ပစ်သွားတာလို့ ပြောတယ်။ ဝန်ထမ်းနှစ်ဦးက မပစ်ခင်မှာ ဝိုင်းဖမ်းဖို့ ကြိုးစားတဲ့ကြားက သူတို့ကို ကျော်ပြီး ထုပြေးသွားတယ်။ ပြီးတော့ လွတ်သွားတာ” ဟု ၎င်းက ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူး ဦးလွှမ်းမိုးသည် ခြေထောက်ဒဏ်ရာ ရရှိခဲ့ကာ အကြီးတန်းစာရေး ဦးဇော်မြင့်ဆိုသူမှာ ခြေထောက်နှင့် နားတွင် ထိခိုက်ကြောင်း၊ အငယ်တန်းစာရေးများဖြစ်သော မသူသူအောင်နှင့် ဒေါ်လှစံပယ်ကျော်တို့သည်လည်း နား၊ ဦးခေါင်းပိုင်းနှင့် ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် လူနာတင်ယာဉ်တစ်စီး ရောက်ရှိလာကာ ဒဏ်ရာရသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားသည်ဟု အထက်ပါ ရပ်ကွက်နေ အမျိုးသားက ဆိုသည်။

ထို့နောက် စစ်သားများ ရောက်ရှိလာကာ ရုံးအနီးရှိ လမ်းများကို ပိတ်ဆို့စစ်ဆေးသည်ဟုလည်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များ စုပေါင်းထားသည့် AST-MDY ဆိုသော အဖွဲ့က ယမန်နေ့၌ပင် ထုတ်ပြန်သည်။

ပို့ဆောင်ရေးစီမံကိန်းရုံးသည် အခွန်အခများ အတင်းအဓမ္မပေးဆောင်စေကာ စစ်ကောင်စီကို ထောက်ပံ့နေသော လုပ်ငန်းယန္တရားတစ်ခုဖြစ်သည့်အတွက် အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးကို “အောင်စည်တော်” ဟု အမည်ပေးထားကြောင်း ထိုအဖွဲ့က ဆိုသည်။

တိုက်ခိုက်ပြီးနောက် ရဲဘော်များ ပြန်ဆုတ်ခွာချိန် ရုံးအတွင်း လုံခြုံရေးတာဝန်ယူထားသူများက “သူခိုး” ဟု အော်ဟစ်ကာ ဝိုင်းဝန်းဖမ်းဆီးရန် ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီအာဏာတည်တံ့ရေးအတွက် ပူးပေါင်းပါဝင်နေသည့် မည်သည့်ထောက်တိုင်၊ မည်သည့်ဌာနကိုမဆို စစ်ရေးပစ်မှတ်အဖြစ် အဓိကထား တိုက်ခိုက်သွားမည်ဟုလည်း ထိုအဖွဲ့က သတိပေးထားသည်။

ကညနရုံးမှ ပွဲစားများဖြစ်သော ဇနီးမောင်နှံနှစ်ဦးကို သတ်ဖြတ်အပြီး ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-Special Task Force (STF-MDY)

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှစ၍ အုပ်ချုပ်ရေးမှူး ၂ ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ၁ ဦးတို့ကို လုပ်ကြံခဲ့ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ မီတာရုံးနှင့် စစ်ကောင်စီကင်းတဲ၊ ရဲစခန်းတို့ကိုလည်း ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထိုအဖွဲ့က ဆိုသည်။

ယခုလ ၁၁ ရက်က ပြည်ကြီးတံခွန်မြို့နယ်တွင် ကလေးငယ်တစ်ဦးနှင့်အတူ ဆိုင်ကယ်မောင်းနှင်လာသော ဇနီးမောင်နှံ သေနတ်ပစ်ခံရစဉ် လူကြီးနှစ်ဦးလုံး သေဆုံးခဲ့ရာ PDF များက သတ်ဖြတ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက ထုတ်ပြန်သည့်နည်းတူ မန္တလေးအခြေစိုက် Special Task Force (STF-MDY) အဖွဲ့ကလည်း ကညနရုံးမှ ပွဲစားများဖြစ်သောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာသည့်တိုင် မန္တလေးမြို့တွင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်သည်။ ယခုလ ၈ ရက်က လမ်းပေါ်တွင် သွားလာနေသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။

ရေဆေးဆီလိုက်လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ အရွယ် ကိုမျိုးမင်းဆိုသူမှာ သေနတ်ဖြင့် ၄ ချက် အပစ်ခံရပြီး သေဆုံးခဲ့သည်။​ သတင်းပေး (ဒလန်) ဟု အမည်ထွက်နေသဖြင့် အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“သူ့ကြောင့် ဖမ်းခံရတာတွေ ရှိပြီး သူက တောထဲက ပြန်လာတဲ့ ကလေးနှစ်ယောက်ကို သတင်းပေးတာ။ တစ်ယောက်က အခုထိ သတင်းပျောက်နေတယ်တဲ့။ အရပ်ထဲတော့ အဲဒီလိုတွေ ကြားရတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုတွင် အခြားသူနှစ်ဦးလည်း မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော မန္တလေးမြို့တွင် ယမန်နှစ်အတွင်း သံဃာများ၊ ဆရာဝန်နှင့် ရှေ့နေများအပါအဝင် လူပေါင်း ၁၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button