အာဏာသိမ်းနှစ်နှစ်ပြည့်တွင် အမေရိကန်နှင့် မဟာမိတ်များက ထပ်မံအရေးယူ 

အာဏာသိမ်းနှစ်နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ်ဆင်နွှဲနေသည့် ရန်ကုန်မြို့ မြင်ကွင်း။ ဓာတ်ပုံ-Myanmar Now

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်တွင် စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ကြောင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံဖြစ်သော ကနေဒါ၊ ဗြိတိန်နှင့် ဩစတြေးလျတို့က ကြေညာသည်။​

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးမှစ၍ အမေရိကန်အစိုးရက စစ်ခေါင်းဆောင်များ အပါအဝင် ပတ်သက်ဆက်နွှယ်သူများကို ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ချမှတ်ခဲ့ရာ ယခုတစ်ကြိမ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်းနှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများကို ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်။

စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်းဖြစ်နေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရန် တောင်းဆိုမှုများရှိနေသော်လည်း အမေရိကန်အစိုးရက MOGE ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုဦးဆောင်ညွှန်ကြားရေးမှူးကိုသာ ပိတ်ဆို့အရေးယူသည်။​

ကနေဒါနှင့် ဗြိတိန်တို့က စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသော လူပုဂ္ဂိုလ်ခြောက်ဦးနှင့် ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေရာတွင် စစ်ကောင်စီလေတပ်အတွက် လေယာဉ်ဆီဖြန့်ဖြူးပေးနေသောကြောင့် ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။​

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မဟာမိတ်ဖြစ်သော ဩစတြေးလျနိုင်ငံအနေဖြင့် အာဏာသိမ်း မြန်မာစစ်တပ်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခြင်းဖြစ်ကာ စစ်ကောင်စီအဖွဲ့ဝင် ၂၁ ဦးကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်ကာလပြဋ္ဌာန်းချက် နှစ်နှစ်ပြည့်မြောက်ချိန်တွင် စစ်ကောင်စီက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ကာ သာမန်မဟုတ်သော အခြေအနေဖြစ်သည်ဟု အကြောင်းပြ၍ အာဏာဆက်လက်သိမ်းယူထားရန် ပြင်ဆင်နေသည်။

ကာလုံအစည်းအဝေးဆုံးဖြတ်ချက်ကို ယနေ့ထုတ်ပြန်မည်ဟု စစ်ကောင်စီက ကြေညာထားကာ တစ်ချိန်တည်းမှာပင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ၏ နည်းဥပဒေများထုတ်ပြန်ပြီး ပါတီများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်လျှောက်ထားရန် သတိပေးထားသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အရေအတွက် တစ်သိန်းရှိရန် သတ်မှတ်ထားသည်။

အဆိုပါအချက်မှာ စစ်တပ်နှင့် အပေါင်းအပါများက အာဏာဆက်လက်ရယူထားရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု Reuters သတင်းဌာနက ရေးသားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်မှာ ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်နေပြီး အကြမ်းဖက်မှုများသာ ဆက်ဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ဖော် ပြောဆိုသည်။

“အရေးပါတဲ့ နိုင်ငံရေးသမားတွေကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ထားတယ်။ ရွေးကောက်ပွဲက အားလုံးပါဝင်မှုမရှိသလို ကိုယ်စားပြုမှုအရလည်း မပြည့်စုံဘူး။ သွေးထွက်သံယိုမှုတွေ ပိုများလာမှာ သေချာသလောက်ပဲ” 

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်တွင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဩစတြေးလျတို့က ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်းကို ကြိုဆိုကြောင်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ထုတ်ပြန်သည်။ ထိုနိုင်ငံများအနေဖြင့် ဥရောပသမဂ္ဂနည်းတူ MOGE ကို ပိတ်ဆို့အရေးပေးရန်လည်း တောင်းဆိုသည်။

အာဏာသိမ်းစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေပြီး လူပေါင်း ၂၉၀၀ ကို သတ်ဖြတ်ခဲ့ကြောင်း၊ ၁၇,၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း၊ လူပေါင်းတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုလည်း Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

The junta’s response to mass resistance has been the continued commission of war crimes and crimes against humanity, murdering over 2,900 people, arbitrarily arresting over 17,000 more, displacing 1.1 million people and carrying out indiscriminate air strikes across Myanmar, enabled by the supply of funds, arms and jet fuel.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)