ဆောင်းပါး

တောဆင်ရိုင်းတွေရဲ့ စားကျက်သစ်

ငွေဆောင် – ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့က ဦးပေါက်စရဲ့ လယ်ကွင်းထဲ စိုက်ထားတဲ့ စပါးပင်တွေကို လူနဲ့ဆင် ဦးတဲ့သူယူရသလို ဖြစ်နေတာ နှစ်အတော်ကြာပါပြီ။ တောဆင်ရိုင်းတွေ အကုန်လုံး ဝင်စားသွားလို့ စပါးတစ်ပင်မှ မရိတ်လိုက်ရတဲ့နှစ်တောင် ရှိခဲ့ဖူးပါတယ်။

နိုဝင်ဘာလလယ်ပိုင်း ညဘက် လယ်ကွင်းထဲ ရောက်လာတဲ့ တောဆင်ရိုင်း ၉ ကောင်ကတော့ မနက်မှ ပြန်သွားတယ်၊ သူ့စပါးခင်း ၆ ဧကထဲက ၁ ဧက နီးပါး ပျက်စီးသွားတယ်လို့ ဦးပေါက်စက ဆိုပါတယ်။

“သူတို့က အုပ်နဲ့လာတာဆိုတော့ ကျွန်တော်တို့က တိုးမလိုက်ရဲဘူးလေ။ အဲဒီညကတော့ ဒီအတိုင်း အော်ရင်းဟစ်ရင်းနဲ့ပဲ မိုးလင်းသွားတာပဲ။ သူတို့လည်း မိုးလင်းမှပဲ ပြန်သွားတယ်” လို့ ဘူးကွဲကြီးရွာသား ၅၂ နှစ်အရွယ် လယ်သမားကြီး ဦးပေါက်စက စိတ်ပျက်လက်ပျက် ညည်းညူပါတယ်။

တောထဲမှာ အရွယ်အစားအကြီးမားဆုံးသတ္တဝါဖြစ်တဲ့ ဆင်ရိုင်းတွေဟာ အစာရေစာပေါများတဲ့နေရာများကို ရွှေ့ပြောင်းကျက်စားကြရာကနေ လူတွေနဲ့နီးတဲ့နေရာကို နှစ်စဉ် ရောက်လာကြပါပြီ။ သူတို့ ရောက်လာတတ်တာကတော့ စပါးရင့်မှည့်ချိန်၊ စပါးပေါ်ချိန်တွေမှာပါ။

ဆင်တွေက အစားအသောက်ရဖို့ စပါးခင်း၊ ငှက်ပျောခင်းထဲ ရောက်လာသလို လူတွေကလည်း ပင်ပင်ပန်းပန်း အချိန်ယူစိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးခြင်းမရှိစေရေးအတွက် ခြောက်လှန့်မောင်းထုတ်ရတဲ့အတွက် လူ နဲ့ ဆင် ထိပ်တိုက်တွေ့လာကြပါတော့တယ်။

စားကျက်သစ်

သက်တမ်း ၆ဝ ခန့်အထိ နေထိုင်နိုင်ကြတဲ့ တောဆင်ရိုင်းတွေဟာ လေးငါးကောင်ကနေ ကောင်ရေ ၈ဝ ခန့်အထိ အုပ်စုဖွဲ့နေလေ့ရှိကြပါတယ်။ လမ်းလျှောက်နှုန်းက တစ်နာရီကို တစ်မိုင်ခွဲ အနည်းဆုံးရှိပြီး တစ်ရှိန်ထိုး ပြေးလိုက်ရင် မြန်နှုန်းက မိုင် ၃ဝ ခန့်အထိ ရှိပါတယ်။

တောဆင်ရိုင်းအန္တရာယ် အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ ဒေသများထဲမှာ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင် အစရှိတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေ ပါဝင်ပါတယ်။ တစ်နိုင်ငံလုံးမှာ တောဆင်ကောင်ရေ ၂,ဝဝဝ ကနေ၂,၅ဝဝ ကြား ရှိမယ်လို့ သစ်တောဌာနက ခန့်မှန်းပါတယ်။

တောဆင်ရိုင်းက စားကျက်မကောင်းတော့ရင် စားစရာရှိတဲ့နေရာကို ရွှေ့တတ်ကြတယ်လို့ သစ်တောဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။

