
Teleneor ဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏ မြန်မာပြည်ရှိလုပ်ငန်းများကို ရောင်းချရာတွင် ၎င်း၏ ဆက်သွယ်ရေးကွန်ရက်ကို သုံးစွဲနေသူ မြန်မာပြည်ရှိ လူပေါင်း ၁၈ သန်း၏ ဖုန်းခေါ်ဆိုမှုဆိုင်ရာ အချက်အလက်များကိုပါ လွှဲပြောင်းသွားမည်ဖြစ်သောကြောင့် တက်ကြွလှုပ်ရှားသူများက စိုးရိမ်မကင်းဖြစ်နေကြသည်။
နော်ဝေနိုင်ငံပိုင် Telenor ၏ မြန်မာပြည်ရှိလုပ်ငန်းများကို ဝယ်ယူမည့်ကုမ္ပဏီမှာ လက်ဘနွန်နိုင်ငံအခြေစိုက် M1 Group ဖြစ်သည်။ ထိုကုမ္ပဏီသည် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီအား ဆက်သွယ်ရေးတာဝါတိုင်များ ငှားရမ်းအသုံးခွင့်ပေးနေသည့် Irrawaddy Green Towers ကုမ္ပဏီတွင်လည်း အစုရှယ်ယာဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းခံရသည်။
ထိုကဲ့သို့ စစ်တပ်နှင့် စီးပွားရေးအဆက်အနွယ်ရှိပြီးဖြစ်သော M1 Group အား တယ်လီနောအသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုဆိုင်ရာအချက်အလက်များအားလုံးကို လွှဲပြောင်းပေးမည်ဆိုခြင်းကြောင့် စိုးရိမ်မကင်းမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
တယ်လီနောသည် ၎င်း၏ မြန်မာပြည်လုပ်ငန်းများကို M1 Group အား ရောင်းချမည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ M1 Group သည် အာဏာရှင်အစိုးရများအုပ်ချုပ်သည့် ဆီးရီးယား၊ ဆူဒန်ကဲ့သို့သော နိုင်ငံများတွင် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည်။
“တယ်လီနောဟာ တယ်လီနောမြန်မာကို M1 Group ကို ရောင်းချမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ M1 Group ဟာ တယ်လီနောမြန်မာရဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီးတော့ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်”လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောကြားသည်။
“ဒီလို လက်လွှဲပေးရာမှာ တယ်လီနောမြန်မာရဲ့ ပိုင်ဆိုင်မှုတွေ၊ စက်ကိရိယာတွေ၊ စာချုပ်တွေ အားလုံးအပြင် သုံးစွဲတွေရဲ့ ဖုန်းခေါ်ဆိုမှုအချက်အလက်တွေကိုလည်း လိုင်စင်အရ လွှဲပြောင်းပေးခဲ့မှာ ဖြစ်ပါတယ်”
ဖုန်းခေါ်ဆိုမှုအချက်အလက်ဆိုသည်မှာ ဖုန်းခေါ်ဆိုခဲ့သည့် နေရာများ၏ အချက်အလက်များနှင့် ခေါ်ဆိုသည့် အချိန်များဖြစ်သည်။ ဖုန်းခေါ်ဆိုခဲ့သည့် နေရာများဆိုသည်မှာ သုံးစွဲသူတစ်ဦးသည် မည်သည့်ဖုန်းတာဝါတိုင်မှတစ်ဆင့် ခေါ်ဆိုသည်၊ မည်သည့်နေရာမှ မည်သည့်နေရာကို ခေါ်ယူသည်ဆိုသည်များ ပါဝင်မည်ဖြစ်ကာ၊ သို့ရာတွင် ဖုန်းပြောဆိုထားသည့် အကြောင်းအရာများ၊ SMS စာတိုများနဲ့ အီးမေးလ်များ ပါဝင်မှာ မဟုတ်ဘူးလို့ Telenor ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ယခုလွှဲပြောင်းပေးမည့် အချက်အလက်များ စစ်ကောင်စီလက်ထဲ ရောက်သွားမည်ဆိုပါက အလွန်အန္တရာယ်ရှိကြောင်း ဝေဖန်ထောက်ပြသည်။
“ဘယ်သူ့ကို ဘယ်နေရာက ခေါ်နေတယ်ဆိုတာ သိတာနဲ့တင် တော်တော်အရေးကြီးတဲ့ အချက်အလက်ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်” လို့ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Privacy International အဖွဲ့၏ မူဝါဒ ညွှန်ကြားရေးမှူးဖြစ်သည့် Lucy Purdon က Myanmar Now ကို ပြောကြားသည်။
