သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် ကူညီပါဝင်နေသူများကို ဖော်ထုတ်

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီဖြည့်တင်းပေးမှုများတွင် ပါဝင်ပတ်သက် နေသော နိုင်ငံများနှင့်ကုမ္ပဏီများအနေဖြင့် အမြန်ဆုံး ရပ်တန့်ရန်လိုအပ်ပြီး စစ်တပ်၏ စစ်ရာဇဝတ်မှုများ၌ ပါဝင်နေသလို ဖြစ်နေကြောင်း ယူကေအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့ ဖြစ်သော Amnesty International ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ 

နိုဝင်ဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော ထိုအစီရင်ခံစာကို “Deadly Cargo: Exposing the Supply Chain that Fuels War Crimes in Myanmar” (မရဏကုန်စည်၊ မြန်မာနိုင်ငံ၏ စစ်ရာဇဝတ်မှုတွင်ပါဝင်နေသည့် ကုန်စည်လမ်း ကြောင်းများဖော်ထုတ်ခြင်း) ဟု အမည်ပေးထားပြီး မြန်မာစစ်တပ်၏ အရပ်သားများပေါ် လေကြောင်း တိုက်ခိုက်မှုတွင် ပါဝင်နေသည့် နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ထားသည်။ 

၂၀၁၅ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွက် အဓိက လေယာဉ်ဆီတင်သွင်းပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေ စိုက် Puma စွမ်းအင်ကုမ္ပဏီသည် ပြီးခဲ့သည့်လပိုင်းအတွင်း မြန်မာနိုင်ငံမှ ထွက်ခွာရန်ကြေညာခဲ့ပြီး ယခု အစီရင်ခံစာတွင်လည်း အလားတူအခြားကုမ္ပဏီများကို ထိုကဲ့သို့ ထွက်ခွာရေး ဖိအားပေးရန် ရည်ရွယ်သည် ဟု ပါရှိသည်။ 

မြန်မာလေတပ်အတွက် ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ၊ ရေကြောင်းပို့ဆောင်ရေး အေးဂျင့်များ၊  သင်္ဘောပိုင်ရှင်များနှင့် ရေကြောင်းဆိုင်ရာ အာမခံကုမဏီများအနေဖြင့် လက်ရှိတွင် အမြန်ဆုံး နုတ်ထွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း Amnesty ၏ အထွေထွေအတွင်းရေးမှူး Agnes Callamard မှ ကြာသာပတေးနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ ကြေညာချက်တွင် ပြောထားသည်။ 

ထိုအထဲတွင် ရေနံနှင့်ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီများဖြစ်သော Chevron, ExxonMobil, Rosneft, PetroChina နှင့် Thai Oil ကုမ္ပဏီများပါဝင်နေကြပြီး ကိုရီးယား ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် Pan Ocean နှင့် Norwegian Maritime အဖွဲ့ Wilhelmsen တို့လည်း ပါဝင်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားသည်။ 

မြန်မာနိုင်ငံသို့ တင်သွင်းသည့် Jet A-1 အမျိုးအစား လေယာဉ်ဆီများသည် အရပ်သုံးလေယာဉ်များတွင် အသုံး ပြုရန်ဖြစ်သည်ဟု ကုမ္ပဏီများဘက်က ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် ပေါက်ကြားလာသည့် စာရွက်စာတမ်း များအရ အဆိုပါလေယာဉ်ဆီများအား မြန်မာစစ်တပ်အတွက် မကြာခဏ ပေးပို့နေသည်ကို တွေ့ရှိရသည် ဟု ထိုအစီရင်ခံစာမှာ ရေးသားထားသည်။ 

Thai Oil နှင့် PetroChina ပိုင် Singapore Petroleum ကုမ္ပဏီတို့မှ တင်သွင်းသည့် လေယာဉ်ဆီများတွင် “ တပ်မတော် (မြန်မာစစ်တပ်) ၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အသုံးပြုရန်”ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အကောက်ခွန်ဌာနသို့ လိပ်မူပြီး ပေးပို့ထားသည့် စာများက ဖော်ပြထားနေသည်ဟု ဆိုသည်။

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း လေယာဉ်မှကြဲချခဲ့သော ဗုံးတစ်လုံး မပေါက်ကွဲဘဲ လူနေအိမ်အနီး ကျရောက်နေသည်ကို ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်က တွေ့ရစဉ်။

အဆိုပါ သက်သေများကြောင့် အချို့သောကုမ္ပဏီများအနေဖြင့် မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများတွင် ဆက်လက်ပါဝင်ထောက်ပံနေခြင်း မပြုလုပ်တော့ရန်အတွက် သဘောတူညီမှုများ ရခဲ့ကြောင်း ဖော်ပြထားသည်။ 