“စပါးခင်းတို့ ငှက်ပျောခင်းတို့ကို ဝင်စားလို့ အဆင်ပြေတယ်ဆိုရင် အဲဒါဆိုရင် သူတို့က မှတ်ထားတယ်ဗျ။ ဒီနေရာဟာ သူတို့အတွက် အစာထောက်ပံ့နိုင်တယ်ပေါ့။ ဒါကြောင့် နောက်နှစ် နောက်နှစ်တွေကျရင်လည်း သူတို့က ဒီလမ်းကြောင်းအတိုင်းပဲ ချဉ်းကပ်လေ့ရှိတယ်” လို့ သစ်တောဌာန ညွှန်ကြားရေးမှူး ရှင်းပြပါတယ်။

တောဆင်တွေက အစားအသောက်နေထိုင်ပုံတွေ ပြောင်းလာတယ်၊ လူတွေစိုက်ပျိုးထားတဲ့သီးနှံတွေကို ရှိတဲ့နေရာဟာ သူတို့နှစ်သက်တဲ့ စားကျက်ဖြစ်လာတယ်လို့ ဦးမျိုးမင်းက သုံးသပ်ပါတယ်။ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society – WCS) အကြီးတန်းနည်းပညာညှိနှိုင်းရေးမှူး ဦးစောထူးသာဖိုးကလည်း အလားတူ ပြောပါတယ်။

“စားဖူးသွားရင်တော့ ဒီရာသီရောက်ရင် ဘယ်နေရာမှာတော့ စားကောင်းသောက်ဖွယ်တွေရှိပြီဆိုပြီး အဲဒီအချိန်မှာ သူတို့က ဆင်းစားတော့တာပဲ ” လို့ ဦးစောထူးသာဖိုးက ဆိုပါတယ်။

ကမ္ဘာ့တောရိုင်းသဘာဝစောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ (World Wildlife Fund – WWF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Mr. Christy Williams က ဆင်တွေဟာ မြက်၊ သစ်ခေါက်၊ သစ်ရွက်တွေနဲ့ အခြားအညွန့်တွေကို စားတယ်၊ မြက်ကတော့ သူတို့အတွက် အဓိက အစားအစာဖြစ်တယ် လို့ ပြောပါတယ်။

“လူသားတွေဟာ နှစ်ထောင်ပေါင်းများစွာကစပြီး မြက်အမျိုးအနွယ်တွေဖြစ်တဲ့ စပါး၊ ကြံ နဲ့ ဂျုံတို့လို အပင်တွေကို စိုက်ပျိုးလာတာပါ၊ ဆင်တွေရဲ့ မျက်လုံးနဲ့ အသိဉာဏ်ထဲမှာတော့ ဒီစိုက်ခင်းတွေဟာ မြက်ခင်းတွေ ဖြစ်နေတတ်တယ်။ စပါး၊ ကြံနဲ့ ဂျုံပင်တွေက အရသာရှိတယ်၊ အာဟာရရှိတယ်။ ဒါကြောင့် ဆင်တွေက အခြားအပင်ရိုင်းတွေနဲ့ နှိုင်းယှဉ်ရင် ပိုအရသာရှိတဲ့ ဒီအပင်တွေကို ပိုကြိုက်ကြတာပါ” လို့ ဆင်တွေအကြောင်း အထူးပြု လေ့လာထားတဲ့ Mr. Christy Williams က ရှင်းပြပါတယ်။

“ဒါကြောင့် လူတွေက တောတွေကိုရှင်းပြီး စပါးလိုကောက်ပဲသီးနှံတွေကို စိုက်ပျိုးတဲ့နေရာတွေမှာ ဆင်တွေက ဒီအပင်တွေရဲ့ အရသာကိုသိပြီး ဝင်စားဖို့ ဘူးကွဲကြီးလို ရွာမျိုးကို ဝင်လာတာဖြစ်ပါတယ်”

ဆင်မောင်းခြင်း

ငွေဆောင်မှာတော့ ရွာသားတွေက ဆင်အန္တရာယ်ကိုကာကွယ်ဖို့အတွက် စုပေါင်း လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နေကြတဲ့ နည်းလမ်းတွေထဲမှာ ညတိုင်းနီးပါး လယ်စောင့်တဲမှာ အိပ်စောင့်ပြီး အနီးအနားကို ဆင်ရောက်မလာနိုင်အောင် ဝါးလက်ခုပ်အကြီးစားတွေနဲ့ တီးခတ် ခြောက်လှန့်တာ၊ ဆင် လာနေကျလမ်းကြောင်းများမှာ အတားအဆီးများပြုလုပ်တာတို့ ပါဝင်ပါတယ်။