“မြန်မာပြည်က တယ်လီဖုန်းအသုံးပြုသူတွေဟာ SIM ကတ်များကို မှတ်ပုံတင်တဲ့အခါ မိမိတို့ရဲ့ လိပ်စာတွေနဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်တွေကို ပေးကြရပါတယ်။ ဒါဟာ အာဏာပိုင်တွေလက်ထဲရောက်သွားရင် လူတွေကို တော်တော်အခက်တွေ့စေမှာပါ” လို့ ၎င်းက ဆိုသည်။
စစ်ကောင်စီမှ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံလုံးကျွတ် ဆန့်ကျင်ဆန္ဒပြကြသူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့ ပြုလုပ်သည့်အတွက် ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူအများအပြား ပုန်းခိုနေကြရသည်။ တယ်လီနောက အခုလို အချက်အလက်တွေပါ လွှဲပြောင်းရောင်းချလိုက်တော့မည်ဖြစ်သောကြောင့် လုံခြုံရေးဆိုင်ရာအခြေအနေများ ပိုဆိုးလာမှာကို ကြောက်ရွံ့နေကြသူတွေရှိသည်။
“စစ်တပ်က နေရာသာသိသွားရင် ဖမ်းဖို့လွယ်သွားပြီလေ” လို့ လက်ရှိ ပုန်းကွယ်နေရသည့် တယ်လီနောအသုံးပြုသူ တက်ကြွလှုပ်ရှားသူတစ်ဦးမှ Myanmar Now ကို ဆိုသည်။ “ကျွန်တော့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေရော၊ အဖွဲ့အစည်းဆိုင်ရာ အချက်အလက်တွေပါ ဒီလို ရောင်းတဲ့ထဲ ပါသွားပြီလေ၊ ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့သူတွေအတွက်ပါ အန္တရာယ်ရှိတာပေါ့။”
စစ်ကောင်စီသည် ဆက်သွယ်ရေးကုမ္ပဏီများ၏ အရာရှိကြီးများကို “အထူးခွင့်ပြုချက်” မပါဘဲ မြန်မာနိုင်ငံမှ ထွက်ခွင့်မရှိကြောင်း ကြေညာထားသည့်အပြင် စစ်ကောင်စီမှ တယ်လီဖုန်းသုံးစွဲသူများအား ဆက်သွယ်ရေးလုပ်ငန်းများမှတစ်ဆင့် အီလက်ထရောနစ်နည်းအရ စောင့်ကြည့်နိုင်စေဖို့ နည်းပညာတွေ ထည့်သွင်းတပ်ဆင်ဖို့ကိုလည်း ကုမ္ပဏီတွေကို ဖိအားပေးထားကြောင်း Reuters သတင်းဌာနက ဇူလိုင်လအစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ထိုသတင်းကို Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။
ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည့် တယ်လီနောထုတ်ပြန်ချက်အရ M1 Group အား မြန်မာပြည်ရှိလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၁၀၅သန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ၎င်းပမာဏအနက် ဒေါ်လာ ၅၅ သန်းကိုတော့ ငါးနှစ်ကြာ အရစ်ကျပေးသွားမည်ဟုဆိုသည်။
ထိုကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်း ၄၆၄ ဖွဲ့က တယ်လီနောအမှုဆောင်အရာရှိချုပ် Sigve Brekke နှင့် နော်ဝေနိုင်ငံဝန်ကြီးချုပ် Erna Solberg တို့ထံကို မကြာသေးမီက အိတ်ဖွင့်ပေးစာပေးပြီး ထိုရောင်းချမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့သည်။

တယ်လီနောမြန်မာ အသုံးပြုသူများ၏ ပုဂ္ဂလိကလုံခြုံမှု
ယခုကဲ့သို့ရောင်းချမှုတွင် ကိုယ်ရေးအချက်အလက်များလွှဲပြောင်းပေးခြင်းသည် ဥရောပတိုက်၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ စည်းကမ်းများဖြင့် “ငြိစွန်း” နိုင်တယ်လို့ နော်ဝေနိုင်ငံ ကိုယ်ရေးအချက်အလက်လုံခြုံမှုဥပဒေ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
တယ်လီနောမြန်မာသည် တယ်လီနောကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲဖြစ်ပြီး၊ တယ်လီနောမြန်မာ၏ တရားဝင်ပိုင်ဆိုင်မှုကိုမူ စင်ကာပူနိုင်ငံကုမ္ပဏီတစ်ခုတွင် ထိန်းချုပ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ကုမ္ပဏီများမှတ်ပုံတင်ဌာနမှတ်တမ်းများတွင် တယ်လီနောမြန်မာ၏ ပင်မကုမ္ပဏီမှာ နော်ဝေနိုင်ငံတွင်ရှိသည့် Telenor ASA ဟု ဖော်ပြထားသည်။
