
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ရာနှင့်ချီ သေဆုံးခဲ့ရပြီဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများ ဟန့်တားနိုင်ရေး တောင်းဆိုနေကြသော်လည်း အာဏာသိမ်းစစ်တပ်ကမူ ဟန်မပျက် ဆက်လက်ကျူးလွန်နေဆဲပင်။
အခရာကျသည့်ကိစ္စရပ်တစ်ခုမှာ စစ်ကောင်စီထံ လေယာဉ်ဆီမရောက်ရှိရေးဖြစ်ကာ လေယာဉ်ဆီ တင်သွင်းပေးနေသူများကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူနေသော် လည်း အရာမထင်လှပေ။ နေ့စဉ်နှင့်အမျှ လူသတ်မှုကျူးလွန်နေသော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များက သက်သေပင်။
ယခုလဆန်းပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ လူစုလူဝေးပြုလုပ်နေစဉ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး ရဟတ်ယာဉ်ဖြင့်ပါ အနီးကပ်ပစ်ခတ်သည်။ ထို့ပြင် ထိုနေ့ညနေပိုင်းတွင် ထပ်မံဗုံးကြဲတိုက်ခိုက်ပြန်သည်။ လူမဆန်သော ထိုတိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါအဝင် လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့ရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက လွန်ခဲ့သည့်တစ်နှစ်ခန့်မှစ၍ လေကြောင်းတိုက်ခိုက်မှုကို မရပ်မနားအသုံးပြုလာသည်။ အရပ်သားများကိုပါမချန် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ပဇီကြီးကဲ့သို့သောအဖြစ်များ ထပ်မံ မပေါ်ပေါက်လာစေရန် နိုင်ငံတကာအနေဖြင့် လေယာဉ်ဆီ ထောက်ပံ့ကုမ္ပဏီများအပြင် ထိုကွင်းဆက်ကို ထိန်းချုပ်နေသည့် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ကိုပါ ပိတ်ဆို့အရေးယူသင့်သည်ဟု Justice For Myanmar (JFM) မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ယခု လ ၁၇ ရက်တွင် ပြောသည်။
“နိုင်ငံတကာကုမ္ပဏီတွေက လေယာဉ်ဆီထောက်ပံ့ပေးပြီး အကျိုးအမြတ်ယူနေတာဖြစ်ပါတယ်။ MPE နဲ့ ပါဝင်နေတဲ့ ကုမ္ပဏီတွေအားလုံးကိုလည်း အရေးယူဒဏ်ခတ်သင့်နေပြီ”
ပြီးခဲ့သည့် မတ်လကုန်ပိုင်း၌ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်နေသော ကုမ္ပဏီအချို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ကြေညာခဲ့ရာတွင် လေယာဉ်ဆီတင်သွင်းပေးနေသူများအနက် အကြီးဆုံးဖြစ်သော Asia Sun ပါဝင်ခဲ့သည်။ Asia Sun Group၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics တို့အပြင် Shoon Energy နှင့် ထိုကုမ္ပဏီမှ ဒါရိုက်တာနှင့် အစုရှယ်ယာရှင် ဒေါ်ခင်ဖြူဝင်းလည်း ပါဝင်သည်။
ထိုကုမ္ပဏီများသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီထောက်ပံ့ပေးနေကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်သော မရဏကုန်စည် (Deadly Cargo) အမည်ရ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
မြန်မာလေတပ်ကို ထောက်ပံ့နေသည့် အဖွဲ့အစည်းများတွင် ရေနံနှင့် ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီများဖြစ်သော Cheron, ExxonMobil, Rosneft, PetroChina နှင့် Thai Oil တို့အပြင် ကိုရီးယားရေကြောင်းပို့ဆောင်ရေးလုပ်ငန်း Pan Ocean နှင့် နော်ဝေမှ Wilhelmsen တို့လည်း ပါဝင်ပြီး ၎င်းတို့အနေဖြင့် အမြန်ဆုံးနုတ်ထွက်ပေးရန် လိုအပ်ကြောင်း Amnesty ၏ အထွေထွေအတွင်းရေးမှူး Agnes Callamard က တိုက်တွန်းပြောဆိုခဲ့သည်။
