ဆောင်းပါး

အရေပြားအတွက် ဆင်ကိုသတ်ခြင်းကြောင့် မြန်မာ့ဆင်များ ပျောက်ကွယ်သွားနိုင်

မြန်မာနိုင်ငံရှိ ဂေဟဗေဒပညာရှင်များ သည် ချုံနွယ်များ၊ ဝါးပင်များထူထပ်သော တောကြီးမျက်မည်းထဲတွင် နာရီပေါင်းများစွာ တောနင်းရှာသော်လည်း အာရှဆင်တစ်ကောင်တစ်မြီးမျှ မတွေ့ပါပေ။ ယခုဆိုလျှင် ဂေဟဗေဒပညာရှင်များ သည် တရားမဝင်ဆင်ခိုးဖမ်းသူများနှင့် အပြိုင် အာရှဆင်များကို ရှာတွေ့ရန် ကြိုးပမ်းနေရပြီ ဖြစ်သည်။

လွန်ခဲ့သည် သုံးနှစ်၊ လေးနှစ်က စ၍ ဆင်ခိုးဖမ်းသူများသည် ပတ္တမြားတုများပြုလုပ်ရန် ဆင်များ၏ အရေပြားများကို ခိုးယူလာကြသည်။ Smithsonian Conservation Biology Institute နှင့် အင်္ဂလန်နိုင်ငံရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စောင့်ကြည့်သည့် ဌာနတစ်ခုဖြစ်သော Elephant Family တို့၏ သီးခြားစုံစမ်းစစ်ဆေးမှုများအရ ဆင်၏ အရေပြားကို အမှုန့်ပြုလုပ်၍ ဆေးအဖြစ် ရောင်းချကြကြောင်းလည်း သိရသည်။

တောရိုင်း အာရှဆင်စုစုပေါင်းအရေအတွက်သည် လက်ရှိတွင် ၅ဝ,ဝဝဝ သာ ကျန်ရှိတော့သည်။ အာရှဆင်များသည် အာဖရိက ဆဗားနားဆင်မျိုးများထက် ဆယ်ဆပို၍ မျိုးသုဉ်းနိုင်ခြေ ရှိနေပြီး၊ အာဖရိကတောတွင်းဆင်များနှင့် ယှဉ်လျှင် ထက်ဝက်ခန့်သာရှိသည်။ ဆဗားနားမြက်ခင်းပြင်တွင် ကျက်စားသည့် အာဖရိကဆင်မျိုးများနှင့် မတူဘဲ အာရှဆင်များသည် ချုံနွယ်ထူထပ်သော တောကြီးမျက်မည်း များတွင်သာ ကျက်စားကြသည်။ ထိုကဲ့သို့ တောကြီးမျက်မည်းတွင် လူမသိသူမသိ နေထိုင်ကျက်စားကြသော်လည်း ဆင်ခိုးဖမ်းသူများ၏ တစ်ကျော့ပြန်အန္တရာယ်ကို ရှောင်ကွင်းနိုင်စွမ်း မရှိကြပါပေ။ ထိုဆင်ခိုးဖမ်းသူများ၏ အန္တရာယ်ကြောင့် မြန်မာ့သဘာဝပတ်ဝန်းကျင်တွင် နေထိုင်ကျက်စားနေသော လက်ကျန် အာရှဆင်ပေါင်း ၂ဝဝဝ သည် မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

မြန်မာအစိုးရက ပြုလုပ်သည့် စစ်တမ်းတွင်မူ ၂ဝ၁၆အတွင်း အသတ်ခံရသည့် ဆင်စုစုပေါင်းမှာ ၂၅ ကောင်ဖြစ်ကြောင်း အစီရင်ခံထားသည်။ လွန်ခဲ့သည့် ၂ နှစ်အတွင်း အသတ်ခံရသည့် ဆင်စုစုပေါင်းသည် အကောင် ၇ဝ ဖြစ်ပြီး ၂ဝ၁ဝမှ ၂ဝ၁၄ အတွင်း အသတ်ခံခဲ့ရသည့် ဆင်အရေအတွက်ထက် နှစ်ဆမက များနေသည်။