ဥရောပသမဂ္ဂ၏ General Data Protection Regulation ဟုခေါ်သော အထွေထွေအချက်အလက်ကာကွယ်ရေးစည်းမျဉ်းများ (GDPR) သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အိုင်စလန်၊ လိုင်ချင်စတန်နှင့် နော်ဝေနိုင်ငံများပါဝင်သော စီးပွားရေးနယ်နိမိတ်အပေါ် သက်ရောက်မှုရှိသည့်အတွက် နော်ဝေနိုင်ငံဥပဒေများတွင်လည်း အကျုံးဝင်အောင် ထည့်သွင်းရေးဆွဲထားသည်။
GDPR သည် ကိုယ်ရေးအချက်အလက် “စီမံခန့်ခွဲသူများ” နှင့် “ထိန်းချုပ်ထားသူများ” အတွက် စည်းကမ်းသတ်မှတ်ပေးထားခြင်းဖြစ်ပြီး “အချက်အလက်ပိုင်ရှင်များ” ၏ အခွင့်အရေးများကို သတ်မှတ်ပေးခြင်းဖြစ်သည်။ ထိုအခွင့်အရေးများတွင် တစ်စုံတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များကို ကာယကံရှင်အား အသိပေးပြီးမှ ရယူခြင်းနှင့် အဆိုပါအချက်အလက်များကို မည်သည့်နေရာတွင် အသုံးပြုမည်ကို အသိပေးခြင်းတို့ ပါဝင်သည့်အပြင်၊ မိမိ ကိုယ်ရေးအချက်အလက်ကို မိမိ အသုံးပြုနိုင်ခွင့်၊ မိမိ ကိုယ်ရေးအချက်အလက်များကို ဖျက်ဆီးပိုင်ခွင့်နှင့် မိမိ ကိုယ်ရေးအချက်အလက်များအား အသုံးပြုမှုကို ကန့်ကွက်ပိုင်ခွင့်တို့လည်း ပါဝင်သည်။
ဥရောပအချက်အလက်ကာကွယ်ရေးဘုတ်အဖွဲ့မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်အရ GDPR သည် ဥရောပသမဂ္ဂအတွင်းမှာရှိသည့် အချက်အလက်စီမံခန့်ခွဲသူများနှင့် ထိန်းချုပ်ထားသူများအပေါ် သက်ရောက်မှုရှိကာ အချက်အလက်ပိုင်ရှင်များသည် ဥရောပသမဂ္ဂအတွင်း ရှိရန် မလိုပေ။
ဥပမာအားဖြင့် မြောက်အာဖရိကရှိ အသုံးပြုသူများအတွက် ပြင်သစ်ကုမ္ပဏီတစ်ခုမှ သီးသန့်ရေးဆွဲပေးထားသည့်Application တစ်ခုရှိသည်။ ထိုအခြေအနေမျိုးတွင် အသုံးပြုသူများသည် မြောက်အာဖရိကမှာ ရှိနေသော်လည်း ၎င်းတို့၏ အချက်အလက်များကို ပြင်သစ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲတာဖြစ်သည့်အတွက် GDPR သည် မြောက်အာဖရိကအသုံးပြုသူများအတွက် အကျုံးဝင်သည်။
GDPR အကျုံးဝင်စေရန်အလို့ငှာ အချက်အလက်စီမံခန့်ခွဲခြင်းကို GDPR စည်းမျဉ်း အပိုဒ် ၃၊ ပုဒ်ခွဲ (၁) အရ ကုမ္ပဏီတစ်ခု၏ “လုပ်ငန်းဆောင်တာ အခြေအနေများအလိုက်” ပြုလုပ်ရမှာဖြစ်သည်။ ဆိုလိုသည်မှာ ဥရောပမှာရှိသည့် ကုမ္ပဏီနှင့် ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲခြင်းတို့ကြားဝယ် အချိတ်အဆက်ရှိရမည်ဖြစ်သည်။
ထိုအချက်များထောက်ရှုပါက GDPR သည် တယ်လီနောမြန်မာအတွက် အကျုံးဝင်ကြောင်း နော်ဝေနိုင်ငံ ကိုယ်ရေးအချက်အလက်လုံခြုံရေးဥပဒေကျွမ်းကျင်သူတစ်ဦးက Myanmar Now ကို ပြောကြားသည်။
“စာရွက်ပေါ်မှာ ရေးထားတာတွေနဲ့ တိုက်စစ်ပြောရရင်တော့ တယ်လီနောဟာ GDPR ရဲ့ အပိုဒ် ၃ (၁) နဲ့ ငြိစွန်းနေပါတယ်။ မငြိစွန်းခဲ့ဘူးဆိုရင်တောင် မငြိကြောင်း ရှင်းပြဖို့ အခက်တွေ့နိုင်ပါတယ်” ၎င်းက ဆိုသည်။
အထက်ပါ အချက်အလက်လုံခြုံရေးကျွမ်းကျင်သူ၏ ပြောကြားချက်အရ GDPR အပိုဒ် ၃ (၁) ၏ ဝေါဟာရအတိအကျနှင့် အဆိုပါ စည်းမျဉ်းများကို ဥပဒေတစ်ခုအဖြစ် အသုံးပြုကာ ဥရောပရှိ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများအားကာကွယ်ရန်ဆိုသည့် သဘောတရားနှစ်ခုတို့ ဝိရောဓိဖြစ်မှုရှိဟု ဆိုသည်။
