
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာ၊ အနောက်ဘက်ယာတောတွင် အမျိုးသား ရုပ်အလောင်း ၇ လောင်းထက်မနည်း ယမန်နေ့ (ဇူလိုင် ၂၇) တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ရွာအနီး ဇူလိုင် ၂၆ ညနေပိုင်းက စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ခဲ့ရာ ရွာသားတချို့နှင့် PDF အဖွဲ့ဝင်တချို့ ပျောက်ဆုံးနေ၍ လိုက်လံရှာဖွေရာမှ ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တွေ့တာက ကျင်းထဲမှာ ၄ လောင်း၊ အပြင်မှာက ၃ လောင်း၊ (စုစုပေါင်း) ၇ လောင်း တွေ့တာ”ဟု ကိုယ်တိုင်ပါဝင်ရှာဖွေခဲ့သည့် ရွာသားတစ်ဦးက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်း၌ မြေကျင်းတစ်ခုကို တူးဖော်ခဲ့ရာ မြှုပ်နှံထားသည့် အလောင်း ၄ လောင်း၊ သစ်ပင်တွင် ကြိုးဖြင့် ချိတ်ဆွဲထားသည့် အလောင်းတစ်လောင်း၊ မြေပြင်တွင် လဲကျနေသော ရုပ်အလောင်းနှစ်လောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။
ဇီးပင်တွင်းရွာခံများနှင့် အနီးအနားရွာများမှ ဒေသခံများက မည်သည့်ရုပ်အလောင်း အရင်တွေ့ရှိခဲ့သည်ဆိုကိုမူ သေချာရှင်းလင်းစွာ မသိရပေ။
အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း ၂ ဦး၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁ ဦး၊ အသက် ၁၈ မှ ၃၀ ကြား ၄ ဦး၏ ရုပ်အလောင်းများဖြစ်ကြသည်ဟု ဆိုသည်။
ရုပ်အလောင်းအားလုံးတွင် တူညီသည့်အချက်မှာ ရိုက်နှက်၊ နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ဒဏ်ရာများရှိနေခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။
“တစ်ဦးကတော့ မျက်လုံးတောင် မပါတော့ဘူး။ မျက်လုံးနှစ်ဖက်လုံး မပါတော့ဘူး။ ကျန်တဲ့သူတွေကတော့ ပခုံးတွေ၊ မေးတွေမှာရော (သေနတ်ဒင်နဲ့ ထုထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေ) မြင်ရတယ်ဗျ။ ကျင်းထဲမှာတွေ့တဲ့ သူတွေကတော့ သေနတ် (မှန်တဲ့) ဒဏ်ရာတွေနဲ့ ” ဟု ရုပ်အလောင်းများတူးဖော်ရာတွင် ပါဝင်ခဲ့သူ အထက်ပါမျက်မြင်တွေ့သူက ဆိုသည်။
Myanmar Now က ရရှိထားသည့် ရုပ်အလောင်းတူးဖော်မှု မှတ်တမ်းဗီဒီယိုဖိုင်အရ လူငယ်ရုပ်အလောင်းတစ်လောင်းမှာ မျက်လုံးတစ်လုံးပေါက်ထွက်နေပြီး လက်နှစ်ဖက်ကို ပူး၍ ကြိုးတုပ်ထားသည်။
လက်ရှိတွင် ရုပ်အလောင်းများမြှုပ်နှံထားရာ ကျင်းတစ်ခုကိုသာ တူးဖော်နိုင်ခြင်းဖြစ်ပြီး မြေပြင်အနေအထားအရ နောက်ထပ် ၅ ကျင်းနီးပါး ကျန်ရှိနေသေးသည်ဟု ယူဆရသည့်အတွက် ရုပ်အလောင်းအရေအတွက် တိုးလာနိုင်ကြောင်း မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။
“ရုပ်အလောင်းတွေရဲ့အနီးအနားပတ်ဝန်းကျင်မှာ မြေမြှုပ်ထားတဲ့ပုံစံမျိုးတွေရှိနေတယ်လို့ သိရတယ်။ရုပ် အလောင်းတွေဖော်ရင် မိုင်းအန္တရာယ်ရှိနေတာမို့ ဖော်ဖို့မရဲသေးဘဲဖြစ်နေတယ်” ဟု ဒေသခံများကို ကိုးကားပြီး လုံခြုံရေးအရအမည်မဖော်လိုသည့် ကနီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ပြောသည်။