ယခင်ကမူ ဆင်စွယ်ရယူရန် ဆင်များကို ခိုးယူသတ်ဖြတ်ခြင်းသည် အာရှဆင်များအပေါ်တွင် ထိခိုက်မှုသိပ်မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အရွယ်ရောက်ပြီးသော ဆင်ထီးများသာ ဆင်စွယ်ပေါက်သောကြောင့် ဖြစ်သည့်အပြင် ထိုအချိန်တုန်းကပင်လျှင် ၂၅ ရာခိုင်နှုန်းသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အရေပြားကိုလိုချင်၍ ဆင်ကိုလိုက်ခြင်းသည် ဆင်ထီး၊ ဆင်မများအပြင် ဆင်ငယ်များကိုပါ ခိုးယူသတ်ဖြတ်ခြင်း ဖြစ်သောကြောင့် ဆင်စွယ်ကြောင့် သတ်ခြင်းထက်ပို၍ မျိုးသုဉ်းမှုအန္တရာယ်ရှိပါသည်။

“ဒါဟာ ဆင်မျိုးသုဉ်းဖို့အတွက် သေချာတဲ့ နည်းလမ်းပဲ” ဟု စမစ်ဆိုနီယမ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဂေဟဗေဒစင်တာ၏ ဒါရိုက်တာဖြစ်သူ ပီတာ လမ်ဂရူဘာက ပြောသည်။

ထိုဂေဟဗေဒစင်တာမှ ဂေဟဗေဒပညာရှင်များသည် မြန်မာနိုင်ငံလုပ်ရိုးလုပ်စဉ် ခြေရာခံ စစ်ဆေးလေ့လာမှုများ ပြုလုပ်နေစဉ်တွင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တရားမဝင် ဆင်သတ်ဖြတ်မှုနှုန်း မြင့်တက်လာခြင်းကို မတော်တဆ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှုန်းအတိုင်းသာ အရေပြားအတွက် ဆင်များကို တရားမဝင်သတ်ဖြတ်နေပါက နှစ်ပေါင်း ၆ဝ အတွင်း မြန်မာ့တောရိုင်းဆင်များ မျိုးသုဉ်းသွားနိုင်သည်။

တရားမဝင်ဆင်ခိုးသတ်မှုပြဿနာကို ဖော်ထုတ်ပုံ

လူဦးရေလျင်မြန်စွာထူထပ်လာခြင်းနှင့် စပါးခင်းများ၊ စားအုန်းဆီစိုက်ခင်းများ ပိုများလာခြင်းတို့ကြောင့် ဆင်များအတွက် သဘာဝကျက်စားရာနေရာများ နည်းပါးလာကာ လူနှင့်ဆင်များကြား ပဋိပက္ခဖြစ်လာသည်။ မြန်မာနိုင်ငံအတွင်းတွင်သာမကဘဲ အာရှတစ်ဝန်းတွင် ဖြစ်နေသည့်ပုံစံဖြစ်သည်။ အာရှဆင်များသည် ကောက်ပဲသီးနှံများကို စားသုံး၍ လူတို့က ပြန်လည် ခြောက်လှန့်ပါက နေအိမ်များကိုပင် ဖျက်ဆီးသည့် သာဓကများ ရှိခဲ့သည်။ မေလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီဒုက္ခသည်စခန်းတွင် နေထိုင်သော အသက် ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသည် အာရှဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

“ကျွန်တော်တို့က ဆင်တွေရဲ့ ဂေဟဗေဒနဲ့ လူနဲ့ဆင်ကြားဘာကြောင့် ပဋိပက္ခတွေ ဖြစ်ရသလဲ ဆိုတာကို လေ့လာချင်ရုံ သက်သက်ပါ။ တရားမဝင် ဆင်သတ်ဖြတ်မှုကို ကျွန်တော်တို့ မတော်တဆ ဖော်ထုတ်နိုင်ခဲ့တာပါ” ဟု သုတေသနပညာရှင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဂေဟဗေဒစင်တာ၏ ဂေဟဗေဒပညာရှင် တစ်ဦးဖြစ်သူ ဂျွန်မဂ်အဗွိုင် ကပြောကြားသည်။

စ၍ လမ်ဂရူဘာနှင့်အဖွဲ့သည် ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှ မြန်မာပြည်ရှိ ဒေသငယ်များတွင် ကျက်စားနေသော အာရှဆင် ၁၉ ကောင်တွင် ဂျီပီအက်စ် (ခြေရာခံ) စနစ်ပါသည့် လည်ပတ်များ တပ်ဆင်ပေးခဲ့သည်။ ထိုဒေသများသည် ပဲခူးရိုးမ တောင်တန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်းရှိ ကမ်းမြောင်ငယ် တစ်ခုတို့ ဖြစ်သည်။