“GDPR ဟာ ဥရောပပြင်ပအထိ သက်ရောက်မှုရှိတယ်ဆိုတယ်လို့ ဆိုရာမှာ ကုမ္ပဏီတွေဟာ ဥရောပပြင်ပမှာ လုပ်ငန်းတွေသွားလုပ်ဆောင်ပြီး ဥရောပမှာရှိတဲ့သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို မလိမ့်တပတ်နယ်မြေခြားပြီး လုပ်ဆောင်နိုင်မယ့်အခြေအနေကို ဥရောသမဂ္ဂဥပဒေပြုအမတ်တွေက မလိုလားဘူး။ သူတို့ ဒီလိုစိုးရိမ်မှုရှိလို့ GDPR ဟာ ဥရောပပြင်ပအထိ သက်ရောက်တဲ့အခြေအနေအထိ အနက်တွေဖွင့်ထားရတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
M1 Group ကို ဒီလိုရောင်းချတာဟာ GDPR ကို ဖောက်ဖျက်ရာရောက်နိုင်သလောဟု တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးကို မေးမြန်းသည့်အခါတွင် ၎င်းက “တယ်လီနောပင်မကုမ္ပဏီဟာ တယ်လီနောမြန်မာအသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စီမံခန့်ခွဲမှုမရှိသလို၊ တယ်လီနောမြန်မာအသုံးပြုသူတွေရဲ့ ဖုန်းခေါ်ဆိုမှုအချက်အလက်များကိုလည်း စီမံခန့်ခွဲခြင်းမရှိပါဘူး” လို့ ဖြေကြားခဲ့သည်။
ကိုယ်ရေးအချက်အလက်လုံခြုံရေးကဏ္ဍကို အွန်လိုင်းတွင် တယ်လီနော၏ ရေးသားဖော်ပြချက်အရ “ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုနေသော သင်၏ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များအား မည်သည့်အတွက်ကြောင့် စိစစ်ရသည့်ဆိုသည့် အကြောင်းရင်းများနှင့် မည်သို့စိစစ်မည်ဆိုသည့်အချက်များအား တယ်လီနောက ဆုံးဖြတ်ချက်ပြုပါသည်။ ထို့အခြေအနေတွင် ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို ထိန်းချုပ်သူဟု ဥရောပသမဂ္ဂဥပဒေများတွင် ပြဋ္ဌာန်းထားပါသည်” ဟူ၍ ဖြစ်သည်။
သို့ရာတွင် နော်ဝေနိုင်ငံကိုယ်ရေးအချက်အလက်လုံခြုံရေးကျွမ်းကျင်သူကမူ မြန်မာရှိ ဆက်သွယ်ရေးအသုံးပြုသူများ၏ အချက်အလက်များကို တယ်လီနောမြန်မာကသာ ထိန်းချုပ် သို့မဟုတ် စီမံခန့်ခွဲသည်ဆိုသည့် အဆိုကို တယ်လီနောပင်မကုမ္ပဏီက သက်သေပြနိုင်ဖို့ရာ ခက်ခဲနိုင်ကြောင်း ဆိုသည်။
“ထိန်းချုပ်သူဆိုသည့် တာဝန်ကို များစွာသော ဥပဒေဆိုင်ရာအဖွဲ့အစည်းတွေကနေ ဝေမျှပြီး တာဝန်ယူနိုင်ပါတယ်။ တယ်လီနောရဲ့ နော်ဝေဌာနချုပ်ဟာ မြန်မာဌာနခွဲရဲ့ အချက်အလက်စီမံခန့်ခွဲမှုအပေါ်မှာ လွှမ်းမိုးမှုရှိနေနိုင်ပါတယ်။ ဒီတော့ ဒီဌာနချုပ်ဟာ မြန်မာဒေတာအချက်အလက်တွေကို ပူးပေါင်းထိန်းချုပ်သူတစ်ဦးဖြစ်သွားပါပြီ။ GDPR ရဲ့ အကျုံးဝင်မှုအရ ဥပဒေအရ မည်သို့ပင်သတ်မှတ်ထားစေကာမူ အမှန်တကယ် ဘယ်သူက အဓိကဆုံးဖြတ်နိုင်တဲ့အာဏာရှိသလဲဆိုတာသာ အရေးပါတာပါ” လို့ ကိုယ်ရေးအချက်အလက်လုံခြုံရေးကျွမ်းကျင်သူက ဆိုသည်။
အမည်မဖော်လိုသူ တယ်လီနောမြန်မာ၏ ထိပ်တန်းအရာရှိတစ်ဦးကလည်း Telenor Group သည် ကိုယ်ရေးအချက်အလက်ကိုင်တွယ်ခြင်းနှင့် ပတ်သက်ပြီး တယ်လီနောမြန်မာရဲ့ ဆုံးဖြတ်ချက်ချမှုများအပေါ်ကို သက်ရောက်မှုရှိကြောင်း ပြောကြားသည်။
“Telenor Group မှာ သူ့ရဲ့ လုပ်ငန်းတွေအားလုံးအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေရှိပါတယ်။ လူ့အခွင့်အရေးတွေကို လိုက်နာဖို့၊ အဂတိလိုက်စားမှုအပေါ် လုံးဝသည်းမခံဖို့နဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးအတွက် ကုလသမဂ္ဂလမ်းညွှန်စည်းကမ်းတွေကို လိုက်နာဖို့ စသည်ဖြင့်ပေါ့” လို့ ဆိုပါတယ်။ “ခင်ဗျားမေးခွန်းက တယ်လီနောမြန်မာရဲ့ အချက်အလက်လုံခြုံမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် Telenor Group က လွှမ်းမိုးမှုရှိလားဆိုရင် ဟုတ်တယ်လို့ပဲ ဖြေရမှာပါ” ဟု ၎င်းက ဆိုသည်။
