
လေယာဉ်ဆီများတင်ဆောင်လာသည့် ဆီတင်သင်္ဘောတစ်စီးမှာ စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ရန်ကုန်သို့ ဦးတည်ခုတ်မောင်းလျက်ရှိကာ ဇွန် ၂၆ ရက်တွင် ရန်ကုန်သို့ ဆိုက်ကပ်မည်ဖြစ်သည်။
ပနားမားနိုင်ငံအလံလွှင့်ထူထားသည့် SANTYA အမည်ရှိ ဆီတင်သင်္ဘောမှာ စင်ကာပူနိုင်ငံမှ ဇွန် ၂၂ ရက်တွင် ထွက်လာခြင်းဖြစ်ကာ ကုန်ပစ္စည်းအပါ အလေးချိန်အားဖြင့် တန်ချိန် ၁၀,၀၀၀ ကျော် ရှိသည်ဟု နိုင်ငံတကာရေကြောင်းသွားလာမှုအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေသည့် Marine Traffic ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါသင်္ဘောမှာ ယနေ့ (ဇွန် ၂၄) ညနေပိုင်းတွင် မလ္လကာရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်းလျက်ရှိပြီး ရန်ကုန်မြို့သို့ ဇွန် ၂၆ ရက်တွင် ဆိုက်ကပ်မည်ဟု ခန့်မှန်းထားသည်။
ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းသည့်အပြင် တိုင်းရင်းသားဒေသများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီကို လေယာဉ်ဆီရောင်းချခြင်းမပြုရန် စွမ်းအင်ကုမ္ပဏီများကို ပြည်တွင်းနှင့် နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများက အပြင်းအထန်ဖိအားပေးလျက်ရှိသည်။
ထိုသို့သော ဖိအားပေးမှုများကြောင့် စစ်ကောင်စီက အချို့သောကုမ္ပဏီများမှတစ်ဆင့် လေယာဉ်ဆီ တိတ်တဆိတ်တင်သွင်းနေဖွယ်ရှိပြီး ရန်ကုန်သို့ ဦးတည်ခုတ်မောင်းနေသည့် SANTYA ဆီတင်သင်္ဘောတွင် လေယာဉ်ဆီ (Jet A1) များတင်ဆောင်လာသည်ကို Myanmar Now က ရရှိထားသည့် အချက်အလက်များအရ သိရသည်။
လေကြောင်းပို့ဆောင်ရေးလုပ်ငန်းသုံးအနေဖြင့် လေယာဉ်ဆီကို Jet A1 ဟုခေါ်ဆိုပြီး အဆိုပါ လေယာဉ်ဆီကို အရပ်ဘက်သုံးခရီးသည်တင်လေယာဉ်များသာမက စစ်ဘက်သုံးတိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များတွင်လည်း အသုံးပြုနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
စစ်ဏာသိမ်းပြီးနောက် တရုတ်နိုင်ငံပိုင် Petro China ကုမ္ပဏီ၏ စင်ကာပူဌာနခွဲက MT Yu Dong အမည်ရှိ ဆီတင်သင်္ဘောဖြင့် လေယာဉ်ဆီတန်ချိန် ၁၃,၃၀၀ ကျော်နှင့် ဓာတ်ဆီ ၄,၀၀၀ တို့ကို ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းမှတစ်ဆင့်ရောင်းချခဲ့ကြောင်း ရိုက်တာသတင်းဌာနက မေလအတွင်း ဖော်ပြခဲ့သည်။

အဆိုပါဆီတင်သင်္ဘောသည် လောင်စာဆီတင်သင်္ဘောအများအပြားဆိုက်ကပ်လေ့ရှိသည့် သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ဖွယ်ရှိပြီး Jet A1 လေယာဉ်ဆီဖြစ်သောကြောင့် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် ပျံသန်းနေသော တိုက်ခိုက်ရေးလေယာဉ်များအတွက် အသုံးပြုဖွယ်ရှိနေသည်။
ဇွန် ၂၆ ရက်တွင် ရန်ကုန်သို့ ဆိုက်ကပ်မည်ဖြစ်သော SANTYA ဆီတင်သင်္ဘောမှာ စင်ကာပူနိုင်ငံ Jurong ကျွန်းဆွယ်ရှိ ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာဖွယ်ရှိသည်။
ထိုဆီတင်သင်္ဘောကို ဂျပန်အခြေစိုက် ENEOS Ocean (JX Ocean) လက်အောက်ခံဖြစ်သော New Ocean (စင်ကာပူ) ကုမ္ပဏီက စီမံခန့်ခွဲနေပြီး သင်္ဘောအမည်မှာ မူလက KIRANA SANTYA ဖြစ်သော်လည်း မကြာသေးမီက SANTYA ဟူ၍ ပြောင်းလဲခဲ့ကာ ပနားမားနိုင်ငံမှ သင်္ဘောလိုင်စင်ထုတ်ပေးထားကြောင်း လိုင်စင်ရသင်္ဘောများ၏ အချက်အလက်ကိုဖော်ပြသည့် FleetMon ဝက်ဘ်ဆိုက်အရ သိရသည်။
အဆိုပါ SANTYA ဆီတင်သင်္ဘောမှာ မေလကုန်ပိုင်းကလည်း စင်ကာပူမှတစ်ဆင့် ရန်ကုန် သီလဝါဆိပ်ကမ်းသို့ လာရောက်ခဲ့ကြောင်း Marine Traffic ဝက်ဘ်ဆိုက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးခြင်းကို မည်သည့်ကုမ္ပဏီများက လုပ်ဆောင်သည်ဆိုသော အသေးစိတ်အချက်အလက်များကိုမူ မသိရသေးဘဲ SANTYA ဆီတင်သင်္ဘောကို ပိုင်ဆိုင်သည့် ENEOS Ocean ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ဇွန် ၂၆ တွင် ဆိုက်ကပ်မည့် SANTYA ဆီတင်သင်္ဘောဖြင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးခြင်းကို ထိုင်းနိုင်ငံပိုင် PTT နှင့် ပြည်တွင်း ကမ္ဘောဇကုမ္ပဏီအုပ်စုပူးပေါင်းလုပ်ကိုင်နေသည့် Brighter Energy ကုမ္ပဏီ၊ မြန်မာနိုင်ငံစက်သုံးဆီအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီနှင့် Puma ကုမ္ပဏီ၏ မိတ်ဖက် Asia Sum ကုမ္ပဏီတို့ထဲမှ တစ်ခုခုဖြစ်နိုင်သည်ဟု နီးစပ်သူတစ်ဦးကဆိုသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ပြည်တွင်း၌ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် စင်ကာပူအခြေစိုက် Puma စွမ်းအင်ကုမ္ပဏီက နိုင်ငံတွင်းအခြေအနေများကြောင့် လေယာဉ်ဆီရောင်းချခြင်းကို ခေတ္တရပ်ဆိုင်းကြောင်း အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့သည်။
ထို့ပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ထက်မနည်းရှိခဲ့သော ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တွင်လည်း လေယာဉ်ဆီများ အချိန်မီပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချမှုရပ်ဆိုင်းကြောင်း မေလတွင် အကြောင်းကြားခဲ့သည်။