ထိုအစီရင်ခံစာထွက်ပြီး ၁၀ ရက်ခန့်အကြာတွင် စင်ကာပူအခြေစိုက် Puma Energy ကုမ္ပဏီက ၎င်းတို့လုပ်ငန်းများကို Asia Sun Group ၏ လက်ခွဲကုမ္ပဏီဖြစ်သော Shoon Energy ထံ ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ Puma ကုမ္ပဏီမှာ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ အောက်တိုဘာအထိ စစ်ကောင်စီအတွက် လေယာဉ်ဆီအမြောက်အမြား တင်သွင်းပေးခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ Asia Sun Group ကို ဦးဇော်မင်းထွန်း တစ်ဦးတည်းပိုင်ဆိုင်ပြီး Shoon Energy (Shoon Holding) ကို ပိုင်ဆိုင်သူမှာ ဒေါ်ခင်ဖြူဝင်း ဖြစ်သည်။ ၎င်းတို့ကို ဗြိတိန်ကလည်း ပိတ်ဆို့အရေးယူထားသည်။
ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK ကလည်း ယမန်နေ့ (ဧပြီ ၂၀) တွင် ထုတ်ပြန်ချက်ဖြင့် စစ်ကောင်စီအတွက် လေယာဉ်ဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ဝန်ဆောင်မှုပေးနေသည့် အာမခံကုမ္ပဏီ ၅ ခုကို ဖိအားပေးလိုက်သည်။
ဗြိတိန်အာမခံကုမ္ပဏီများဖြစ်သည့် UK P&I, Steamship Mutual, Britannaia P&I, North Standard နှင့် Shipowners Club တို့သည် မြန်မာနိုင်ငံသို့ လေယာဉ်ဆီပို့ဆောင်သည့် လုပ်ငန်းတွင် အာမခံဝန်ဆောင်မှု ပေးနေပြီး ထိုကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ရပ်တန့်ရမည်ဟု ဆိုသည်။
မြန်မာစစ်တပ်သည် နိုင်ငံကို ထိန်းချုပ်ရန် လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု Burma Campaign UK က ဆိုသည်။
သို့သော် ထိုသို့သော ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနိုင်ရေး စစ်ကောင်စီဘက်က စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်သည့် အချက်အလက်ပိတ်ပင်ကန့်သတ်လာသည့်နည်းတူ နီးစပ်ရာကုမ္ပဏီများကလည်း အမည်ပြောင်းလှုပ်ရှားနေသည်ဟု ဝါရှင်တန်ရှိ National War ကောလိပ်မှ ပါမောက္ခတစ်ဦးဖြစ်သူ Zachary Abuza က South China Morning Post သတင်းစာတွင် ယခုလ ၉ ရက်တွင် ရေးသားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အင်တာနက်စာမျက်နှာများမှတစ်ဆင့် ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် သက်ဆိုင်သော အရေးကြီးအချက်အလက်များ သိရှိနိုင်ခွင့်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်ကို ၎င်းက ရည်ညွှန်းခြင်းပင်။
လူအများစု သတိမထားမိသော ထိုလှုပ်ရှားမှုသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားနိုင်ရေး စစ်ကောင်စီ၏ ခြေလှမ်းပင်ဖြစ်ကြောင်း ပါမောက္ခ Zachary Abuza က ဆိုသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့သော အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCo) အရ ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် သက်ဆိုင်သော အချက်အလက်များကို မည်သူမဆို ၂၄ နာရီ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပတ်သက်ဆက်နွှယ်သူများ၏ အကျိုးစီးပွားအတွက် အများပြည်သူ ကြည့်ရှုခွင့်ရှိသည့် အရေးကြီးအချက်အလက်များကို စစ်ကောင်စီက ဖုံးကွယ်နေခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ဗိုလ်ချုပ်များ၊ မိသားစုဝင်များနှင့် ပတ်သက်ဆက်နွှယ်သူများ အပါအဝင် ရာနှင့်ချီသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျတို့က ပိတ်ဆို့အရေးယူထားသည်။ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသော စွပ်စွဲချက်ဖြင့် ပြည်တွင်းမှ Yangon Aerodrome၊ Asia Sun Energy၊ မြတ်မေတ္တာမွန်၊ Golden Myanmar Airlines၊ ရွှေဗျိုင်းဖြူနှင့် Brighter Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်းသွင်းကြောင်း ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ကြေညာခဲ့သည်။