တယ်လီနော၏ အင်တာနက်စာမျက်နှာတွင် “Group Privacy Policy” ဟူသည့် ကုမ္ပဏီအတိုင်ပင်ခံနှင့် အမှုဆောင်ဒုတိယဥက္ကဋ္ဌတို့ ကြီးကြပ်သော မူဝါဒတစ်ခုကို ဖော်ပြထားသည်။
ထိုမူဝါဒအရ Group Privacy အရာရှိသည် Telenor ကုမ္ပဏီ၏ နှစ်စဉ် ကိုယ်ရေးအချက်အလက်လုံခြုံရေးကိစ္စများ အကဲဖြတ်ရေး၊ ပုဂ္ဂလိကဆိုင်ရာအချက်အလက်များကို စိစစ်ရာတွင် ကုမ္ပဏီတစ်ခုလုံးကို ခြုံလွှမ်းသည့် ဌာနတွင်းသတ်မှတ်ချက်များ အကောင်အထည်ဖော်ရေးတို့တွင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။
ထို Group Privacy အရာရှိအဖြစ် တယ်လီနောတွင် အမှုထမ်းခဲ့ဖူးသူ Nicholai Kramer Pfeiffer က ၎င်း၏ LinkedIn အင်တာနက်အကောင့်တွင် “၎င်းသည် ဖြစ်လာနိုင်သည့် အခက်အခဲများနှင့် ဥပဒေဆိုင်ရာအကျုံးဝင်ရမည့်အခြေအနေများအပေါ် စောင့်ကြည့်လေ့လာကာ Telenor ၏ စီးပွားရေးအခန်းကဏ္ဍအသီးသီးအပေါ် မကြာခဏ စစ်ဆေးအကဲဖြတ်ရသည့်စနစ်ကို Telenor တွင် ကျင့်သုံးနိုင်အောင် အကောင်အထည်ဖော်ခဲ့သူ” ဟု ရေးသားဖော်ပြထားသည်။
မြန်မာပြည်ရှိသုံးစွဲသူများ၏ အချက်အလက်များအား တယ်လီနောကုမ္ပဏီအုပ်စုတစ်ခုလုံးအနေဖြင့် မည်သို့စီမံသည်ဆိုသည်ကို Telenor အား Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ချက်ချင်းတုံ့ပြန်မှုမရရှိခဲ့ပေ။
နော်ဝေနိုင်ငံ အချက်အလက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့အစည်းဟုခေါ်သည့် အချက်အလက်လုံခြုံမှုကို ထိန်းသိမ်းပေးသည့် အစိုးရနှင့် ကင်းလွတ်သည့် Norwegian Data Protection အဖွဲ့က တယ်လီနောမှ M1 သို့ ရောင်းချခြင်းအပေါ်ကို တရားဝင်စစ်ဆေးမှုမလုပ်ရသေးဘဲ မှတ်ချက်မပြုနိုင်သေးကြောင်း ဆိုသည်။
“အချက်အလက်လုံခြုံမှုဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပြီး ဒီအချက်ကို ကမ္ဘာတစ်ဝန်း ဥပဒေလွှမ်းမိုးမှုရှိသည့် နေရာအသီးသီးတွင် လေးစားလိုက်နာဖို့လိုတယ်လို့ ယုံကြည်ပါတယ်” ဟု ထိုအဖွဲ့၏ အပြည်ပြည်ဆိုင်ရာဥက္ကဋ္ဌဖြစ်သူ Tobias Judin က Myanmar Now ကို ပြောကြားသည်။
တယ်လီနောသည် တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုအဖြစ်အနေဖြင့် စီးပွားရေးနယ်ပယ်တွင် ဦးဆောင်နေသည့် လုပ်ငန်းတစ်ခုအဖြစ် ကျော်ကြားသည်။ မြန်မာနိုင်ငံတွင် ၎င်းသည် ရေရှည်တည်တံ့ခိုင်မြဲမှု အစီရင်ခံစာများကို မှန်မှန်ထုတ်ပြန်လေ့ရှိပြီး၊ အစိုးရအဖွဲ့များက ၎င်းထံပို့လာသော အင်တာနက်ကန့်သတ်မှုများနှင့် ပိတ်ဆို့မှုများလုပ်ရန် ညွှန်ကြားသည့် အမိန့်များအား ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်မှုကြောင့်လည်း ကျော်ကြားသည်။
“တယ်လီနောဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး မထိခိုက်အောင်လုပ်ဆောင်ဖို့ အမြဲတစေစောင့်ကြည့်နေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကြောင့် လူ့အခွင့်အရေးထိခိုက်မှုများကို အနည်းဆုံးဖြစ်အောင်လည်း အစွမ်းကုန်ကြိုးစားခဲ့ပါတယ်” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ဆိုသည်။
