
ရန်ကုန်၊ ဥက္ကံ – ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်း ဥက္ကံမြို့နယ်ထဲက ချောင်းစောက်နဲ့ကျောက်ပြင်သာရွာနှစ်ရွာကြားမှာ စီးဆင်းနေတဲ့ ဆားငန်ချောင်းထဲ အရေပြားခွာခံထားရတဲ့ တောဆင်ရိုင်းကိုယ်လုံးတစ်ခု၊ နှာမောင်းမရှိတော့တဲ့ ဦးခေါင်းပြတ်တစ်ခု မျောပါလာရာမှာ အနီးအနားက ဒေသခံတွေ ထိတ်လန့်တကြားဖြစ်ခဲ့ရပါတယ်။
ဆင်မုဆိုးတွေ ပဲခူးရိုးမထဲ တောလိုက်နယ်မြေ ချဲ့ထွင်လာခဲ့ကြရာကနေ အလွန်အေးချမ်းတဲ့ ဒေသတစ်ခုမှာ အခုလို မြင်ကွင်းမျိုးတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။
ဆင်မုဆိုးတွေဟာ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့တယ်လို့ လက်ရှိ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။
“သူတို့တွေ(ဆင်မုဆိုး) ကျွန်တော်တို့ရွာနားကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလလောက်ကတည်းက စတင် စတည်းချတာ။ စရောက်တုန်းကတော့ လိပ်ပြာဥတို့ ဘာတို့ လာရှာသလိုလိုနဲ့ ကျွန်တော်တို့ရွာနဲ့ ၃ မိုင် လောက် ဝေးတဲ့ ပဲခူးရိုးမအစပ်က လယ်ကွင်းထဲမှာ တဲထိုးနေကြတာ” လို့ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်ဝင်းက ဆိုပါတယ်။
“အခု အဖမ်းခံနေကြရတဲ့သူတွေဟာ တောဆင်ရိုင်းတွေကို ပစ်ခတ်တဲ့ မုဆိုးတွေ မဟုတ်ဘူး။ မုဆိုးတွေကို ရိက္ခာ ထောက်ပံ့ပေးတဲ့သူ၊ လမ်းပြပေးတဲ့သူ၊ သယ်ယူပို့ဆောင်ပေးတဲ့သူတွေ ဖြစ်ဖို့များပါတယ်”
မြန်မာနိုင်ငံအတွင်း တောရိုင်းဆင်တွေကို တရားမဝင် သတ်ဖြတ်ကုန်သွယ်နေမှုတွေမှာ အဓိကပုဂ္ဂိုလ်တွေဟာ နောက်ကွယ်တွေမှာသာ ရှိနေပြီး ဆင်သတ် မုဆိုးတွေ၊ ပါဝင်ပတ်သက်တဲ့ ဒေသခံတွေဟာ စားဝတ်နေရေး ခက်ခဲလို့သာ ကျူးလွန်ကြတာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး တစ်ယောက်ဖြစ်တဲ့ ဒေါက်တာနိုင်ဇော်ထွန်းက Myanmar Now ကို ပြောပါတယ်။
တောဆင်ရိုင်း သတ်ဖြတ်မှုဖြစ်စဉ်တွေမှာ လွတ်မြောက်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ သစ်တောဦးစီးဌာနရဲ့ အင်အားတစ်ခုတည်းနဲ့ မလုံလောက်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးက ဆိုပါတယ်။
ဥက္ကံရဲစခန်းမှူး ရဲအုပ် သန်းနိုင်က ဒီဒေသမှာ တောဆင်ရိုင်းကို ပစ်ခတ်တဲ့ မုဆိုး ၂ ဦး အပါအဝင် ၁၁ ဦး လွတ်နေတယ်၊ ဆင်မုဆိုးအဖွဲ့ဝင်တွေလို့ ယူဆရသူ ၉ ဦးကို ဖမ်းဆီးရမိထားတယ်၊ အဲဒီထဲမှာ ချောင်းစောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းလည်း ပါဝင်တယ် လို့ ပြောပါတယ်။
“ဘယ်သူဟာ ဘယ်အခန်းကဏ္ဍမှာ ပါတဲ့သူဆိုတာကို အတိအကျပြောလို့ မရသေးဘူး။ အခု ဖမ်းဆီးခံရတဲ့သူတွေမှာလည်း ဝန်ခံတဲ့သူရှိသလို ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဝန်မခံတဲ့သူလည်း ပါကောင်းပါမှာပဲ” လို့ ရဲအုပ်က ဆိုပါတယ်။