ဆင်များ၏အရေပြားမှ သွေးနီရောင်ရှိသော ပုတီးများပြုလုပ်၍ လက်ဝတ်ရတနာအဖြစ် ရောင်းချကြသည်။

ဆင်များကို ခြေရာခံသည့် စနစ်သည် “ ငါ့အိုင်ဖုန်းကိုရှာပေးပါ” ဆိုသည့် အိုင်ဖုန်းစနစ်နှင့် တူညီပြီး ခြေရာခံသည့် စနစ်ကို ၂၃ ပေါင် (ခြောက်ပိဿာကျော်) လေးသော လည်ပတ်ထဲတွင် ထည့်ထားခြင်းဖြစ်သည်ဟု လမ်ဂရူဘာက ပြောသည်။ အချိန်လေးနာရီကြာတိုင်း ထို လည်ပတ်သည် ဆင်၏ တည်နေရာကို ဂြိုဟ်တုသို့ ပို့ပေးပြီး ထိုဂြိုဟ်တုမှတစ်ဆင့် သုတေသနပညာရှင်များ၏ လက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာများဆီသို့ အီးမေးလ်ပို့ပေးခြင်းဖြစ်သည်။ ဝါရှင်တန်ရှိ စမစ်ဆိုနီယမ် အမျိုးသား တိရစ္ဆာန်ရုံမှ ဆင်များကို လည်ပတ် တစ်နှစ်ခန့် စမ်းဝတ်စေ၍ ထို လည်ပတ်များသည် ဆင်များကို ကသိကအောက်မဖြစ်စေကြောင်း အတည်ပြုပြီး ဖြစ်သည်။

“တချို့ဆင်တွေရဲ့ လည်ပတ်က ရုတ်တရက် အလုပ်မလုပ်တော့ဘဲ အချက်လည်း မပြတော့တာ ကျွန်တော်တို့ တွေ့လိုက်ရတယ်။ အဲဒီဆင်တွေထဲက ငါးကောင်က အသတ်ခံလိုက်ရတာ သေချာတယ်။ ကျွန်တော်တို့ ဆင်သေကောင်တွေ ရှာတွေ့ခဲ့တယ်။ ဆင်နှစ်ကောင်ကတော့ ပျောက်နေတယ်။ ဒါပေမယ့် သူတို့ မပျောက်ခင် လှုပ်ရှားမှုပုံစံပြောင်းသွားတာကို ကြည့်ရင် သူတို့လည်း အသတ်ခံလိုက်ရပြီ ထင်ပါတယ်” ဟု လမ်ဂရူဘာက ပြောသည်။

မမျှော်လင့်ထားသည့် ဆင်ခိုးသတ်မှုကြောင့် စမစ်ဆိုနီယမ်မှ သုတေသနပညာရှင်များသည် လူနှင့် ဆင် ပဋိပက္ခများကို အများပြည်သူများသိရှိရန် ပညာပေးနေသော မြန်မာနိုင်ငံအခြေစိုက် လူ-ဆင်ငြိမ်းချမ်းရေး ပရိုဂရမ်နှင့် လက်တွဲပူးပေါင်း၍ ရွာများမှ ဆင်ခိုးသတ်မှုမှတ်တမ်းများကို လိုက်လံစုဆောင်းခဲ့ကြသည်။

၂ဝ၁၅ မတ်လနှင့် ၂ဝ၁၇ သြဂုတ်လအတွင်း အသတ်ခံခဲ့ရသည့် ဆင်ပေါင်း ၄၅ ကောင်ရှိကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။ မြန်မာအစိုးရက ပြုလုပ်သည့် စစ်တမ်းတွင်မူ ၂ဝ၁၆ ခုနှစ် အတွင်း အသတ်ခံရသည့် ဆင်စုစုပေါင်းမှာ ၂၅ ကောင်ဖြစ်ကြောင်း အစီရင်ခံထားသည်။ စမစ်ဆိုနီယမ်က တင်ပြသည့် အရေအတွက်နှင့် ပေါင်းလိုက်ပါက ပြီးခဲ့သည့် သုံးနှစ် အတွင်း အသတ်ခံရသည့် ဆင်အရေအတွက်သည် ၂ဝ၁ဝ နှင့် ၂ဝ၁၄ ခုနှစ်များအထိ အသတ်ခံခဲ့ရသည့် ဆင်အရေအတွက်ထက် နှစ်ဆမက များနေကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့်ကို အထူးတင်းကျပ်ထားသောကြောင့် ဆင်မုဆိုးများသည် အာရှဆင်များကို သတ်ရန် ပိုးသတ်ဆေးများထည့်ထားသော အဆိပ်လူးမြားငယ်များကို အသုံးပြုကြသည်။