အချက်အလက်များကို မည်မျှကြာကြာ ထိန်းသိမ်းထားသည်ကို မေးမြန်းသည့်အခါတွင်မူ တယ်လီနောက ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဒီလို အချက်အလက်ထိန်းသိမ်းသည့်ကာလဆိုတာဟာ အသုံးပြုသူများအား အချက်အလက်များ ရယူထားကြောင်း အကြောင်းကြားရမည်ဟူသော စည်းကမ်းချက်နှင့် ပတ်သက်နေသည်။
“တယ်လီနောက ဒီလိုအချက်အလက်တွေကို မြန်မာနိုင်ငံ ဆက်သွယ်ရေးလိုင်စင်စည်းကမ်းများနဲ့အညီ သိမ်းထားပါတယ်” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တယ်လီနောဟာ M1 Group သို့ အချက်အလက်များလွှဲပြောင်းရာမှာ မြန်မာအသုံးပြုသူများထံမှ သဘောတူခွင့်ပြုချက်တောင်းမတောင်း မေးမြန်းသည့်အခါမှာလည်း ဖြေကြားခြင်းမရှိခဲ့ပါ။ ထိုအချက်မှာလည်း အသုံးပြုသူက မိမိတို့ ကိုယ်ရေးအချက်အလက်များကို ဖျက်ဆီးခွင့်၊ မိမိကိုယ်ရေးအချက်အလက်အား အသုံးပြုမှုကို ကန့်ကွက်ပိုင်ခွင့် စသည့်စည်းကမ်းချက်များနှင့် ဆက်စပ်နေသည်။
သို့ရာတွင် တယ်လီနောအမှုဆောင်အရာရှိချုပ် Sigve Brekkeက တယ်လီနောသည် မြန်မာအသုံးပြုသူများ၏ အချက်အလက်များကို ဖျက်ဆီးပစ်၍ မရကြောင်းနှင့် M1 Group ပိုင်ရှင်များဖြစ်သော Mikati မိသားစုက ထိုဖုန်းခေါ်ဆိုမှုဆိုင်ရာ အချက်အလက်များအား မည်သို့အသုံးပြုမည်ဆိုသည့်အပေါ်ကိုလည်း မှတ်ချက်မပေးလိုကြောင်း နော်ဝေနိုင်ငံပိုင် NRK မီဒီယာသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကတော့ တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက်များနှင့် နိုင်ငံများစွာပါဝင်သော လုပ်ငန်းများအတွက် OECD လမ်းညွှန်ချက်များကိုလိုက်နာသင့်ကြောင်း ထောက်ပြသည်။ ကိုယ်ရေးအချက်အလက်များလုံခြုံခွင့်သည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၁၂ တွင် ပြဋ္ဌာန်းထားသည်။ ထိုကြေညာချက်သည် လုပ်ငန်းများအနေနဲ့ အနည်းဆုံးလိုက်နာရမည့်တာဝန်၊ စည်းမျဉ်းများအဖြစ် ကုလသမဂ္ဂလမ်းညွှန်စည်းကမ်းများမှာ ထည့်သွင်းဖော်ပြထားသည့် စာတမ်းတစ်ခုဖြစ်သည်။
OECD လမ်းညွှန်ချက်များတွင် ကိုယ်ရေးအချက်အလက်များသည် စားသုံးသူ၊ အသုံးပြုသူများ၏ အခွင့်အရေးတစ်ခုဖြစ်ပြီး ထိုအချက်ကို ကုမ္ပဏီများက လေးစားလိုက်နာ ကာကွယ်ပေးသင့်ကြောင်း အကြံပြုဖော်ပြထားသည်။
“တယ်လီနောဟာ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့အနေနဲ့ အချက်အလက်လုံခြုံမှုနဲ့ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်တို့အပါအဝင် လူ့အခွင့်အရေးတွေအပေါ် မကောင်းသည့် အကျိုးသက်ရောက်မှုတွေ အနည်းဆုံးဖြစ်နိုင်ဖို့အတွက် ဒီလိုဖြစ်လာနိုင်သည့် ပြဿနာတွေအားလုံးကို အသိအမှတ်ပြုခြင်း၊ တာဝန်ယူခြင်းနဲ့ လိုအပ်တဲ့ကာကွယ်မှုများကို ပြုလုပ်ခြင်းတို့အတွက် တာဝန်ရှိပါတယ်” လို့ Privacy International ရဲ့ Lucy Purdon က Myanmar Now ကို ပြောကြားသည်။ “တယ်လီနောက သူ့ရဲ့လုပ်ငန်းတွေ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ညီမညီ လုပ်ကိုင်တဲ့အခါမှာ မြန်မာဘက်က ကုမ္ပဏီကိုရောင်းချခြင်းနဲ့ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းတို့ ပြုလုပ်ရာမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။”
