သတင်း

ဆင် ၁၃၈ ကောင်နှင့် ဆင်ထိန်းများ လာရောက်ခိုလှုံဟု PLA တပ်ဖွဲ့ပြော

မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဒေသများသို့ ရောက်လာသည့် ဆင်များ၊ ဆင်ထိန်းများကို အကူအညီပေးနေသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ဆင်ထိန်းများနှင့် ၎င်းတို့၏ မိသားစုများက သစ်ထုတ်ဆင်များကို ယူဆောင်ပြီး လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ကာ ရောက်လာသည့် ဆင်အရေအတွက် ၁၃၈ ကောင် ရှိပြီး သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်များမှ စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာနလက်အောက် ဆင်ဝိုင်း ၂၁ ဝိုင်းမှ ဖြစ်သည်၊ တိုက်ပွဲကာလအတွင်း ဆင်ဝိုင်းများရှိ ဆင်များ အထိန်းအသိမ်းမဲ့ဖြစ်သွားမည်ကို စိုးရိမ်ရသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ၏ PLA ပြောခွင့်ရသူက ဆိုသည်။

“ဆင်တွေကို တရားမဝင် နိုင်ငံခြားခိုးထုတ်တာတွေ မျိုးသုဉ်းတာတွေဖြစ်လာမှာစိုးလို့ ကာကွယ်စောင့်ရှောက်ပေးထားတာပါ” ဟု ၎င်းက ပြောသည်။

ဆင်ထိန်းမိသားစုများအတွက် ဆန်နှင့် ဆီကို အဓိကထောက်ပံ့ပေးထားသလို ဆင်များ၏ ကျန်းမာရေးအတွက် သက်ဆိုင်ရာဆရာဝန်လည်း ရှိသည်၊ ဆင်အတွက် ရိက္ခာလုံလောက်သော်လည်း ဆေးဝါး လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် သက်ဆိုင်ရာဌာနထံ ပြန်အပ်သွားရမည့် ဆင်များကို တော်လှန်ရေးတွင် အသုံးပြုရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍မူ လတ်တလော မဆုံးဖြတ်ရသေးဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ ဌာနဆိုင်ရာဝန်ထမ်းအများအပြား အာဏာဖီဆန်ခဲ့ကြပြီး ထိုအထဲတွင် ဆင်ဦးစီးတချို့လည်း ပါဝင်သည်၊ ဆင်ဦးစီးများက ၎င်းတို့ထိန်းကျောင်းသည့်ဆင်များကိုပါ အတူခေါ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

ဆင်များသည် လေးလံသည့် ဝန်များကို ဆွဲနိုင်သဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် သစ်လုံးများဆွဲရန် ယခင်ကတည်းက အသုံးပြုကြသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအရေအတွက် ၂၀၀၀ အောက် ရှိပြီး သစ်ထုတ်လုပ်ငန်းအသုံးပြုရန် တောဆင်ရိုင်းများ ဖမ်းဆီးခြင်းကို ၂ဝ၁၄ ခုနှစ်မှ စတင်၍ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့တားမြစ်ထားသော်လည်း ဆင်၏ခန္ဓာကိုယ်အစိတ်အပိုင်းများရလိုမှုဖြင့် တောဆင်ရိုင်း ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ဆက်ရှိခဲ့သည်။ သစ်တောဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ ၂ဝ၁၅ ခုနှစ်တွင် တောဆင်ရိုင်း ၃၅ ကောင်၊ ၂ဝ၁၆ ခုနှစ်တွင် ၂၆ ကောင် ၂ဝ၁၇ ခုနှစ်တွင် ၅၉ ကောင်အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

သစ်တောဦးစီးဌာနသည် ပုဂ္ဂလိကပိုင်ဆင်များ သေပါက တောဆင်ရိုင်းဖမ်း၍ အစားထိုးခိုင်းစေခြင်းမှ ကာကွယ်ရန် ၂၀၂၀ ပြည့်နှစ်မတ်လတွင် အိမ်မွေးဆင် ၄,၀၀၀ ကို ဒစ်ဂျစ်တယ်နည်းဖြင့် မှတ်ပုံတင်ထားသည်။

ဆင်၏ အရပ်အမြင့်၊ မွေးရပ်နှင့် ပိုင်ရှင်မည်သူဖြစ်သည်ဆိုသည့် အချက်အလက်ထည့်ထားသော မိုက်ခရိုချစ် လျှပ်စစ်ဆားကစ်ပြားကို ဆင်၏ နားရွက်နောက်တွင် ထည့်၍ မှတ်တမ်းတင်ထားသည်။

ဆင်များကို သစ်ထုတ်လုပ်ငန်းအပြင် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများတွင် ခိုင်းစေကြသည်။

ဆင်ဖြူများကိုမူ စစ်ဘက်ခေါင်းဆောင်များက ရန်ကုန်၊ နေပြည်တော်တို့တွင် ရုံသွင်းပြထားသည်၊ အဖြူရောင်ဆင်များကို ပိုင်ဆိုင်ခြင်းသည် ဘုန်းတန်ခိုးကြီးသော အုပ်ချုပ်သူတို့၏ အမှတ်အသားဖြစ်သည်ဟုလည်း ၎င်းတို့က ဝါဒဖြန့်ထားသည်။

Show More

Related Articles

Back to top button