သတင်း

NUG ၏နာမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများကိစ္စ အငြင်းပွားဖွယ်ဖြစ်နေ

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသည်ဆိုသော ကုမ္ပဏီခြောက်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည်ပျက်စာရင်းသွင်းရာတွင် အထောက်အထား ခိုင်ခိုင်ခိုင်မာမာ မရှိသဖြင့် အငြင်းပွားဖွယ်ဖြစ်နေသည်။

ပြည်တွင်းရှိ Yangon Aerodrome၊ Asia Sun Energy၊ မြတ်မေတ္တာမွန်၊ Golden Myanmar Airlines၊ ရွှေဗျိုင်းဖြူနှင့် Brighter Energy ကုမ္ပဏီတို့သည် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် လေယာဉ်ဆီတင်သွင်းကာ ပါဝင်ကူညီပေးနေကြောင်း NUG က ဖေဖော်ဝါရီ ၂၄ နှင့် မတ် ၄ တွင် ထုတ်ပြန်ကြေညာသည်။​

စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၏ စိစစ်တွေ့ရှိမှုအရ အမည်ပျက်စာရင်းသွင်းခြင်းဖြစ်ကာ ထိုလုပ်ငန်းများကို ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်က ဆိုသော်လည်း ထိုကုမ္ပဏီများ လေယာဉ်ဆီတင်သွင်းသည့် အထောက်အထားများ ဖော်ပြထားခြင်း မရှိပေ။​

စီးပွားရေးနှင့် ငွေရေးကြေးရေးအရ ထိုကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန်၊ ထိုသို့ပြုလုပ်ပါက အကြမ်းဖက်စစ်ရာဇဝတ်မှု ကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်းလည်း NUG က ဆိုသည်။ 

လေယာဉ်ဆီတင်သွင်းသည်ဆိုသော အထောက်အထားနှင့် ပတ်သက်၍ NUG ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အဆင့်ဆင့်စိစစ်ပြီးမှ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။ ​

“သတင်းအရင်းအမြစ်အများကြီးကနေ အချက်အလက်ရယူတာ၊ စိစစ်တာ၊ သုံးသပ်တာ၊ အတည်ပြုတာတွေအပါအဝင် Intelligence Cycle (ထောက်လှမ်းရေးကွင်းဆက်) အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှ ထုတ်ပြန်တဲ့အဆင့်ကို ရောက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့ရာတွင် မည်သို့သော သက်သေအထောက်အထားများ ခိုင်ခိုင်မာမာရှိသည်ကိုမူ ၎င်းက ရှင်းလင်းခြင်း မရှိပေ။ 

စစ်ကောင်စီအတွက် စီးပွားရေးလုပ်ငန်းမျိုးစုံ အယောင်ပြကာ လက်နက်ပွဲစားများအဖြစ် ကူညီနေသည်ဆိုသော ပြည်တွင်းမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၉ ဦးကိုလည်း NUG က ယခုနှစ်ဆန်းပိုင်းတွင် အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာသည်။ 

လက်နက်ပွဲစားဆိုသော စွပ်စွဲချက်ဖြင့် အမည်ပျက်စာရင်းသွင်းခံရသူများမှာ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇ၊ KT နှင့် Ky-Tha လုပ်ငန်းစုပိုင်ရှင် ဂျော်နသန်ကျော်သောင်း၊ MCM ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Trident Marine ပိုင်ရှင် ဦးဇော်ဝင်းဦး၊ International Gateway ကုမ္ပဏီအုပ်စုပိုင်ရှင် ဒေါက်တာနိုင်ထွဋ်အောင်၊ Dynasty အုပ်စုပိုင်ရှင် ဒေါက်တာအောင်မိုးမြင့်၊ Suntac ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးစစ်တိုင်းအောင်၊ STE Global Trading ပိုင်ရှင် ဦးထွန်းလှိုင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီများပိုင်ရှင် ဦးအေးကိုတို့ ဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအမတ်များ စတင်စုဖွဲ့ခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှတစ်ဆင့် ပေါ်ပေါက်လာသော စင်ပြိုင်အစိုးရ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချခွင့် ရရှိထားသည့် Puma Energy မှလွဲ၍ ကျန်ကုမ္ပဏီငါးခုက မဟုတ်မှန်ကြောင်း လူသိရှင်ကြားထုတ်ပြန်သည်။​