နေ့ခင်းဘက်မှာ ဆင်ရိုင်းတွေက တောထဲမှာပဲ ကျက်စားကြပြီး ညရောက်မှ စပါးခင်း၊ ငှက်ပျောခင်းတွေထဲ ဝင်ရောက်ကြတာပါ။ လူတွေအိပ်မောကျချိန်မှာ ရောက်လာတတ်တာကြောင့် သူတို့ကိုပြန်လည်ခြောက်လှန့်ဖို့ အခြေအနေ မပေးပါဘူး။ အသက်အန္တရာယ်အတွက် ကိုယ်လွတ်ရုန်း ပြေးရပါတယ်။ ဒါကြောင့် ဆင်ရိုင်းများ တောထဲက ထွက်လာတဲ့အခါ ကြိုတင်သိရှိနိုင်ဖို့ ဆိုပြီး သူတို့လာတတ်တဲ့ လမ်းကြောင်းမှာ အသံ “ထောင်ချောက်”တွေ ဆင်ထားကြတာမျိုးကို ငွေဆောင်ဒေသမှာ တွေ့ရမှာပါ။

“ဆင်ဝင်လာခဲ့ရင် ဆင်ဆိုတာက သူ့ရှေ့မှာ တားနေရင်မရဘူးလေ၊ ဆွဲချိုးပစ်မှာ ချိုးတဲ့အခါကျတော့ ဝါးလုံးအခြောက်ဆိုတော့ ဖြောင်းခနဲ အသံ ကြားရတယ်။ ဝါးလုံးကျိုးတဲ့အသံကြားရင် ဒါက ဆင် လာပြီဆိုတာ ကျွန်တော်တို့က တပ်အပ်သိတယ်။ ဗြုန်းစားကြီးဆိုရင် မသိဘူး” လို့ ဦးပေါက်စက ဆင်လာလေ့ရှိတဲ့ တောင်စောင်းနှစ်ခု ကြားကလမ်းမှာ ကန့်လန့်ဖြတ် တန်းထားတဲ့ ဝါးလုံးခြောက်တစ်လုံးကိုပြပြီး ရှင်းပြပါတယ်။

စပါးခင်းတွေကို အပေါ်စီးကနေလှမ်းမြင်နိုင်တဲ့ တောင်စောင်းလေးမှာ ခိုင်ခိုင်ခန့်ခန့် ဆောက်လုပ်ထားတဲ့ ဦးပေါက်စရဲ့ လယ်စောင့်တဲဝန်းကျင်မှာတော့ ဆင်တွေနှစ်သက်တဲ့ ငှက်ပျောပင်တန်းတွေ ရှိနေပါတယ်။ တဲရဲ့ ဆယ်ပေခန့်အကွာမှာ ဝါးလုံး ခပ်ကြီးကြီး တစ်လုံးကို ဝါးလက်ခုပ်ပုံ ပြုလုပ်ထားပါတယ်။

“ကျွန်တော်တို့က ဒီတဲလေးရဲ့အစွန်နားမှာနေတယ်။ တစ်ညလုံး အိပ်ရာကနေ ဝါးလက်ခုပ်အသံမြည်အောင် ဒီကြိုးလေးကိုဆွဲပြီးတော့ ဆင်ကို လှန့်တာပေါ့” ဟု ဦးပေါက်စက ပြောပြီး ဝါးလက်ခုပ်မှာ ချည်နှောင်ထားတဲ့ ကြိုးကိုဆွဲပြီး ဝါးလက်ခုပ် တီးပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းရဲ့ ဆင်ဆေးကု ဆရာဝန် ဒေါက်တာမျိုးမင်းအောင်က ဆင်အန္တရာယ် ကာကွယ်တဲ့ နည်းလမ်းတွေထဲမှာ ဗြောက်အိုးဖောက်ခြင်း၊ ငရုတ်သီးအညှော်တိုက်ခြင်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

“နောက်တစ်ခုကတော့ ပျားမွေးမြူလို့ ရတယ်။ ပျားကို ဆင်က ကြောက်တယ်။ အဲဒီလို ဆင်လာမယ့်လမ်းတွေမှာ ဒေသခံတွေက ပျားတွေမွေးပြီးတော့ ပျားခြံစည်းရိုးလိုမျိုး လုပ်မယ်ဆိုရင်လည်း ဆင်အန္တရာယ်က ကင်းနိုင်တယ်” လို့ ပြောပါတယ်။

Mr. Christy Williams ကတော့ ဆင်တွေကြိုက်တတ်တဲ့ အစားအစာတွေ စိုက်တာကို လျှော့ချပြီး သူတို့မကြိုက်တတ်တာတွေကို စိုက်ဖို့ အကြံပြုပါတယ်။