“ဆင်တွေကို ဆုံးရှုံးသွားတာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ရတနာကို ဆုံးရှုံးသွားတာပါပဲ။ နောက်လာမယ့် မျိုးဆက်သစ်တွေလည်း တောဆင်ရိုင်းတွေကို မြင်ဖူးကြတော့မှာ မဟုတ်ပါဘူး” ဟု စမစ်ဆိုနီယမ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇီဝဗေဒ အသင်းမှ မြန်မာနိုင်ငံညှိနှိုင်းရေးမှူး ကိုအောင်မျိုးချစ်က ပြောသည်။

ဆင်အရေခွံလက်ဝတ်ရတနာတွေကို ဘယ်သူတွေဝယ်နေလဲ

အာရှဆင်များကို အထူးပြုသော ဗြိတိန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် “ဆင်မိသားစု” သည် အရေခွံအတွက် ဆင်များကို သတ်သည့် သတင်းသဲ့သဲ့ကို ၂ဝ၁၂ ခုနှစ် နှောင်းပိုင်းတွင်း စတင်ကြားသိခဲ့သည်။

ထိုအချိန်က ၎င်းအဖွဲ့အစည်းသည် အစိုးရအရာရှိများနှင့် ပူးပေါင်း၍ သက်ရှိ တိရစ္ဆာန်များကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့နေသည့်အကြောင်းကို အစီရင်ခံစာ ရေးနေချိန် ဖြစ်သည်။

တရားမဝင်ဆင်သတ်သူများက အဆိပ်ခတ်ပြီး ခြေဖျားအထိ အရေခွံခွာထားသော အာရှဆင်တစ်ကောင်၏ ခြေထောက်

အာရှတိုက်တစ်ဝန်းတွင် ထိန်းသိမ်းထားသော အာရှဆင်များအရေအတွက်မှာ ၁၅,ဝဝဝ ဝန်းကျင်ရှိသည်။ သို့သော် နိုင်ငံတကာဥပဒေအရ အာရှဆင်များကို မည်သည့်ပုံစံနှင့်မဆို ကုန်သွယ်မှုပြုလုပ်ခြင်းသည် တရားမဝင်ကုန်သွယ်ခြင်းဖြစ်သည်။ ခြွင်းချက်မှာ သုတေသနပြုလုပ်ရန် သွေးနမူနာများ လဲလှယ်ခြင်းနှင့် တိရစ္ဆာန်ရုံ အချင်းချင်း တိရစ္ဆာန်များ ဝေမျှခြင်းတို့ဖြစ်သည်။

“ဆင်တွေကို အရေခွံယူဖို့ သတ်တာကို စသိတဲ့အချိန်မှာ အဲ့ဒါအတွက် ဈေးကွက်အသစ် ခိုင်ခိုင်ရှိနေပါပြီ” ဟု ဆင်မိသားစုမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဘလင်ဒါ စတီးဝပ်-ကော့စ် က ပြောသည်။

ဇန်နဝါရီ ၂ဝ၁၄ ခုနှစ်မှစ၍ ဆင်မိသားစုသည် ဆင်အရေခွံမှောင်ခိုဈေးကွက်ကို စုံစမ်းမှုများ စတင်ပြုလုပ်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အာရှဆင်များ၏ အရေခွံမှ ပြုလုပ်ထားသည့် ပုတီးများအတွက် အွန်လိုင်းကြော်ငြာများကို တွေ့ရှိခဲ့ပြီး တရုတ်ပြည်မှ မှောင်ခိုကုန်သွယ်သူများသည် မြန်မာနိုင်ငံမှ ခိုးယူသတ်ဖြတ်ခြင်းခံရသည့် ဆင်များကို ဝယ်ယူသည့် အဓိက ဖောက်သည်များဖြစ်သည်။ စမစ်ဆိုနီယမ်က စုံစမ်းစစ်ဆေးရာတွင်လည်း အလားတူပင် တွေ့ရှိခဲ့သည်။

