အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီတွင် စစ်တပ်က ဆက်ပစ်၊ ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦးဒဏ်ရာရ 

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်သဖြင့်​ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာအချို့တွင် နေအိမ်များပျက်စီးခဲ့ရသလို အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်နှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။

ချင်းတွင်းမြစ်အတွင်းမှ စစ်ရေယာဉ် ၉ စီးက ဇူလိုင် ၂၃၊ ၂၄ တွင် မြစ်ကမ်းနံဘေးရှိ စားဖိုကြီး၊ နတ်ကြီး၊ ယင်းယိမ်၊ သစ်ခက် စသည့် ရွာများကို ပစ်ခတ်ခဲ့ကြောင်း အထက်ပါ ဒေသခံတို့ထံမှ သိရသည်။

ကိုယ်ဝန်ဆောင်ဒဏ်ရာရခြင်းမှာ ယမန်နေ့(ဇူလိုင်၂၃)တွင် စစ်တပ်က ကမ်းပေါ်တက်၍ ပစ်ခတ်ခြင်းကြောင့်ဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် ကနီမြို့ခံ ပရဟိတသမားတစ်ဦးက ပြောသည်။

“စစ်တပ်က ကုန်းပေါ်တက်ပစ်တာ။ အဲ့ဒီမှာပြေးရင်းလွှားရင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ထိသွားတာ။ ကိုယ်ဝန်က ၇လရှိပြီ။ ခြေသလုံးပေါက်ထွက်ဒဏ်ရာရသွားတာ”ဟု ၎င်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် အဆိုပါ ကျေးရွာရှိ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်သုံးစီး မီးရှို့ဖျက်ဆီးခံရကြောင်း၊ ယင်းယိမ်ရွာရှိ နေအိမ်နှစ်လုံး၊ သစ်ခက်ရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ခဲ့ကြောင်း အထက်ပါ ပရဟိတသမားနှင့် အခြားဒေသခံတစ်ဦးတို့က အတည်ပြုသည်။

ယနေ့(ဇူလိုင် ၂၄) နံနက်ပိုင်း စစ်တပ်က ဝင်ပစ်သည့် နတ်ကြီးရွာတွင်မူ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရသလို ရွာအတွင်း လက်နက်ကြီးကျည် အလုံး ၂၀ ထက်မနည်း ကျရောက်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများကြောင်း ၎င်းတို့က ဆက်ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

“(အရင်တုန်းက) ချင်းတွင်းမြစ်ရဲ့ဝဲယာဘေးကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒါတွေကြောင့် ခုတစ်ခေါက်လည်း ထင်တဲ့နေရာတွေကို (စစ်တပ်က) ရမ်းသန်းပြီးတော့ ပစ်ခတ်လိုက်တာမျိုး၊ ဒီလိုမျိုးတွေ ပစ်လိုက်ခြင်းအားဖြင့် ပြည်သူတွေကြောက်ရွံ့ထိတ်လန့်မယ်၊ လမ်းကြောင်းရှင်းတဲ့ သဘောမျိုးဖြစ်မယ်။ ဒါလည်း စစ်ဆင်ရေးတစ်ရပ်ပဲလေ”ဟု ကနီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီတပ်၏ ထိုသို့ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်နံဘေး ကနီမြို့နယ်အတွင်းမှ ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများလိုအပ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်သုံးဦးက ပြောသည်။

ပစ်ခတ်မှုများနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဇူလိုင် ၁၁ ကလည်း ကနီမြို့နယ်ရှိ ယင်းရွာတွင် စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ထားသည့် ဒေသခံ ၁၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည့် မှတ်တမ်းများ Myanmar Now က ရရှိဖော်ပြဖူးသည်။

ဖေဖော်ဝါရီ ၁နောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းရာနေရာများဖြစ်သည့် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က ရက်စက်စွာဖြိုခွင်းရာ ဧပြီလဆန်းမှစ၍ ဒေသခံတို့က ရိုးရာလက်လုပ်တူမီးသေနတ်များသုံး၍ ခုခံခဲ့ကြသည်။

အခြားဒေသများတွင်လည်း စစ်ကောင်စီတပ်များက အရပ်သားများကို အဆက်မပြတ် ဖမ်းဆီး၊ သတ်ဖြတ်လျက်ရှိသည်။

ဒေသအသီးသီးမှ ပြည်သူတို့ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် စစ်ခေါင်းဆောင်သည် ပင်စင်ယူရတော့မည့်အချိန်တွင် အာဏာသိမ်းခြင်းဖြင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်လက်ချုပ်ကိုင်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button