ထိုသို့နှိပ်စက်သတ်ဖြတ်ခံရပြီး တွေ့ရှိခဲ့သည့် ရုပ်အလောင်း ၇ လောင်းသည် တောထဲတွင် တိမ်းရှောင်နေသည့် အရပ်သားများနှင့် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံ ၃ ဦးက အခိုင်အမာပြောသည်။
အဆိုပါရုပ်အလောင်း ၇ လောင်း ထိုနေရာအနီး ယမန်နေ့ကပင် စုပေါင်းပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များမှာ ဇူလိုင် ၂၇ မနက်ကတည်းက ဇီးပင်တွင်းကျေးရွာအနီးမှ ဆုတ်ခွာသွားသော်လည်း အနီးတဝိုက်ကျေးရွာများတွင် တပ်ဖြန့်သွားလာလှုပ်ရှားနေဆဲဖြစ်သည့်အတွက် ရုပ်အလောင်းများ ဆက်လက်တူးဖော်ရေးနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များရှာဖွေစုံစမ်းရေးမှာ ခက်ခဲနေသည်ဟု ရွာသားများက ပြောသည်။
ဇီးပင်တွင်းကျေးရွာအနီး (ဇူလိုင်၂၆) တိုက်ပွဲတွင် ဒေသခံများနှင့်အတူ ပါဝင်ကူညီတိုက်ခိုက်ခဲ့သည့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MPDF) အဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။
“တစ်ယောက်လောက်ကပဲ တိုက်ပွဲတွင်းမှာ ကျဆုံးပြီးတော့ ကျန်တဲ့သူတွေကတော့ တိုက်ပွဲထဲမှာ ပေါင်မှန်တာတို့၊ လက်မှန်တာတို့၊ ထွက်ပြီးမပြေးနိုင်တော့တဲ့သူတွေ၊ အဲ့ဒီရဲဘော်တွေကို အနီးကပ်ပစ်သတ်ခံရတယ်လို့ ယူဆရတဲ့ ဓာတ်ပုံတွေရှိပါတယ်။ လောလောဆယ်တော့ မပြေးနိုင်ဘဲနဲ့ ဒဏ်ရာရတဲ့သူတွေကို စစ်တပ်က ပစ်သတ်သွားတယ်လို့ပဲ အကြမ်းဖျင်းကောက်ချက်ချပါတယ်”ဟု MPDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သေဆုံးသည့် MPDF အဖွဲ့ဝင်များမှာ လူငယ်များဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ဆယ်တန်းအောင်ထားသည့် လူငယ်တစ်ဦးလည်း ပါဝင်သည်။
“သူက ခြေထောက်တစ်ဖက် ပေါင်မှာတော့ ကျည်မှန်တယ်။ နောက်ထပ် ဘယ်ဘက်ခြေထောက်ကတော့ ရိုက်ချိုးခံထားရတယ်။ ရင်ဘတ်မှာတော့ စစ်ဖိနပ်နဲ့ ဆောင့်ကန်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ လက်ကတော့ ဓားနဲ့ မွှန်းခံထားရတာတွေ။ မျက်နှာကတော့ သေနတ်ဒင်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေရှိတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။
သေဆုံးခဲ့သည့် MPDF များ၏ အမည်ကို အဖွဲ့တွင်း မှတ်တမ်းတင်ထားပြီး လက်ရှိတွင် ထုတ်ဖော်ပြောလိုခြင်းမရှိဟု ဆိုသည်။
ဇူလိုင် ၂၆ တိုက်ပွဲနှင့် ပတ်သက်ပြီး MPDF အဖွဲ့ဝင်များ ဇီးပင်တွင်းရွာသို့အလာ လမ်းတစ်ဝက်တွင် စစ်တပ်၏ ကြားဖြတ်တိုက်ခိုက်မှုခံရပြီး လက်နက်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းထံမှ သိရသည်။
ဇီးပင်တွင်းရွာသို့ လာရောက်ကူညီတိုက်ခိုက်ပေးခဲ့သည့် အနီးအနားရွာမှ PDF တစ်ဦးသည်လည်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အခြားနေရာတစ်နေရာတွင် တွေ့ရ၍ ယမန်နေ့ညနေပိုင်း၌ ၎င်းတို့ရွာသို့ အလောင်းပြန်ယူခဲ့ပြီး သင်္ဂြိုဟ်ခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။

“ကျွန်တော့်အစ်ကိုအလောင်းက တောစပ်နားမှာ။ မပြေးနိုင်လို့ နားတဲ့အချိန်လောက်မှာ ဖမ်းလို့မိသွားတာ။ သူကလည်း သေနတ်ပစ်ခံရတယ်။ ခေါင်းတွေလည်း ကြေနေအောင် ထုထားခံရတယ်။ သူက ဒဏ်ရာရလို့ မပြေးနိုင်တာမဟုတ်ဘူး။ ဆေးလိပ်သောက်တော့ မောလို့မပြေးနိုင်တာ။ နားထင်ကို တေ့ထုထားတယ်။ ဒင်နဲ့ ရိုက်ထားတယ်။ ခေါင်းတွေက တခြမ်းလုံးအိထွက်နေတာ”ဟု အစ်ကိုရုပ်အလောင်း မျက်မြင်တွေ့ရသည့် အခြေအနေကို သူက ပြောပြသည်။
ဇီးပင်တွင်းရွာအနီး တွေ့ရှိရသည့် နှိပ်စက်သတ်ဖြတ်ခံထားရသူများ၏ ဖုန်း၊ သေနတ် စသည့် ပစ္စည်းများကိုလည်း စစ်တပ်က ယူဆောင်သွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ဇီးပင်တွင်းကျေးရွာ အနောက်ဘက်ယာတော၌ ၇ လောင်းနှင့် အခြားနေရာတွင် ရုပ်အလောင်းတစ်လောင်းထက်မနည်း တွေ့ရှိခဲ့ရမှုများရှိသောကြောင့် လတ်တလောမှာ ရုပ်အလောင်း ၈ လောင်းကိုသာ Myanmar Now က အတည်ပြုနိုင်သေးသည်။
အဆိုပါ ဇီးပင်တွင်းကျေးရွာအနီး နှိပ်စက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့ရှိမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်များသည် ကနီမြို့နယ်အတွင်း အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် အလားတူဖြစ်စဉ်မျိုး ဇူလိုင် ၉ တွင် ကျူးလွန်ခဲ့ကြသေးသည်။
ယခုလ ၉ ရက်က ကနီမြို့နယ်၊ ယင်းရွာတွင် စစ်တပ်ရန်ကို စိုးရိမ်သဖြင့် တောတောင်များထဲ တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ ၁၅ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်။
“အခုလိုမျိုးအစုလိုက်အပြုံလိုက် စစ်ရာဇဝတ်မှုကျူးလွန်ပြီး သတ်ဖြတ်ပစ်လိုက်တယ်ဆိုရင် တော်လှန်ရေးလုပ်နေတဲ့သူတွေ၊ ပြည်သူတွေ စိတ်ဓာတ်အင်အား လျော့ကျသွားမလားဆိုပြီး လုပ်တာလည်းဖြစ်နိုင်တယ်။ စစ်ကောင်စီရဲ့တပ်သည် စစ်တိုက်ချင်လို့မဟုတ်ဘူး။ စစ်ဆင်ရေးဆင်နွှဲပြီးတဲ့အခါမှာ ပြည်သူလူထုကို နှိပ်စက်ချင်လို့၊ ညှဉ်းပန်းချင်လို့ပဲ ဖြစ်နေတယ်” ဟု အထက်ပါ ကနီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဝေဖန်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့သည့် ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ပစ်မှတ်ထားပြီး ဧပြီလအတွင်းကတည်းက ဝင်ရောက်စီးနင်းနေရာ ဒေသခံများက တူမီးဖြင့် ပြန်ခုခံခဲ့ကြသည်။
ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်မှ ကျေးရွာများကို စစ်တပ်က မကြာခဏဝင်ရောက် မွှေနှောက်ရှာဖွေနေသည့်အတွက် ဒေသခံများမှာ ရွာတွင် အတည်တကျမနေနိုင်ဘဲ မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဇူလိုင် ၂၃ နှင့် ၂၄ တွင်လည်း ကနီမြို့နယ်တွင် မြစ်ကမ်းနံဘေးရှိ စားဖိုကြီး၊ နတ်ကြီး၊ ယင်းယိမ်၊ သစ်ခက် စသည့် ရွာများကို ချင်းတွင်းမြစ်အတွင်းမှနေ၍ စစ်ရေယာဉ် ၉ စီးက ပစ်ခတ်ခဲ့ရာ ကျေးရွာတချို့တွင် နေအိမ်များပျက်စီး၍ အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်တစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဇီးပင်တွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်များသည် အနီးအနားကျေးရွာများကို ထပ်မံရွှေ့ပြောင်းနေသည့်အတွက် လင်ပုန်းရည်၊ လယ်ရှည်၊ တွင်း၊ ဇီးပင်တွင်း၊ ချောင်းမ စသည့်ကျေးရွာ အုပ်စု ၅ခုမှ ဒေသခံထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများအရေး လိုက်လံကူညီပေးနေသူများက ဆိုသည်။