Article 19 လို့ခေါ်သည့် သတင်းအချက်အလက်လွတ်လပ်မှုအတွက် တက်ကြွလှုပ်ရှားမှုအဖွဲ့တစ်ခု၏ အာရှအစီအစဉ်ဥက္ကဋ္ဌဖြစ်သူ Matthew Bugher ကလည်း တယ်လီနောသည် ၎င်း၏ ကုလသမဂ္ဂလမ်းညွှန်စည်းကမ်းတွေကို လိုက်နာမှုကို မကြာခဏထုတ်ဖော်ပြောဆိုခြင်းများရှိကြောင်း ဆိုသည်။ ထိုသို့ပြောဆိုထားသည့်အလျောက် ကုမ္ပဏီသည် တယ်လီနောမြန်မာရောင်းချမှုတွင် ဖြစ်ပေါ်နိုင်ခြေရှိသည့် ရိုက်ခတ်မှုများကို အသက်သာဆုံးဖြစ်ရန် စီမံထားသင့်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့မှာ တယ်လီနောရဲ့ M1 Group ကို ရောင်းချခြင်းနဲ့ ပတ်သက်ပြီး အချက်အလက် များများစားစားမရှိပါဘူး။ တယ်လီနောကနေ ရောင်းချမှုစာချုပ်ထဲမှာ လူ့အခွင့်အရေးကာကွယ်မှုတွေကို ထည့်သွင်းပေးထားဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒါပေမယ့်လည်း တယ်လီနောကပေးမယ့် အသုံးပြုသူတွေရဲ့ ဖုံးခေါ်ဆိုမှုအသေးစိတ်အချက် metadata တွေကို M1 Group က ဘယ်လိုအသုံးချမယ်ဆိုတဲ့အပေါ် ရှင်းရှင်းလင်းလင်းထုတ်ဖော်မပြောနိုင်တဲ့ အချက်ကလည်း စိုးရိမ်စရာကောင်းပါတယ်။ မြန်မာနိုင်ငံက လုပ်ငန်းလုပ်ဆောင်စဉ်မှာ အသုံးပြုသူတွေရဲ့ လူ့အခွင့်အရေးတွေကို မကာကွယ်ပေးနိုင်တော့ဘူးလို့ တယ်လီနောကို ယူဆသွားစေတဲ့ အကြောင်းရင်းတွေ M1 Group အပေါ် ဖိအားတွေ ဖြစ်ပေါ်လာပါလိမ့်မယ်” လို့ Bugher မှ ဆိုပါတယ်။
Myanmar Now က M1 Group ၏ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာမှု၊ ကိုယ်ရေးအချက်အလက်များအား စီမံထိန်းချုပ်မှု၊ မည်သည့်အခြေအနေများတွင် ဖုန်းအသုံးပြုသူအချက်အလက်များကို စစ်ကောင်စီအား ဝေမျှပေးအပ်မည်ဟူသောအချက်နှင့် ၎င်းတို့လုပ်ငန်းအဖွဲ့နှင့် စစ်တပ်များ၊ အာဏာရှင်အုပ်ချုပ်သော နိုင်ငံများဖြစ်သည့် ဆီးရီးယားနှင့် ဆူဒန်နိုင်ငံရှိ အစိုးရများအကြား စီးပွားရေးအချိတ်အဆက်များရှိနေခြင်း စသည်တို့အပေါ် မေးခွန်းထုတ်ထားသော်လည်း M1 က ထိုမေးမြန်းချက်များကို ချက်ချင်း ဖြေကြားမှတ်ချက်ပြုခြင်း မရှိခဲ့ပါ။
တယ်လီနောက ၎င်းသည် တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်ကြောင့်သာ ၎င်း၏ မြန်မာကုမ္ပဏီကို ရောင်းချရခြင်းဖြစ်ကြောင်း စောဒကပြုသည်။ “ဒီဆုံးဖြတ်ချက်ဟာ ဒီအခြေအနေအတွက် အကောင်းဆုံးဖြေရှင်းနည်း” ဖြစ်ကြောင်း တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဆိုသည်။
“မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းဟာ လွယ်ကူသည့် ဆုံးဖြတ်ချက်မဟုတ်ခဲ့ပေမဲ့ ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများ၊ မူဝါဒများ၊ နိုင်ငံတကာဥပဒေများကို အဆုံးစွန်အထိ လိုက်နာသွားမယ်ဆိုတာကို သက်သေပြခဲ့ခြင်းပဲ ဖြစ်ပါတယ်” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အခုလို ရောင်းချဖို့ ဆုံးဖြတ်တဲ့အခါမှာ အချက်အလက်လုံခြုံမှုအပါအဝင် လူ့အခွင့်အရေးအပေါ်သက်ရောက်မှုတွေအားလုံးကို အဓိကထား စဉ်းစားခဲ့ပါတယ်” ဟုလည်း ဆိုသည်။
Chris Sidoti သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေမှုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပြုကောင်စီ၏ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ ၎င်းက တယ်လီနောအနေဖြင့် မြန်မာရှိလုပ်ငန်းများကို M1 ကို မရောင်းချသင့်ဘူးလို့ ယုံကြည်ကြောင်း ဆိုသည်။
