အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်ခိုင်ဖြိုး၏ စွမ်းဆောင်ရည်ဆုရှင် သေနတ်ဖြင့်ပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က နှစ်ဆန်းပိုင်း၌ပင် စွမ်းဆောင်ရည်ဆုချီးမြှင့်ထားသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်။

အပစ်ခံရသည့် ဦးခင်မောင်ဦးသည် ငြိမ်းချမ်းစွာဆန္ဒပြသူများ အဖမ်းခံရရန် သတင်းပေးသူ (ဒလန်) အဖြစ် ရပ်ရွာအတွင်း နာမည်ကျော်ကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၁၇၊ ညနေပိုင်းတွင် အမှတ် ၃ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ရှိနေစဉ် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦး လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ဒဏ်ရာရသွားပြီး မန္တလေးမြို့၌ ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့က ပြောသည်။

အပစ်မခံရမီ ဇွန်၂ကပင် ကန့်ဘလူမြို့၌ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးသေဆုံးရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ စွမ်းဆောင်ရည်ကို ဦးခင်မောင်ဦးက Facebookတွင် ရေးသားဝေဖန်ခဲ့သေးသည်ဟု ဒေသခံအချို့ကဆိုသော်လည်း အသေးစိတ်ကို စုံစမ်း၍မရသေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဲဒီတုန်းက သူရေးတာက အပစ်မခံရခင် တစ်ပတ်လောက်က၊ စစ်တပ်ကိုင်တွယ်တာ အားမရလို့ သူတို့ကို သေနတ်ပေးရင် အကုန်သတ်ပြမယ်ဆိုပြီး ပြောခဲ့တာ။ အဲဒါ ဒီက ကျွန်တော်တို့မြို့ကလူတွေ အကုန်သိတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် ဦးခင်မောင်ဦး တိုက်ခိုက်ခံရပြီးနောက်ရက် (ဇွန် ၁၈)တွင် ကန့်ဘလူမြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးဉာဏ်မင်းထွန်းကို စစ်ကောင်စီက နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏ မိသားစုက Myanmar Now ကို အတည်ပြုသည်။

“သူ(ခင်မောင်ဦး)က ကန့်ဘလူမြို့မှာဖြစ်တဲ့ ကိစ္စမှန်သမျှ ကိုဉာဏ်မင်းထွန်းလုပ်တာဆိုပြီး အပြစ်ပုံချတာ။ အဲဒီပစ်ခံရတဲ့ နေ့မှာပဲ စစ်ကောင်စီက အိမ်ကို လာရှာတယ်၊ ပြီးတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲစခန်းကို ခဏလေးလာပါဦးဆိုပြီး၊ မေးစရာရှိလို့ပါဆိုပြီး (ဦးဉာဏ်မင်းထွန်းကို) ခေါ်သွားတာ။ ပြီးတော့ ရဲစခန်းက ပြန်မလွှတ်တော့ဘူးဆိုပြီး ခေါ်ထားလိုက်တာ”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ဦးဉာဏ်မင်းထွန်းကို သေနတ်ပစ်ခတ်မှုဖြင့် အမှုတပ်အရေးယူခြင်း မရှိသေးသော်လည်း ထောင်သုံးနှစ်အထိကျနိုင်သည့် နိုင်ငံ‌တော်မတည်မငြိမ်ဖြစ်စေရန် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ကာ ကန့်ဘလူရဲစခန်း၌ ချုပ်နှောင်ထားကြောင်း အထက်ပါမိသားစုဝင်ထံမှ သိရသည်။

ပစ်ခတ်ခံရသူ ဦးခင်မောင်ဦးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဖျက်သိမ်းမခံရမီအထိ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူလည်းဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။

ထောင်ပြေးဦးကျော်မြင့် ဥက္ကဋ္ဌတာဝန်ယူထားသည့် နှင်းဆီပါတီအကြောင်း Myanmar Now က စုံစမ်းရေးသားပြီးနောက် ၂၀၂၀ အောက်တိုဘာ ၁၇တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့် မလျော်ညီသည့် ကိစ္စများ စိစစ်တွေ့ရှိ၍ ပါတီကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

နှင်းဆီပါတီဖျက်သိမ်းခံရပြီးနောက်တွင် အနယ်နယ်အရပ်ရပ်ရှိ ပါတီဝင်များက စစ်တပ်ကျောထောက်နောက်ခံ USDP ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီကြရာတွင် ဦးခင်မောင်ဦးသည် တစ်ယောက်အပါအဝင်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလအတွင်း စည်းရုံးရေးဆောင်ရွက်ကြစဉ် လူသေဆုံးသည်အထိ ဖြစ်ခဲ့ရသော ကာဘိုးရွာဖြစ်စဉ်အတွင်း USDP ဘက်မှ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူ ဦးခင်မောင်ဦးကို ရဲတပ်ဖွဲ့ကပင် ခေါ်ယူစစ်ဆေးခဲ့ဖူးသည်။

ဒေသခံများကမူ အဆိုပါရန်ပွဲကို ဦးခင်မောင်ဦး ဦးဆောင်စီစဉ်သည်ဟု ယုံကြည်ကြသော်လည်း အရေးယူခံရခြင်းမရှိခဲ့သလို Myanmar Now ကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါဖြစ်စဉ်အပြီး ၂၀၂၁ ဇန်နဝါရီတွင် ဦးခင်မောင်ဦးကို USDP ပြည်ခိုင်ဖြိုးပါတီက စွမ်းဆောင်ရည်ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်ဟု ဒေသခံများက အတည်ပြုသလို ဆုလက်ခံရယူနေသည့် ဓာတ်ပုံကိုလည်း တွေ့ရသည်။

အထက်ပါအကြောင်းများနှင့် စပ်လျဉ်း၍ ဦးခင်မောင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ကန့်ဘလူမြို့နယ်အတွင်း USDP ပါတီဝင်များ၏ လက်နက်ကိုင်ရမ်းကားမှုများ ပေါ်ပေါက်နေပြီး ဇွန် ၁၆ရက်တွင် ရီးဒွေးကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများ၏ နေအိမ်လေးလုံးဖျက်ဆီးခံလိုက်ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles