သတင်း

မန္တလေးမြို့လယ်မှ စစ်တပ်ပိုင် မြဝတီဘဏ်တွင် ဗုံးပေါက်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် (၈၁) လမ်းနှင့် (၂၆) လမ်းထောင့်ရှိ စစ်ကောင်စီပိုင် မြဝတီဘဏ်ခွဲတွင် ယမန်နေ့ (စက်တင်ဘာ ၁၆ ) နေ့လယ် ၂ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ပြီး ဘဏ်ရှေ့ရှိ ကင်းစခန်းမှ အစောင့်ရဲ နှစ်ဦး ထိခိုက်ဒဏ်ရာရာခဲ့ကြောင်း သတင်းရရှိသည်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ… လူနာတင်ကား ရောက်လာတာ တွေ့တယ်” ဟု ဘဏ်အနီး နေထိုင်သူ မြို့ခံအမျိုးသမီးက ဆိုသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများကမူ ပေါက်ကွဲမှုကို အတည်ပြုခဲ့သော်လည်း အထိအခိုက်မရှိဟု ရေးသားကြသည်။ မြဝတီဘဏ်နှင့် စစ်ကောင်စီတို့ကတော့ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော “No More Dictatorship People Defence Force- NMD” က မြဝတီဘဏ်ရှေ့ ပေါက်ကွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာ (၁၇) မနက်ပိုင်းတွင် ထုတ်ပြန်သည်။ တိုက်ခိုက်မှုကြောင့် ရဲတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ၎င်းတို့သတင်းရထားကြောင်းလည်း NMD က ထုတ်ပြန်သည်။

ငွေကြေးဖောင်းပွမှုဖြစ်စေမည့် နှစ်သောင်းတန်ငွေစက္ကူထုတ်ခဲ့သည့် စစ်ကောင်စီကို အနှောင့်အယှက်ပေးရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် အများပြည်သူ မထိခိုက်စေရန် ဘဏ်ပိတ်ရက်တွင် စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်းလည်း ထိုအဖွဲ့က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး မိနစ်ပိုင်းအတွင်း အခင်းဖြစ်ပွားရာနေရာသို့ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စစ်သား၊ ရဲ (၁၀) ဦးခန့် ရောက်လာပြီး ဘဏ်အနီး လုံခြုံရေးကင်မရာ (CCTV) များကို စစ်ဆေးခြင်း၊ အနီးပတ်ဝန်းကျင်မှ ပြည်သူများကို မေးမြန်းစစ်ဆေးခြင်းတို့ကို လုပ်ဆောင်သည်ဟု ဒေသခံတို့က ဆိုသည်။

၂၀၂၁ ဧပြီလအတွင်းကလည်း ထိုဘဏ်ကို လုံခြုံရေးစောင့်ပေးသည့် စစ်သားများ ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရဖူးပြီး ယခုပေါက်ကွဲမှုသည် နှစ်နှစ်ခွဲခန့်အတွင်း ဒုတိယမြောက်တိုက်ခိုက်ခံရမှုဖြစ်သည်။

၁၉၉၃ တွင် စတင်တည်ထောင်ခဲ့သည့် စစ်တပ်ပိုင် မြဝတီဘဏ်၏ ဘဏ်ခွဲများတွင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်လုံခြုံရေးအစောင့်များ ချထားခဲ့ရာ တော်လှန်ရေးတပ်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကို မကြာခဏခံနေရသည်။

၂၀၂၂ ဒီဇင်ဘာလအတွင်းက ရွှေဘိုနှင့် မန္တလေး၊ ၂၀၂၃ ဇန်နဝါရီနှင့် ဧပြီလအတွင်းက မြစ်ကြီးနားနှင့် မုံရွာ စသည့် မြို့များမှ မြဝတီဘဏ်ရှေ့ အစောင့်ရဲနှင့် စစ်သားများသည် သေနတ်၊ ဗုံးတို့ဖြင့် ပစ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

မန္တလေးမှ မြို့ပြပြောက်ကျားတပ်များသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း မန္တလေး ချမ်းမြသာစည်မြို့နယ် လမ်း ၆၀ နှင့် ၁၀၂ လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် အခွန်နှုန်းသုံးဆ တိုးမြှင့်ကောက်ခံသွားမည်ဟု ကြေညာအပြီး သုံးရက်အကြာတွင် ထိုသို့တိုက်ခိုက်ခံရခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button