Thai Oil ကုမ္ပဏီက ၎င်း၏လေယာဉ်ဆီများ တင်သွင်းမှုကို ပြဿနာများ မပြီးဆုံးသေးသည်အထိ ရပ်တန့်ထား မည်ဟု ကြေညာခဲ့ပြီး Wilhelmsen မှ မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် Jet A-1 အမျိုးအစား လေယာဉ်ဆီများကို ပေးပို့သည့် သင်္ဘော နှင့် ကုန်စည်များကို ဝန်ဆောင်မှုပေးသည်လုပ်ငန်းများ ချက်ချင်းရပ်တန့်မည်ဟု ကြေညာ သည်။ 

ကျန်ရှိသည့် အခြားကုမ္ပဏီများမှ ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ဆိုးရွားသောပဋိပက္ခများအတွက် လောင်စာဆီ ပေးသွင်းနေသည့် ကိစ္စရပ်များကို တစ်စုံတစ်ရာ ဖော်ထုတ်ပြောဆိုခြင်းမရှိသေးပေ။ တစ်ချိန်တည်းမှာပင် အရပ်သားသေဆုံးမှုများကလည်း နေ့စဉ် တိုးလာနေသည်။ 

အာဏာသိမ်းပြီးကာလ ၂ နှစ်နီးပါးအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၏ အသေးစိတ် ထိခိုက်မှုများကို Amnesty ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၁၆ ဒါဇင်မျှသော လေကြောင်း တိုက်ခိုက်မှု များကို မြန်မာစစ်တပ်က ပြုလုပ်ခဲ့ပြီး အရပ်သားများကို ပစ်မှတ်ထားခဲ့သည်ဟု ပါရှိသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ တာဒွေးချောင်းကျေးရွာသို့ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ နေအိမ် ၄ လုံးပျက်စီးပြီး လူသေဆုံး ဒဏ်ရာရမှုများဖြစ်ခဲ့သည်။ 

ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း မိဘနှစ်ဦးနှင့် သမီးငယ်ဆုံးရှုံးခဲ့ရသော ၃၈ နှစ်အရွယ် ဒေသခံလယ်သမားတစ်ဦး က “အသားစများ နေရာအနှံမှာပဲ ဘယ်ဟာက လူ၊ တိရစ္ဆာန် ခန္ဓာကိုယ်ဆိုတာ ခွဲလို့မရတော့ဘူး” ဟု ကြုံတွေ့ရပုံ ကို ပြောသည်။

“ကျွန်တော်တို့ရွာမှာ သူတို့ရန်သူတွေ မရှိလို့ လေယာဉ်နဲ့ ဗုံးကြဲလိမ့်မယ်လို့ မထင်ခဲ့မိဘူး.. ဘာကြောင့်သူတို့ ဒီလို လုပ်တာလဲ..ကျွန်တော်တို့လို သာမန်လူတွေအပေါ်ဒီလိုလုပ်ရက်တာလဲဆိုတာ ကျွန်တော် စဉ်းစားလို့ကိုမရဘူး” ဟု ထိုသူက Amnestry ၏ အင်တာဗျူးတွင် ပြောခဲ့သည်။

Amnesty ၏ အထွေထွေအတွင်းရေးမှူး Callamard  က “ဒီလို လေကြောင်းတိုက်ခိုက်မှုတွေဟာ မိသားစုတွေ၊ အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်တဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခုသာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ဆက်လက်၍ “သူတို့အနေနဲ့ လေယာဉ်ဆီတွေ မရတော့ဘူးဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လုပ် ဆောင်ဖို့အတွက် အခက်အခဲဖြစ်စေမှာ အမှန်ပဲ” ဟု ဆိုသည်။

နိုင်ငံအနှံ့ခုခံမှုများကြောင့် မြေပြင်တပ်များ အထိနာနေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ရက်စက်သော တိုက်ခိုက်မှုများကို တောက်လျှောက်ပြုလုပ်နေသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်က ပစ်ခတ်ရာ ကလေး ၇ဦးအပါအဝင် ၁၃ ဦးထက် မနည်း သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါတွင် ပြုလုပ်နေသည့် တေးဂီတ ဖျော်ဖြေပွဲ ကို ညဘက်ကြီး ဗုံးကြဲသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အရာရှိ၊ စီးပွားရေးသမား၊ အနုပညာရှင် နှင့် ပြည်သူ ၆၀ ကျော်သေဆုံးကာ ၁၀၀ ထက်မနည်း ဒဏ်ရာရသွားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

     

    Show More

    Related Articles

    Back to top button