ဆင်သတ်မှုကို ဥက္ကံရဲစခန်းမှာ သားရိုင်းတိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇ (က) နဲ့ အမှု ဖွင့်ထားတယ် လို့ ရဲအုပ်က ပြောပါတယ်။ ဒီပုဒ်မဟာ ဒဏ်ငွေ ကျပ် ၅ သောင်း ကနေ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်တဲ့ ပုဒ်မပါ။

တောဆင်ရိုင်းများ သတ်ဖြတ်မှု
မြန်မာနိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး မျိုးစိတ် ၂၃၃ မျိုး ကျက်စား နေထိုင်တဲ့ ဂေဟစနစ်များ၊ နေရင်းဒေသများ ရှိနေတယ်၊ အဲဒီထဲမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် ၃၇ မျိုး၊ မျိုးသုဉ်းဖို့ အန္တရာယ်ရှိတဲ့ မျိုးစိတ် ၆၅ မျိုး ပါဝင်နေတယ်၊ မျိုးစိတ် ကြွယ်ဝတဲ့ ဒီနိုင်ငံမှာ မြေနိမ့်အပူပိုင်းသစ်တောတွေ၊ ဒီရေရောက်သစ်တောတွေလို ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရတဲ့ ဂေဟစနစ်တွေ ရှိတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ) Wildlife Conversation Society – WCS ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံမြေပြင်ဧရိယာရဲ့ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိတဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၆ ခု ရှိတယ်၊ ဒါတွေကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နိုင်ငံတော် ဘဏ္ဍာငွေရဲ့ ဝ ဒသမ ၂ ရာခိုင်နှုန်းမျှသာ သုံးနေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။
၂ဝ၁၆ ခုနှစ်အတွင်း တောဆင်ရိုင်း သတ်ဖြတ်မှုအတွက် ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၉ မှု အထိ ရှိပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်၊ ဆင်ရဲ့ အစွယ်၊ အစိတ်အပိုင်းတွေကို သယ်ဆောင်တာ၊ လက်ဝယ်ထားရှိတဲ့ အမှု ၄ ခု ရှိပြီး ၅ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး တစ်ယောက်ဖြစ်တဲ့ ဒေါက်တာနိုင်ဇော်ထွန်းဆီက ရရှိတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
၂ဝ၁၁ ကနေ ၂ဝ၁၅ အတွင်း တောဆင်ရိုင်းသတ်ဖြတ်မှု၊ အစိတ်အပိုင်းတွေကို သယ်ယူမှု၊ လက်ဝယ်ထားရှိမှုပေါင်း ၂၂ မှု ရှိခဲ့တယ်လို့ အဲဒီ မှတ်တမ်းတွေက ဆိုပါတယ်။
၁၉၉၄ မှာ ပြဋ္ဌာန်းခဲ့တဲ့ သားရိုင်းတိရ စ္ဆာန်များနဲ့ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပါ ငွေဒဏ်၊ ထောင်ဒဏ်တွေဟာ ခေတ်စနစ်နဲ့ လျော်ညီခြင်း မရှိတော့တဲ့အတွက် နိုင်ငံတကာကပါ လက်ခံနိုင်အောင် ပြင်ဆင်ပြီး အဲဒီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် တင်ပြထားတယ်လို့ ဒေါက်တာနိုင်ဇော်ထွန်းက Myanmar Now ကို ပြောပါတယ်။
မြန်မာပြည်မှာ တောဆင် အရေအတွက် ၂,ဝဝဝ ကနေ ၃,ဝဝဝ ကြားမှာ ရှိတယ်လို့ ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တောဆင်ရိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်တဲ့ ပညာရှင်တွေ၊ ဌာနဆိုင်ရာတွေက ခန့်မှန်းကြပေမယ့် သေသေချာချာ စာရင်းကောက်ယူနိုင်ခြင်း မရှိနိုင်သေးဘူးလို့ သစ်တောဌာန အရာရှိဟောင်း WCS ရဲ့ မြန်မာနိုင်ငံတာဝန်ခံ တောဆင်ရိုင်းကျွမ်းကျင်ပညာရှင် ဦးစောထူးသာဖိုးက ဆိုပါတယ်။
“အခုဆို မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အထီးတွေ သိပ်မကျန်တော့ဘူး။ အမတွေပဲ များနေပြီ” လို့ ဦးစောထူးသာဖိုးက ပြောပါတယ်။
“ဟိုတုန်းကတော့ ဆင်စွယ်ကို အဓိက လိုက်ကြတာ။ အခုနောက်ပိုင်းတော့ အရေပြား၊ နှာမောင်း၊ ခွာ၊ အသား၊ ဆင်အံ၊ ဆင်သို (ဆင်အထီးလိင်အင်္ဂါ) တို့အထိ ကုန်သွယ် နေကြပြီ။ ရှမ်းပြည်နယ်၊ မိုင်းလားဒေသမှာဆို ဆင်သားရေအခြောက် ပုတီးလုံးအထိ လုပ်လာကြပြီ”
မိရိုးဖလာ တိုင်းရင်းဆေးတချို့မှာဆိုရင်လည်း ဆင်သားရေကို ပြာချပြီး နှမ်းဆီနဲ့ ရောကာ နှင်းခူနာများကို လိမ်းကြသလို ဆင်အံကို သွေးပြီး မျက်နှာအသားလှအောင်၊ ပွေး၊ ညှင်းတို့လို အရေပြားရောဂါ တွေအတွက် အသုံးပြုကြတာလည်း ရှိတယ်လို့ သူက ဆက်ပြီး ရှင်းပြပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ ဆင်စွယ်ရောင်းဝယ်မှုကို ပိတ်ဆို့တဲ့ ဥပဒေပြဋ္ဌာန်းလိုက်တာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေ အလွန်သတိထားရတော့မယ်၊ မြန်မာနိုင်ငံလို ဥပဒေစိုးမိုးမှု အားနည်းနေတဲ့ နိုင်ငံတွေအနေနဲ့ ဆင်စွယ်နဲ့ ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အများအပြား တရားမဝင်ရောင်းချနေတဲ့ စျေးကွက်ကြီး ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ဖို့ မလွယ်ကူသေးဘူးလို့ လန်ဒန်အခြေစိုက် သားရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ်ထိန်းသိမ်းရေးအဖွဲ့ (TRAFFIC) ရဲ့ အကြီးတန်း ဆက်သွယ်ရေး အရာရှိ အဲလိဇဘက်ဂျွန်က Myanmar Now ကို အီးမေးလ်နဲ့ ပြောပါတယ်။
“မှောင်ခိုသမားတွေအနေနဲ့ တားဆီးပိတ်ဆို့မှု အနည်းဆုံးလမ်းကြောင်းတွေကို ရွေးချယ်မှု တိုးမြှင့်လာတယ်။ စစ်ဆေးရေး ဂိတ်တွေကို ရှောင်ဖို့ နည်းလမ်းအသစ်တွေ၊ လမ်းကြောင်းအသစ်တွေကို ရွေးချယ်ကြသလို တခြားနိုင်ငံတွေကိုလည်း စျေး ကွက်အသစ်တွေ ချဲ့ထွင်ကြမှာပါ။ ဒါ့ကြောင့် အရှေ့တောင်အာရှက နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ နဲ့ သတိပိုမိုထားကြဖို့ လိုအပ်နေပါပြီ” လို့ သူက ဆိုပါတယ်။

ကာကွယ်တားဆီးရေး
အစိုးရသစ်အနေနဲ့ တောဆင်ရိုင်းထွက်ကုန်တွေကို စျေးကွက်မရောက်အောင် တားဆီးတာထက် တောဆင်ရိုင်းတွေရှိရာ နေရာကို ဆင်မုဆိုးတွေ ဝင်လာတာနဲ့ တားဆီးထားသင့်တယ်လို့ ဦးစောထူးသာဖိုးက ပြောပါတယ်။