ဆူးပါတဲ့အပင်၊ ငရုတ်ပင်၊ ရော်ဘာပင်တို့ကို စပါးခင်းဘေး ကာရံစိုက်ပျိုးခြင်း၊ တူးမြောင်းတူးခြင်း၊ မီးထွန်းခြင်း၊ အချက်ပေးကိရိယာ တပ်ဆင်ခြင်း စတဲ့ နည်းလမ်းများစွာလည်း ရှိနေကြောင်း ဆင်အကြောင်း လေ့လာသူတို့က ဆိုပါတယ်။

WCS အရာရှိတစ်ယောက်ဖြစ်တဲ့ ဦးစောထူးသာဖိုးကတော့ “နည်းလမ်းအမျိုးမျိုးက အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိနေတာပဲ၊ အဓိကကတော့ လူအင်အား၊ ငွေကြေးနဲ့ နည်းပညာ အားလုံး လိုအပ်တယ် ” လို့ ဆိုပါတယ်။

မြို့ဆင်နဲ့ တောဆင်

ဆင်ရိုင်းတွေကို မောင်းထုတ်ရာမှာ သစ်ထုတ်လုပ်ငန်းမှာ အကြီးအကျယ် အသုံးပြုနေတဲ့ ဆင်တွေကလည်း အင်မတန် အသုံးဝင်ပါတယ်။ အဲဒီလိုဆင်မျိုးကိုတော့ ကွန်ဂျီဆင်လို့ ခေါ်ကြတာပါ။ ဆင်ရိုင်းအန္တရာယ် ရင်ဆိုင်နေရတဲ့ ဘူးကွဲကြီးအပါအဝင် ရွာတချို့ကတော့ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးဌာနက စေလွှတ်တဲ့ ဆင်ထိန်းသူတချို့နဲ့ ဆင်လိမ္မာ သုံးကောင်ရဲ့ အကူအညီ ရနေပါတယ်။

ဒီလိုအခြေအနေမှာပဲ ရွာနဲ့ သိပ်မဝေးတဲ့ဒေသမှာ ဆင်ရိုင်းတချို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ သစ်လုပ်ငန်းဌာနှ ဒုတိယ အထွေထွေမန်နေဂျာ ဦးညီညီထွန်းက အရေးပေါ်ဆင်ပဋိပက္ခဖြေရှင်းရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးပြီလို့ ပြောပါတယ်။ ရပ်ရွာအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ အကြောင်းကြားလာရင်တော့ အကူအညီလိုတဲ့ နေရာကို ကွန်ဂျီဆင်တွေနဲ့အတူ အရောက်သွားဖို့ အဆင်သင့်ပါပဲလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း သစ်လုပ်ငန်းဌာနရဲ့ ကူညီမှုကြောင့် ဒေသတွင်းမှာ ဆင်အန္တရာယ် လျော့ကျခဲ့ပါတယ်။

ဒေါက်တာမျိုးမင်းအောင်ကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ကွန်ဂျီဆင် ၅ ကောင်ပဲ ရှိတယ်၊ နောက်ထပ် ၄ ကောင်လောက်တော့ ရှိသင့်တယ်လို့ ယူဆပါတယ်။

လမ်းသစ်ဖောက်၊ ရေလှောင်တမံဆောက်၊ သစ်ထုတ် စသဖြင့် လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ သစ်တောပြုန်းတီးမှု များလာပြီး ဆင်တွေအတွက် တောတွင်း အစာရေစာ ရှားပါးလာပါပြီ။ ရလဒ်ကတော့ တောဆင်တွေဟာ သူတို့ရှာဖွေ တွေ့ရှိထားတဲ့ စားကျက်မြေအသစ်ရှိရာ စပါးခင်းတွေဆီကို ရောက်လာတော့တာပါပဲ။ ဒီလိုရောက်လာတာကလည်း နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်းပါပဲ။

ဒီနှစ်ပိုင်းမှာ စပါးခင်းတွေ ဖျက်ဆီးခံရမှု ပိုများလာတာကြောင့် ငွေဆောင်က လယ်သမားကြီး ဦးပေါက်စကတော့ စပါးပင်တွေကိုသာမက လယ်ကွက်ကိုပါ စွန့်လွှတ်လိုက်ဖို့ စဉ်းစားနေပါတယ်။

“ဝယ်သူရှိရင် ရောင်းလိုက်တော့မယ်လို့တောင် စဉ်းစားထားပါတယ်ဗျာ။ ဘာလို့လဲ ဆိုတော့ အသက်အန္တရာယ် အင်မတန် ရှိနေတယ်။ နောက်နှစ်လည်း ဆင်တွေ ထပ်မလာဘူးလို့ ယူဆလို့မရဘူး။ လာဦးမှာပဲ” လို့ ဦးပေါက်စက ပြောလိုက်ပါတယ်။ ။

Show More

Related Articles

Back to top button