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည်ပျက်စာရင်းသွင်းခဲ့သော ကုမ္ပဏီများအနက် Yangon Aerodrome မှာ ထိပ်သီးပွားရေးလုပ်ငန်းရှင် စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် Asia World လုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

ရန်ကုန်နိုင်ငံတကာလေဆိပ်ကို စီမံခန့်ခွဲခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ Yangon Aerodrome က လေယာဉ်ဆီတင်သွင်းခြင်း (သို့မဟုတ်) သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ မရှိသကဲ့သို့ အခြားမည်သည့်နေရာတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ယခုလဆန်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

သို့သော် Asia World ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Yangon Aerodrome သည် နေပြည်တော်လေဆိပ်တွင် လေယာဉ်ဆီရောင်းချခွင့်ရရှိထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ရေးသားဖူးသည်။ 

နာမည်ကြီးစက်သုံးဆီလုပ်ငန်းရှင် ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် Golden Myanmar လေကြောင်းလိုင်း၊ တယ်လီနောမြန်မာအရောင်းအဝယ်ကိစ္စတွင် ပါဝင်ပတ်သက်နေသူ ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းပိုင် KBZ အုပ်စု၏ကုမ္ပဏီခွဲတစ်ဖြစ်သည့် Brighter Energy တို့ကလည်း လေယာဉ်ဆီတင်သွင်းခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ဦးအောင်ကိုဝင်းပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Brighter Energy သည် စက်သုံးဆီတင်သွင်းရေးလုပ်ငန်းအတွက် ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံပိုင် PTT ရေနံကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ Brighter Energy နှင့် ပူးပေါင်းကာ ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) သိုလှောင်ဖြန့်ဖြူးရေးစခန်းတည်ဆောက်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း PTT က ကြေညာဖူးသည်။​

ကမ္ဘောဇလုပ်ငန်းစုဝင် Brighter Energy ကုမ္ပဏီသည် ကျောက်တန်းမြို့နယ်ရှိ သီလဝါစီးပွားရေးဇုန်တွင် နှစ်စဉ် ဒေါ်လာတစ်သန်းနီးပါး မြေငှားရမ်းခပေးဆောင်ကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံမှ မြေဧက ၁၇၀ ကျော် ငှားရမ်းလုပ်ကိုင်နေကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ဖော်ပြောဆိုဖူးသည်။​

ထိုမြေများမှာ ဒေသခံ လယ်သမားများထံမှ သိမ်းယူထားခြင်းဖြစ်ကြောင်း HRW က ဆိုသည်။​

လေယာဉ်ဆီ လုံးဝတင်သွင်းခြင်း မရှိကြောင်း အကျောက်အကန်ငြင်းဆိုသည့် နောက်ကုမ္ပဏီတစ်ခုမှာ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် Golden Myanmar လေကြောင်းလိုင်းဖြစ်သည်။ လေယာဉ်ဆီတင်သွင်းရောင်းချရေးအတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိခဲ့သော်လည်း သိုလှောင်ကန်နှင့် ဆိပ်ခံတံတား မဆောက်လုပ်နိုင်သဖြင့် လုံးဝလေယာဉ်ဆီတင်သွင်းနိုင်ခြင်း မရှိဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ စီးပွားကူးသန်းဝန်ကြီး ဒေါ်ခင်မမမျိုးကမူ ယင်းကုမ္ပဏီများ၏ ထုတ်ပြန်ငြင်းဆိုခြင်းကို ကြိုဆိုသော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ကာ လုံးဝပူးပေါင်းဆောင်ရွက်သွားမည် မဟုတ်ကြောင်း ပြောသင့်သည်ဟု ဆိုသည်။

“အခုလို ထုတ်ပြန်ကြေညာတာကို ကြိုဆိုပါတယ်။ ဒီလိုအမြန်အဆန် စစ်ကောင်စီလုပ်ရပ်တွေနဲ့ မပတ်သက်ကြောင်း ထုတ်ပြန်မှုတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီနဲ့ ပတ်သက်ရင် ပြည်သူလူထုက လက်မခံဘူးဆိုတဲ့ အခြေအနေကို သိမြင်နားလည်နေကြပြီဆိုတာ ထင်ရှားပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

“နံရံတွေမှာ နားရှိတယ်၊ လုပ်ရပ်တိုင်းမှာ အရိပ်ရှိတယ်၊ မိုးကြိုးပစ်တယ်ဆိုတာ ထန်းလက်နဲ့ ကာလို့ မရပါဘူး”

စစ်တပ်က အရပ်သားပြည်သူများပါမကျန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် အနီးကပ်ပစ်ကူပေးကာ ဝင်ရောက်စီးနင်းခြင်းများ ဆက်တိုက်ပြုလုပ်လာချိန် စစ်ကောင်စီအနေဖြင့် ပြည်ပမှ လေယာဉ်ဆီတင်သွင်းနိုင်ခြင်း မရှိစေရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အပြင်းအထန် ဖိအားပေးလာသည်။

ပြည်ပမှ ဝင်ရောက်လာသည့် လေယာဉ်ဆီတင်သင်္ဘောများကို စောင့်ကြည့်ခြင်း၊ လေယာဉ်ဆီတင်သွင်းပေးနိုင်ဖွယ်ရှိ ပြည်တွင်းပြည်ပကုမ္ပဏီများကို စောင့်ကြည့်လေ့လာခြင်းများ၊ ဆန့်ကျင်ကန့်ကွက်ခြင်းများ ရှိလာပြီးနောက် NUG က ကုမ္ပဏီခြောက်ခုကို အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။ 

သို့သော် ပြည်တွင်း၌ လေယာဉ်ဆီ တရားဝင်တင်သွင်းရောင်းချခွင့်ရှိသည်မှာ နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် စင်ကာပူနိုင်ငံအခြေစိုက် Puma Energy ကုမ္ပဏီတို့ ဖက်စပ်တည်ထောင်ထားသည့် National Energy Aviation Services (NEPAS) အမည်ရ ကုမ္ပဏီသာ ဖြစ်သည်။

နိုင်ငံပိုင် MPPE ကိုမူ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ 

လက်တင်အမေရိကတွင် စတင်တည်ထောင်ခဲ့သော Puma စွမ်းအင်ကုမ္ပဏီမှာ ၂၀၁၃ ခုနှစ်တွင် တင်ဒါအောင်မြင်ပြီးနောက် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းများကို လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရောင်းချပေးနေသည်။

NUG က အမည်ပျက်စာရင်းသွင်းခဲ့သော Puma ကုမ္ပဏီခွဲ Asia Sun Energy မှာ ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းတွင် မြန်မာနိုင်ငံ၏ ခေတ်အမီဆုံးစက်သုံးဆီသိုလှောင်ရေးစခန်း တည်ဆောက်ထားသည်။ ကတ္တရာ၊ ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီများကို တင်သွင်းရောင်းချနေပြီး လေကြောင်းလိုင်းများအပြင် ကိုယ်စားလှယ် ၆ ခုကို ဖြန့်ဖြူးရောင်းချပေးနေသည်ဟု ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြသည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်က အာဏာသိမ်းစဉ် လေယာဉ်ဆီရောင်းချမှုကို ခေတ္တရပ်ဆိုင်းကြောင်း Puma ကုမ္ပဏီက ထုတ်ပြန်ဖူးသော်လည်း နောက်ပိုင်းတွင် ပြည်ပမှနေ၍ လေယာဉ်ဆီများ ပုံမှန်တင်သွင်းခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း စင်ကာပူနိုင်ငံမှ ထွက်ခွာလာသည့် ဆီတင်သင်္ဘောတစ်စီး ရန်ကုန် သီလဝါရှိ Puma ကုမ္ပဏီပိုင် ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။​ ယင်းသင်္ဘောမှာ Jet A1 ခေါ် လေယာဉ်ဆီများ တင်ဆောင်လာခြင်းဖြစ်သည်။​