“ဒါဟာ တယ်လီနောရဲ့ ကိုယ့်ဟာကိုယ် ရွေးချယ်ခဲ့သည့် လမ်းဖြစ်ပြီးတော့ ထိခိုက်မှုအနည်းဆုံးရှိတဲ့ နည်းနဲ့ မြန်မာနိုင်ငံက ထွက်ခွာနိုင်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်” လို့ Myanmar Now ကို ပြောကြားသည်။
“လတ်တလောအတွက်ကတော့ အခြေအနေတွေဆိုးနေပေမယ့် မြန်မာနိုင်ငံမှာ တတ်နိုင်သလောက်ဆက်နေပြီး အတတ်နိုင်ဆုံး အမြင့်ဆုံးသိက္ခာတရားနဲ့ ဆက်လက်လည်ပတ်ဖို့ ကြိုးစားသင့်တယ်။ သင့်လျော်တဲ့ အခြေအနေရောက်ပြီးတော့လူအများကြီးကို အန္တရာယ်မရှိစေနိုင်တော့တဲ့ အခြေအနေကနေ ထွက်နိုင်ဖို့ နည်းလမ်းရှာတွေ့မှသာ ထွက်သင့်ပါတယ်။”

ပေယျာလကန်ပြုခံရသူများ
မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများနဲ့ စာနယ်ဇင်းသမားများဟာ အခုဆိုရင် သူတို့ပြောဆိုခဲ့သမျှ စစ်ကောင်စီလက်ထဲ အချက်အလက်တွေအားလုံး ရောက်တော့မယ့်သဖွယ် ခံစားနေရပါပြီ။
ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်လုံခြုံရေးကို အကာအကွယ်ပေးထားသည့် ၂၀၁၇ ဥပဒေပါ အချက်တွေကို ဖျက်သိမ်းခဲ့သည်။
မတ်လမှာ ထုတ်ဝေခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကောင်စီနှင့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့အစည်း HRW က ထုတ်ပြန်ခဲ့သည့် ပူးတွဲထုတ်ပြန်ချက်တစ်ခုအရ စစ်ကောင်စီသည် “ဝရမ်းမပါဘဲ ရှာဖွေခံရခြင်း၊စောင့်ကြည့်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့မှ လွတ်မြောက်နိုင်ခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးတွေကို ရုပ်သိမ်းခဲ့ပါသည်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီမှ မည်သည့်တယ်လီနောသုံးသူစွဲသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို ယခုအချိန်တွင် ရရှိထားပြီးဟုတ်မဟုတ် အတိတကျ မသိရသေးပေ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီမှ တယ်လီနောအား ၎င်း၏ဝန်ဆောင်မှု သုံးစွဲသူများ၏ နေရာဒေသဆိုင်ရာအချက်အလက်များကို တောင်းဆိုမှုရှိမရှိ Myanmar Now က မေးမြန်းခဲ့ပါသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဆောင်ရာမှာ အတတ်နိုင်ဆုံး ပွင့်လင်းစွာပဲ လုပ်ဆောင်ချင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေအရ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ လုံခြုံဘေးကင်းမှုအတွက် အာဏာပိုင်တွေဆီက လမ်းညွှန်ချက်တွေအပေါ်တော့ မှတ်ချက်မပြုနိုင်သေးပါ” လို့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ဖြေကြားခဲ့သည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး M1 Group သို့ ရောင်းချခြင်းကို ဆန့်ကျင်တားဆီးဖို့ ကြိုးစားနေသူ တယ်လီနောအသုံးပြုသူတစ်ဦးဖြစ်သူ ကိုရဲကတော့ အခုဆိုရင် M1 Group ကို လွှဲပေးလိုက်မှာဖြစ်သည့်အတွက် စစ်ကောင်စီက ၎င်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုလွယ်လွယ်ရရှိသွားမှာကို စိုးရိမ်နေရကြောင်း Myanmar Now ကို ပြောကြားသည်။
“တယ်လီနောရဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုသူတစ်ဦးအနေနဲ့ ကျွန်တော့်ဘဝ အစိတ်အပိုင်းများစွာနဲ့ ပတ်သက်သည့် အချက်အလက်များစွာဟာ တယ်လီနောဆီမှာ ရှိနေပါတယ်။ ကျွန်တော့်အချက်အလက်တွေကို ကျွန်တော်မယုံကြည်တဲ့ M1 Group ကို လွှဲပြောင်းဖို့ ကျွန်တော့်အနေနဲ့ ခွင့်ပြုချက်မပေးနိုင်ပါဘူး” ဟု ကိုရဲက ဆိုသည်။