သတင်း

မိတ္ထီလာမှ ပရဟိတသမား၊ ဇနီးနှင့် ကလေး ၃ ဦး အဖမ်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှ ပရဟိတသမား စောပါဗလု၊ ဇနီးဖြစ်သူနှင့် သမီး ၃ ဦးကို အရပ်ဝတ် လက်နက်ကိုင်တချို့က လာရောက်ဖမ်းဆီးသွားပြီး တစ်ပတ်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း ၎င်းတို့၏ မိတ်ဆွေတစ်ဦးထံမှ သိရသည်။ 

ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေး၊ ကလေးသူငယ် ပညာရေးစောင့်ရှောက်မှု စသည့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် စောပါဗလုကို မေလ ၁ ရက်၊ ညနေ ၄ နာရီ ဝန်းကျင်တွင် အရပ်ဝတ် လက်နက်ကိုင် ၁၀ ဦးခန့်က နေရာတစ်ခု၌ လာရောက်ဖမ်းဆီးသွားသည်။

ထို့နောက် ညနေ ၆ နာရီခန့်တွင် ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် နော်ဆဲဖော်၊ သမီးများဖြစ်သော ၉ နှစ်အရွယ် နော်ရေဗက္ကာ ဗလုဖော၊ ၆ နှစ်အရွယ် နော်ဟေဇဲဗလုဖော၊ ၅ နှစ်အရွယ် နော်လေဒီယာဗလုဖောတို့ကို နေအိမ်၌ လာရောက်ဖမ်းဆီးကာ အိမ်အတွင်း မွှေနှောက်ရှာဖွေခဲ့သည်ဟု သိရသည်။

ဇနီးဖြစ်သူသည် ဆီးချိုရောဂါ ခံစားနေရပြီး သမီး ၃ ဦးအနက် ၉ နှစ်နှင့် ၅ နှစ်အရွယ် နှစ်ဦးမှာ စောင့်ရှောက်မှု အထူးလိုအပ်သည့် ကလေးငယ်များဖြစ်ကြောင်း စောပါဗလု၏ မိတ်ဆွေထံမှ သိရသည်။ 

“ကလေးတွေက တကယ်ကို စောင့်ရှောက်မှုလိုနေတဲ့ ကလေးတွေ၊ ကလေးအကြီးဆိုရင် ၉ နှစ်ရှိပြီ။ အခုထိ စကားကို ကောင်းကောင်းမပြောနိုင်သေးဘူး။ လိပ်ပတ်လည်အောင် မပြောတတ်သေးဘူး။ အငယ်ဆုံးကလေးကလည်း စကားပြော အားနည်းတယ်။ ခုချိန်ထိ စကားမပြောနိုင်သေးဘူး။ အဓိကတော့ ကလေးတွေက အရမ်းငယ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိတ်ဆွေတစ်ဦးက ပြောသည်။ 

ထိုမိသားစုကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်းရင်း မသိရသလို မည်သူများက ဖမ်းသွားသည် မသိကြောင်း၊ လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည် မသိရကြောင်း သူက ဆက်ပြောသည်။ 

“ပရဟိတတွေလုပ်တဲ့သူပါ။ (ဆင်းရဲနွမ်းပါးတဲ့သူတွေ) ကလေးမွေးတာတွေ၊ ဗိုက်ကြီးသည်တွေကို ကူညီပေးတယ်။ အရင်းအနှီးမရှိတဲ့သူတွေကို ပံ့ပိုးပေးတာတွေ။ လူချစ်လူခင်ပေါပြီး အပေါင်းအသင်းဆံ့တယ်” ဟု ၎င်း၏ အထက်ပါမိတ်ဆွေက ဆိုသည်။ 

ဖမ်းဆီးခံရပြီး နောက်တစ်နေ့ (မေ ၂) နံနက်တွင် နော်ဆဲဖော်ကို အစောင့်တစ်ဦးနှင့်အတူ နေအိမ်သို့ ခေတ္တ ပြန်စေကြောင်း၊ ဖုန်းတစ်လုံးနှင့် ကလေးအဝတ်အစားအချို့ ယူဆောင်သွားပြီးနောက် ချက်ချင်း ပြန်ခေါ်သွားကြောင်း သိရသည်။ 

၎င်းတို့၏ မိသားစုဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းသွားသည်ဟု ယူဆသဖြင့် ဆက်စပ်သည်ဟု ထင်ရသော နေရာတချို့ကို လိုက်လံစုံစမ်းသော်လည်း တိကျသေချာမသိရသေးကြောင်း၊ မိတ္ထီလာမြို့၊ ချည်မျှင်နှင့် အထည်စက်ရုံဘေးရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စ.ရ.ဖ) များ အခြေစိုက်သော ရုံးတွင် ဖမ်းဆီးထားပုံရကြောင်း သူက ဆိုသည်။ 

မိတ္ထီလာရဲစခန်းနှင့် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်စခန်းသို့ ဆက်သွယ်စုံစမ်းရာ ဖမ်းဆီးမထားဟု တုံ့ပြန်ပြီး မေ ၅ ရက်တွင် အဆိုပါ စ.ရ.ဖ ရုံးသို့ သွားရောက်စုံစမ်းခဲ့ရာ ဝင်ခွင့်မရ၊ စကားပြောခွင့် မရခဲ့ကြောင်း၊ နောက်တစ်နေ့ ထိုရုံးသို့ နို့မှုန့်နှင့် အစားအသောက်များ သွားပို့ရာ လက်ခံရယူထားကြောင်း အထက်ပါမိတ်ဆွေထံမှ သိရသည်။ 

စစ်တပ် တပ်ရင်းများရှိပြီး လေတပ်ပါ အခြေစိုက်သော မိတ္ထီလာမြို့တွင် ​​စစ်ကောင်စီတပ်က ဆန္ဒပြစဉ်ကတည်းက အကြမ်းဖက်ဖြိုခွဲလေ့ရှိပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သော နေရာဖြစ်သည်။

စစ်တပ်ကလည်း အာဏာသိမ်းပြီးချိန်ကတည်းက ဆန့်ကျင်ခုခံသူ၊ အလိုရှိသူများကို ဖမ်းဆီးရမိခြင်း မရှိလျှင် သို့မဟုတ် ခြိမ်းခြောက်လိုလျှင် အသက်မပြည့်သူ၊ ကျန်းမာရေးမကောင်းသူပါမချန် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည်။

အာဏာသိမ်းစစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)  ၏ မေ ၅ ရက် ထုတ်ပြန်ချက်အရ နိုင်ကျဉ်းအရေအတွက် ၁၇၇၄၀ ရှိသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button