သတင်း

တောဆင်သတ်ဖြတ်၊ အရေခွံခွာမှု ပိုမိုတိုးပွားလာဟုဆို

ရန်ကုန် – မြန်မာနိုင်ငံအတွင်းရှိ တောဆင်များသည် ၎င်းတို့၏ အရေခွံအတွက် တစ်ပတ် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရကြောင်း၊ မှောင်ခိုဈေးကွက်အတွင်း ဆင်၏ အရေပြားအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ဝယ်လိုအားမြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်ကို အမဲလိုက်သတ်ဖြတ်သည့် အဓိက နေရာတစ်ခုဖြစ်လာကြောင်း တောဆင်ရိုင်းကာကွယ် ထိန်းသိမ်းနေသူများက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံလှုပ်ရှားမှု သတင်းစာ ရှင်းလင်းပွဲတွင်  ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“အခုနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် တောဆင်ရိုင်းတွေက နှစ်အနည်းငယ်အတွင်းမှာ ကွယ်ပျောက်သွား နိုင်ပါတယ်” ဟု  ကမ္ဘာ့လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ ဆက်သွယ်ဆက်ဆံရေး အကြီးတန်းအရာရှိ ကိုရဲမင်းသွင်က  ပြောသည်။

ဝယ်လိုအား

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းကောင်ရေ ၁၈ ကောင် အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ တရားဝင် ကိန်းဂဏန်းများအရ သိရသည်။ နိုင်ငံအတွင်း တောဆင်ရိုင်းကောင်ရေ ၁,၄ဝဝ နှင့် ၂,ဝဝဝ ကြား ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ယင်းထက်လျော့နည်းနိုင်သည်ဟု မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဇော်မင်းဦးက ပြောသည်။

“ကျွန်တော်တို့ အခုအချိန်မှာမှာ တောရိုင်းဆင်တွေ သေဆုံးမှုနှုန်းကို အလေးမထား၊ မလုပ်ဆောင်နိုင်ရင် မြန်မာ့တောရိုင်းဆင်တွေ လုံးဝ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်” ဟု ဆင်များကို ကုသမှုပေးနေသူ ဒေါက်တာ ဇော်မင်းဦးက ပြောသည်။

ဆင်သားရေကို တရားမဝင် ကုန်သွယ်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်ပိုင်းတွင် များစွာ မြင့်တက်လာကြောင်း သူက ရှင်းပြသည်။

တောရိုင်းတိရစ္ဆာန်ပေါများနေဆဲဖြစ်ခြင်းကြောင့်လည်းကောင်း၊ မြန်မာအပါအဝင် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ နယ်စပ်၌ ရွှေတြိဂံဒေသကဲ့သို့သော မှောင်ခိုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာ နယ်မြေ တည်ရှိနေခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံသည် ယင်းကဲ့သို့သော တရားမဝင် ကုန်သွယ်မှုဒဏ်ကို ခံစားနေရခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မင်းဦးက ပြောသည်။

သတ်ခံရမှုနှုန်း

သတ်ဖြတ်အရေခွံဆုတ်ခွာခံခဲ့ရသည့် တောဆင်ရိုင်း အရေအတွက်သည် ယခုနှစ် သြဂုတ်လအထိ “အနည်းဆုံး ၃ဝ” ရှိလိမ့်မည်ဟု ဒေသတွင်း လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများက တွက်ချက်ထားရာ ယင်းသည် သီတင်း တစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရခြင်းဖြစ်သည်ဟု ပြည်တွင်း NGO တစ်ခု ဖြစ်သည့် Grow Back for Posterity မှ ဦးအောင်မျိုးချစ်က ပြောသည်။

သတ်ခံရသည့် တောဆင်ရိုင်းကောင်ရေမှာ ၂ဝ၁၂ ခုနှစ်တွင် တစ်ကောင်သာ ရှိသော်လည်း ၂ဝ၁၄ တွင် ၁၄ ကောင် ရှိကြောင်း၊ ပုံမှန်အားဖြင့် ဆင်ကို အဆိပ်လူးမြား သို့မဟုတ် အားပြင်းသည့် ရိုင်ဖယ်သေနတ်သုံးပြီး  သတ်ဖြတ်ကြကြောင်း သူက ရှင်းပြသည်။

ဆင်သားရေ၊ အစွယ်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြည်တွင်း ပြည်ပသို့တင်ပို့ ရောင်းချကြသည်ဟု သူက ဆိုသည်။

“တောဆင်ရိုင်းတွေကို အဓိက သတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆင်တစ်ကောင်လုံးကို ရောင်းချလို့ရတဲ့ ဈေးကွက်ရှိလို့ပါပဲ။ သူတို့ရဲ ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လက်ဝတ်လက်စားတွေလုပ်တဲ့ နေရာမှာ သုံးသလို ဆေးဖော်တဲ့ နေရာမှာလည်း သုံးပါတယ်။ အဲ့ဒီမှာ ကျွန်တော်တစ်ခု ပြောချင်တာက ဆင်မုဆိုးတွေက ဆင်ကို အဆိပ်လူးမြားနဲ့ပစ်တယ်။ ဆင်ကချက်ချင်းမသေဘူး။ သုံး၊ လေးရက်လောက်ကြာပြီးမှ သေတာ။ အဲ့လို အဆိပ်လူးမြားနဲ့ပစ်ခံရတဲ့ ဆင်အသားကို ယူပြီးတော့ ဆေးဖော်တယ်ဆိုရင် အဲ့ဆေးကို စားသုံး၊ သောက်မိတဲ့ သူကလည်း ၎င်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းထဲက တစ်ခုခု မသေဘူးလို့မပြောနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဆိပ်မိနေတဲ့ အသားကို ဆေးဖော်ထားတဲ့  အတွက်ကြောင့်ပါပဲ” ဟု သူက ဆိုသည်။

ကာကွယ်ပေးရေး

တောဆင် အရေအတွက် လျင်မြန်စွာလျော့နည်းလာသည့် အခြေအနေကို ကာကွယ်တားဆီးတုံ့ပြန်နိုင်ရန် အတွက် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (BANCA)၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေး အဖွဲ့(FFI) မြန်မာ၊ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများအသင်း (Fow) နှင့် မြန်မာသစ်လုပ်ငန်း စသည့် အစိုးရနှင့် NGO/INGO အဖွဲ့အစည်း ၉ ဖွဲ့ပူးပေါင်း၍ မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံလှုပ်ရှားမှု အစီအစဉ်ကို ဖွဲ့စည်းထားသည်။

ထိုလှုပ်ရှားမှုကို ယခုနှစ် နိုဝင်ဘာလမှစ၍ ၆ လကြာ ပြုလုပ်မည်ဖြစ်ကြောင်း WWF မှ ကိုရဲမင်းသွင်က ပြောသည်။

အဆိုပါလှုပ်ရှားမှုကို အများပြည်သူ သတိပြုမှု မြင့်တက်လာစေရန်၊ တိုက်တွန်းအားပေးမှုများ ပိုမိုခိုင်မာ လာစေရန်၊   ဆင်အပါအဝင် အခြားသော တိရစ္ဆာန်နှင့် ၎င်းတို့၏ ဆက်စပ်အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့် ပစ်နိုင်ရန် ရည်ရွယ်၍  ပြုလုပ်သွားမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။

Show More

Related Articles

Back to top button