သတင်း

မြစ်သားမြို့ ထောက်လှမ်းရေးရုံး ဗုံးကွဲအပြီး လမ်းပေါ်တွင်ရှိသူတချို့ အဖမ်းခံရ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် စစ်ကောင်စီထောက်လှမ်းရေးရုံး ယမန်နေ့ (အောက်တိုဘာ ၃) ည ၈ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် ရုံးအနီး သွားလာနေသူတို့ ဖမ်းဆီးခံရကြောင်း သိရှိရသည်။ 

ယမန်နေ့ညက ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ရွှေသူဌေးရပ်ကွက် ပန်းခြံဘက်မှ ကြားလိုက်ရပြီးနောက် စစ်ကောင်စီတပ်က သေနတ်ဖြင့် တရစပ်ပစ်ခတ်ကာ မြို့အနှံ့ ရှာဖွေစစ်ဆေးခဲ့သည်ဟု မြစ်သားမြို့ခံများက ဆိုသည်။ 

“ပေါက်ကွဲမှုဖြစ်တဲ့အချိန် အဲ့ဒီနားမှာ ဖြတ်သွားတဲ့သုံးယောက်လောက် ဖမ်းခံရတာ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ မြို့ခံအမျိုးသားက ဆိုသည်။ 

ပေါက်ကွဲမှုတွင် လူသေဆုံးမှုမရှိကြောင်းနှင့် အဆောက်အအုံအတွင်းပိုင်း ထိခိုက်မှုရှိမရှိကိုမူ မသိရှိကြောင်း ယင်းအမျိုးသားက ဆက်ပြောသည်။ 

မည်သူတို့ အဖမ်းခံရသည်၊ ရှာဖွေပစ်ခတ်မှုအတွင်း မည်သူတို့ ထိခိုက်ဒဏ်ရာရသည်ကို စုံစမ်း၍ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြစ်သားပြည်သူ့ကာကွယ်ရေးတပ် MPDF က ယင်းဗုံးပေါက်ကွဲမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း၊ ဒေသခံတို့ကို အမျိုးမျိုးအကြမ်းဖက်ဒုက္ခပေးနေသည့် စစ်ထောက်လှမ်းရေး ဗိုလ်ဇော်မျိုးထိုက်နှင့် ရဲသတင်းတပ်ဖွဲ့ ရဲအုပ်လွှမ်းမိုးတို့ကို သတိပေးခြင်းဖြစ်ကြောင်း ညတွင်းချင်း သတင်းထုတ်ပြန်ထားသည်။  

“လမ်းသွားလမ်းလာတွေ သူတို့မသင်္ကာရင် တားပြီး ဖမ်းတယ်။ ရုံးထဲမှာ တုတ်နဲ့ ရိုက်တယ်။ ဒိုက်ထိုးခိုင်းတာတွေ လုပ်တယ်။ ပြည်သူကို တော်တော်ဒုက္ခပေးနေတာမို့ ခြောက်လှန့်လိုက်တာ ဖြစ်တယ်”ဟု အဆိုပါ မြစ်သား PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မနေ့ညက တစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာတယ်။ ဘာမှမဆိုင်ဘဲ အဲဒီအနားမှာရှိနေတဲ့ ပြည်သူသုံးဦး ဖမ်းခံရတယ်။ ကျွန်တော်တို့ကြောင့် ခုလိုဖြစ်သွားတာတော့ စိတ်မကောင်းပါဘူး” 

မြစ်သား PDF သည် ဒေသတွင်း တခြားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားသည်ဟု ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button