ခွာပြီးသော ဆင်အရေခွံသည် တစ်လက်မ အထူရှိသည်။ “တချို့အရေခွံအစတွေကို အတုံးလေးတွေတုံး၊ အဲဒီအတုံးတွေကို အခြောက်ခံပြီး ပုတီးလုပ်ကြတာ” ဟု စတီးဝပ်-ကော့စ် က ပြောသည်။ ထိုပုတီးများကို စိပ်ပုတီးများ၊ လည်ဆွဲများနှင့် အခြားအမှတ်တရပစ္စည်းများအဖြစ် ရောင်းချကြသည်။ ဆင်မိသားစုသည် Baidu  နှင့် WeChat ကဲ့သို့သော ဆိုရှယ်မီဒီယာများရှိ အွန်လိုင်း ဈေးရောင်းသူများကို ခြေရာခံလိုက်ခဲ့ သည်။

“အဲဒါတွေ (ဆင်အရေခွံပုတီးတွေ) ကို ကြည့်လိုက်ရင် ဂေါ်မုတ်နီလိုလို၊ ပတ္တမြားလိုလို၊ ကျောက်နီတစ်မျိုးမျိုးနဲ့တူပါတယ်။ ဆင်ရဲ့အရေပြားမှာ သွေးကြောတွေအများကြီး ရှိပါတယ်။ သွေးကြောတွေထဲမှာ သွေးတွေအများကြီးရှိလို့ အဲဒီပုတီးတွေက ပတ္တမြားရောင်နီနေတာပါ”ဟု စတီးဝပ်-ကော့က ပြောသည်။

ဆင်အရေခွံကို အမှုန့်ပြုလုပ်ပြီး ဆေးဝါးအဖြစ်လည်း အသုံးပြုကြသည်။ ဆင်အရေခွံသည် အစာအိမ်အနာ၊ အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်ကင်ဆာများကို ကုသနိုင်ကြောင်း ရောင်းချသူများက ဆိုကြသည်။

ဘာကြောင့် အရေးကြီးသလဲ

တရုတ်ပြည်သည် တရားမဝင်တောရိုင်းတိရစ္ဆာန်များကို ကုန်သွယ်သည့် အဓိကနေရာအဖြစ် မကောင်းသတင်းကျော်ကြားသော်လည်း တရုတ်သည် တစ်ဦးတည်းသော တရားခံတော့ မဟုတ်ပါပေ။

တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို ခြေရာခံလိုက်ရန် အလွန်ခက်ခဲသော်လည်း စစ်တမ်းများအရ ဆင်စွယ်အများစုကို တရုတ်ပြည်နှင့် အမေရိကန်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ မျိုးသုဉ်းမှုအန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (CITES) အရ ဆင်စွယ်ကိုဈေးကွက်တင် ရောင်းချခြင်းကို ၁၉၈၉ ခုနှစ်တွင် တရားမဝင်အဖြစ် ပိတ်ပင်ခဲ့သည်။ သို့သော် ထိုသဘောတူညီချက်၏ ခြွင်းချက်အနေနှင့် တောင်အာဖရိက၊ ဇင်ဘာဘွေ၊ နမီးဘီးယားနှင့် ဘော့ဆွာနာ နိုင်ငံတို့ကို အာဖရိဆင်၏ အစိတ်အပိုင်းများကို နိုင်ငံခြားသို့တင်ပို့ရန် ခွင့်ပြုထားသည်။

အွန်လိုင်းတွင် ကြော်ငြာထားသော ဆင်အရေခွံပုတီးများ

ထို့အပြင် တရုတ်နိုင်ငံသည် နိုင်ငံတွင်း တရားမဝင်ဆင်အစိတ်အပိုင်းများ လိုအပ်မှုကို တိုက်ဖျက်ခဲ့ရာ အခြေအနေတိုးတက်လာပြီဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ပြုလုပ်ခဲ့သော ပူးပေါင်းအစီအစဉ်အရ တရုတ်သမ္မတ ရှီကျင်းပင်သည် နိုင်ငံတွင်း ဆင်စွယ်ရောင်းချမှုကို ဒီဇင်ဘာလက ပိတ်ပင်ခဲ့သည်။ သို့သော် မတ်လတွင် သမ္မတ ဒေါ်နယ်ထရမ့်က ထိုပိတ်ပင်မှုကို အနည်းအကျင်းပြန်ဖွင့်ပေး၍ တရားဝင်အမဲလိုက်သတ်ဖြတ်ခြင်းခံရသည့် ဆင်အစိတ်အပိုင်းများကို တင်ပို့ရန် ခွင့်ပြုခဲ့သည်။