ကိုယ့်နိုင်ငံထဲက တောဆင်ရိုင်းတွေကို ဆုံးရှုံးသွားမှာကို ကာကွယ်နိုင်တာကြောင့် ဒါဟာ ပထမအဆင့် လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ကြားပွဲစား အဆင့်ဆင့်ကိုလည်း ဖြတ်တောက်တားဆီးနိုင်ဖို့လိုသလို နယ်စပ်စျေးကွက်ကိုလည်း ထိန်းချုပ်နိုင်ဖို့လို တယ်လို့ သူကဆက်ပြောပါတယ်။ ဘေးမဲ့ကာကွယ်ထိန်းသိမ်းရေးသစ်တောအတွင်းက သားရိုင်းတိရ စ္ဆာန်ဆိုင်ရာ ထွက်ကုန်တွေ စျေးကွက်ထဲ သွားနေတာကို ကာကွယ်လာနိုင်ပေမယ့် တခြားသော ဘေးမဲ့မဟုတ်တဲ့ သစ်တောကြိုးဝိုင်းတွေထဲ တောဆင်ရိုင်း အများအပြား သတ်ဖြတ်ခံနေရတယ်လို့ သူက ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုးအရင်တုန်းက ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီးလုပ်စားခဲ့ကြတော့ လွတ်ထွက်သွားတာပဲ။ အခု ဥပဒေစိုး မိုးရေးအရ ရဲကနေ သေသေချာချာဖမ်းမယ်ဆိုရင် မိစရာအကြောင်းရှိပါတယ်။ အခုလည်း အစိုးရဌာနက ဒီလုပ်ငန်းကို တော် တော်လေး ဇောက်ချလုပ်လာပါတယ်” လို့ သူက ဆိုပါတယ်။
“သစ်တောဝန်ထမ်းတွေ အင်အားဖြည့်၊ သစ်တောရဲတွေထားပြီး တားဆီးမယ့်အဖွဲ့တွေ အင်အားတောင့်တင်းလာမယ်၊ ကြားပွဲ စားတွေကို ထိန်းဖို့ သတင်းထောက်လှမ်းမယ့် ရဲလုပ်ငန်းတွေကို တိုးမြှင့်မယ်၊ စျေးကွက်က မဝယ်နိုင်အောင် နိုင်ငံခြားအစိုးရတွေနဲ့ ပေါင်းပြီး တားဆီးနိုင်မယ်ဆိုရင် တဖြည်းဖြည်း လုပ်နိုင်မှာပါ”
ဆင်သတ်မုဆိုးတွေဟာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ဆက်သွယ်ပြီး လွန်ခဲ့တဲ့နှစ်ဆန်းပိုင်းထဲက ဒီနေရာမှာ အခြေချလာတာကို အာဏာပိုင်တွေ မသိခဲ့ဘူးဆိုတဲ့အချက်ကို မယုံနိုင်ဘူးလို့ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်လှိုင်ဝင်းက ပြောပါတယ်။
ဆားငန်ချောင်းထဲကို ဆင်သေမျောလာမှ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ သစ်တောအဖွဲ့တွေ လာတော့မယ်ဆိုတာနဲ့ ဒီအုပ်ချုပ်ရေးမှူးဟောင်းဟာ ဆင်မုဆိုးတွေကို ရှောင်ခိုင်းနိုင် တဲ့အထိ သတင်း ကြိုတင်ရရှိခဲ့တာကလည်း သံသယဖြစ်စရာကောင်းတယ်လို့ သူက ဆိုပါတယ်။
ဥက္ကံမြို့မရဲတပ်ဖွဲ့ စခန်းမှူးကလည်း ဆင်သတ်ဂိုဏ်း နှိမ်နင်းရေးကို အထူး လျှို့ဝှက် လုပ်ကိုင်ခဲ့ရတယ်လို့ Myanmar Now ကို ရှင်းပြပါတယ်။
“ကျွန်တော် ဖမ်းရမယ့်လူစာရင်းကို ညလုံးပေါက် စဉ်းစားသုံးသပ်ပြီး စာရွက်ပိုင်းလေးမှာ ချရေးတယ်။ ဒီစာရင်းကို ကျွန်တော့်တပည့် နယ်ထိန်းခေါင်းဆောင်တောင် အသိမပေးရဲဘူး။ ပေါက်ကြားသွားမှာစိုးလို့။ ဒါတောင်မှ ပထမဦး ဆုံး ဖမ်းတဲ့နေ့မှာ ၄ ယောက်ပဲမိတယ်။ နောက်မှ ကျန်တဲ့သူတွေကို မိတာ” လို့ သူက ဆိုပါတယ်။
အဲ့ဒီလိုအခြေအနေတွေကြောင့် သားရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု နာမည်ကြီးခဲ့တဲ့ အာဖရိကတိုက် နိုင်ငံ တချို့လို အဖြစ်မျိုး ဒီမှာ မကြုံတွေ့ရအောင် လုပ်ဆောင်ဖို့ လိုမယ်လို့ ဦးစောထူးသာဖိုးက သုံးသပ်ပါတယ်။
“ဥပမာ … အာဖရိကတိုက်က ဇင်ဘာဘွေလိုပေါ့။ အခုဆို တော်တော်ကို ထိန်းသိမ်းလာနိုင်ပေမယ့် ဆင်အကောင်ရေက သိပ်မကျန်တော့ဘူး။ ကာကွယ်နိုင်ပြီ၊ တားဆီးနိုင်ပြီဆိုတဲ့အချိန်လည်းကျရော ဘာမှမကျန်တော့ဘူး” လို့ ဦးစောထူးသာဖိုးက ပြောလိုက်ပါတယ်။ ။