သတင်း

ဦးညီပု၏ အမှု ၄ ခုအနက် ၅၀၅ အမှုကို အမိန့်ချတော့မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စွဲဆိုထားသည့် အမှုများအနက် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ကာယကံရှင်ကိုယ်တိုင် သက်သေအဖြစ် စစ်ဆေးခံကာ ခုခံချေပထားပြီး အောက်တိုဘာ ၈ ရုံးချိန်း၌ တရားရုံးက အပြီးသတ်အမိန့်ချမည်ဟု ၎င်း၏ ရှေ့နေက ပြောသည်။ 

စစ်တွေမြို့နယ်တရားရုံးတွင် အောက်တိုဘာ ၅ ရက်နေ့က အပြီးသတ်လျှောက်လဲချက် တင်ခဲ့သည်ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

သက်သေခံအချက်အလက်တချို့သည် ဥပဒေနှင့် မညီညွတ်သည်များရှိနေသည်ဟု လျှောက်လဲချက်တင်ခဲ့ကြောင်း၊ အမှုအတွက် အသေးစိတ်အချက်အလက်များ ကူးယူခွင့် မရသကဲ့သို့ ဦးညီပုနှင့်လည်း သီးခြားတွေ့ဆုံခွင့်လည်း မရခဲ့ကြောင်း ရှေ့နေက ပြောသည်။ 

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဖေဖော်ဝါရီ ၁၃ ရက်စွဲတပ် ကြေညာချက်ကြောင့်ဟုဆိုကာ ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော ဦးညီပုကို ဖေဖော်ဝါရီ ၂၂ တွင် စစ်တွေမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားဆိုစွဲခဲ့သည်။

တရားလိုဘက်မှ သက်သေ ၅ ဦး တင်သွင်းရာ  စက်တင်ဘာ ၂၀ ရုံးချိန်းတွင် နောက်ဆုံးစစ်ဆေးရန် ကျန်နေသည့် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ပြန်ခေါ်သက်သေ ၃ ဦးကို စစ်ဆေးကြောင်း၊ စက်တင်ဘာ ၂၈ ရုံးချိန်းတွင် ဦးညီပုကို စစ်ဆေးကြောင်း သိရသည်။ 

“ဦးညီပုက သက်သေအဖြစ် အစစ်အဆေးခံယူပါတယ်။ သူထွက်ဆိုတဲ့အချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်တယ်လို့ ပြောထားတဲ့ကိစ္စမှာ ဘယ်သူထုတ်လဲဆိုတာတောင် သူမသိဘူး။ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်တယ်ဆိုတာကလည်း အဲဒီအချိန်မှာ ဗဟိုအလုပ်အမှု​ဆောင်​တွေ ထိန်းသိမ်းခံနေရပြီဆိုပြီး ပြောတယ်” ဟု ရှေ့နေက ဦးညီပုထွက်ဆိုချက်ကို ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် အထိ စီရင်ချက်ချနိုင်သည်။ 

ဦးညီပုသည် ရခိုင်ဝန်ကြီးဟောင်း ၄ ဦးနှင့်အတူ ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် သြဂုတ် ၁၂ က စစ်တွေမြို့မရဲစခန်းတွင် အမှု ၃ မှု ထပ်ဖွင့်ခံရသည်။ ထို့နောက် စက်တင်ဘာ ၈ မှစ၍ အဂတိအမှုများကို တရားရုံးတွင် ရင်ဆိုင်နေရသည်။   

NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် NLD ထောက်ခံသူများ၊ ပါတီဝင်များကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေပြီး ပုဒ်မများတပ်ကာ အမှုများကို မြန်ဆန်စွာ စစ်ဆေးပြီး ထောင်ချရန် ကြိုးပမ်းနေသည်။ 

ဦးညီပုကို ဖေဖော်ဝါရီ  ၁ တွင် နေအိမ်၌ အကျယ်ချုပ်ထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၁၀ တွင် ဂွမြို့နေအိမ်မှ ဖမ်းဆီးသွားကာ စစ်တွေရှိ တပ်နယ်တစ်ခုထဲတွင် ထိန်းသိမ်းထားသည်။ 

ဦးညီပုကို ထောင်ဝင်စာတွေ့ခွင့်မရသေးကြောင်း သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးထံမှ သိရသည်။

သမီးနောက်တစ်ဦးဖြစ်သော NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည် မေ ၉ ရက်နေ့က ရန်ကုန်တွင် ဖမ်းဆီးခံရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button