“ပိတ်ပင်ဖို့ဆိုတာ တရုတ်ပြည်အတွက် လုပ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် ဒီကုန်သွယ်မှု အသစ်ကိုတိုက်ဖျက်ဖို့ တရုတ်ပြည်ရဲ့ အကူအညီကို ကျွန်မတို့ လိုအပ်ပါတယ်”ဟု စတီးဝပ်-ကော့စ် က ပြောသည်။

CITES သဘောတူညီချက်အရ အာရှဆင်ကို မည်သည့်ပုံစံနှင့်မဆို ကုန်သွယ်မှုပြုလုပ်ခြင်းကို တားမြစ်ထားပြီး ခြွင်းချက်အနေနှင့် သုတေသနပြုလုပ်ရန် သွေးနမူနာများ လှဲလှယ်ခြင်းနှင့် တိရစ္ဆာန်ရုံ အခြင်းခြင်း တိရစ္ဆာန်များ ဝေမျှခြင်းတို့ကိုမူ ခွင့်ပြုထားသည်။

အာရှဆင်အရေခွံလိပ်များ။ ခွာပြီးသော ဆင်အရေခွံများသည် တစ်လက်မထက်ပို၍ ထူနိုင်သည်။

တရုတ်အာဏာပိုင်များသည် ဆင်မိသားစု၏ စစ်တမ်းတွေ့ရှိချက်များကို ဧပြီလက ငြင်းဆိုခဲ့သည်။

“တရုတ်ပြည်မှာ ဆင်အရေခွံတင်ပို့တာကို မပိတ်ပင်ထားပေမယ့် တရုတ်ပြည်ကို တကယ်တင်ပို့တဲ့ ဆင်အရေခွံပမာဏ အရမ်းနည်းပါတယ်။ အဲဒီ အဖွဲ့အစည်းရဲ့ စစ်တမ်းက အလိမ်အညာတွေပါ” ဟု တရုတ်ပြည်၏ မျိုးသုဉ်းမှုအန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တင်ပို့ခြင်းနှင့် တင်သွင်းခြင်း ကြီးကြပ်ရေးဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ မန်ရှန်လင်းက အာဖရိကမှ တရားဝင်အရေခွံတင်ပို့သည့် ပမာဏနှင့် နှိုင်းယှဉ်ပြီး ပြောကြားခဲ့သည်။

CITES ၏ အချက်အလက်များအရ သွေးပုတီးများရောင်းချမှုသည် အမေရိကန်၊ ဂျပန်၊ ဗြိတိသျှနိုင်ငံနှင့် အခြားသော အာရှဆင်ဈေးကွက်ကောင်းသည့် နိုင်ငံများသို့ ပျံ့နှံ့ခြင်းရှိမရှိ မသေချာပါ။

ဆင်အရေခွံပစ္စည်းများ ရောင်းချမှုကို ကာကွယ်ရန် Smithsonian ၊ U.S. Fish and Wildlife and Compass Films နှင့် မြန်မာပြည်တွင် လုပ်ကိုင်နေသော ပြင်သစ်ထုတ်လုပ်ရေး ကုမ္ပဏီတို့က အများပြည်သူအတွက် ပညာပေးကြေညာချက်များထုတ်ပြန်ခဲ့ပြီး ဒေသတွင်း လက်လှမ်းပရိုဂရမ်များကို စတင်လုပ်ဆောင်ခဲ့သည်။

အသိပညာပေးခြင်းသည် သွေးပုတီးနှင့် အရေခွံအမှုန့်များ သုံးစွဲခြင်းကို ရပ်တန့်စေရန် အဓိက သော့ချက်ဖြစ်ပြီး တရားမဝင်သတ်ဖြတ်ခြင်းကိုလည်း ရပ်တန့်စေနိုင်ကြောင်း လမ်ဂရူဘာက ပြောကြားခဲ့သည်။

“ဒီပစ္စည်းတွေကို ဝယ်တဲ့လူအများစုက သူတို့ဘာလုပ်နေလဲဆိုတာ သေချာသိတဲ့သူတွေ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ဈေးတွေထဲသွားပြီး ဝယ်ယူသူတွေကို သူတို့ဒီလို ဝယ်ယူအားပေးနေတာဟာ ဘယ်လောက်အထိဆိုးကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ပညာပေးဖို့ လိုအပ်ပါတယ်”ဟု လမ်ဂရူဘာက ဆိုသည်။

(PBS News Hour ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Nsikan Akpan ရေးသားသည့် “Skin poaching of Asian elephants, a crisis unfolding in Myanmar, could crush the species”ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။)

Show More

Related Articles

Back to top button