ရန်ကုန်မြို့ သီလဝါရှိ Puma ကုမ္ပဏီပိုင်ဆိပ်ကမ်းတွင် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ဆိုက်ကပ်ခဲ့သော SANTAYA အမည်ရှိ ဆီတင်သင်္ဘော။ (ဓာတ်ပုံ – Marine Traffic) 

ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ရပ်နားထားသည်မှာ နှစ်နှင့်ချီရှိပြီဖြစ်သည်။ Puma ကုမ္ပဏီက ပုံမှန်တင်သွင်းနေသည့် လေယာဉ်များမှာ လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားကိုးလာသော စစ်ကောင်စီအတွက် ဖြစ်ဖွယ်ရာများနေသည်။

တိုက်လေယာဉ်များအတွက် လေယာဉ်ဆီကို Puma ကုမ္ပဏီက လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း မကြာသေးမီက လေတပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ ဗိုလ်ကြီးဇေသူအောင်က ထုတ်ဖော်ပြောဆိုထားသည်။

MiG-29 အမျိုးအစား တိုက်လေယာဉ်တစ်စီးသည် တစ်နာရီပျံသန်းပါက ဆီဂါလံ ၇၀၀ ကုန်ကြောင်း၊ ၁၀ နာရီပျံသန်းချိန်အတွက် ဂါလံ ၇၀၀၀ ရှိကြောင်း၊ အခြားလေယာဉ်များပါ ထည့်တွက်မည်ဆိုပါက လေတပ်စခန်းတစ်ခုတွင် လေယာဉ်ဆီမှာ ငါးရက်စာမျှသာ ရှိကြောင်း ၎င်းက ဆိုသည်။​

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် ပြည်ပမှ လေယာဉ်ဆီ တိတ်တဆိတ်ခိုးသွင်းခြင်းများရှိခဲ့ရာ တရုတ်နိုင်ငံပိုင် Petrochina ကုမ္ပဏီ၏ စင်ကာပူဌာနခွဲက လေယာဉ်ဆီတန်ချိန် ၁၃,၀၀၀ ကျော် ပါဝင်သော ဆီတင်သင်္ဘောဖြင့် ရန်ကုန် သီလဝါသို့ ပို့ဆောင်ခဲ့သည်ကို Reuters သတင်းဌာနက ပြီးခဲ့သည့်နှစ် မေလအတွင်း ဖော်ထုတ်ရေးသားသည်။ 

လေယာဉ်ဆီတင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ကို ဆက်သွယ်မေးမြန်းရာတွင် လက်ရှိ၌ Puma ကုမ္ပဏီမှလွဲ၍ လေယာဉ်ဆီ တင်သွင်းရောင်းချခွင့်ပြုထားသည့် အခြားကုမ္ပဏီ မရှိဟု Myanmar Now ကို ပြောသည်။

စင်ကာပူအခြေစိုက် Puma ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိထားသည့် လေယာဉ်ဆီလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီများကလည်း စိတ်ဝင်စားမှုရှိနေသည်ဟု စက်သုံးဆီဖြန့်ဖြူးရောင်းချရေးလုပ်ကိုင်သည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“လေယာဉ်ဆီလည်းပဲ ကျွန်တော်တို့က လုပ်ချင်ပါတယ်။ လုပ်ခွင့်မရပါဘူး။ စက်သုံးဆီက နိုင်ငံခြားက တင်သွင်းတယ်ဆိုရင် အများဆုံး ၂ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းလောက်ပဲ အမြတ်ရနိုင်ပါတယ်။ လေယာဉ်ဆီလုပ်ငန်းကတော့ ၂၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

သို့သော် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည်ဆိုသော စွပ်စွဲချက်များကိုမူ အမည်ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသူ ထိုလုပ်ငန်းရှင်က အကျောက်အကန်ငြင်းဆိုသည်။

“ဘယ်နေ့၊ ဘယ်ရက်က လေယာဉ်ဆီတင်သွင်းတာ၊ ဘယ်နိုင်ငံက သွင်းတယ် ပြပါ။ အဲဒါဆို ကျွန်တော်တို့ရှိတဲ့ပစ္စည်း အကုန်အသိမ်းခံပါ့မယ်။ ဟုတ်ရင်တော့လည်း ခံမှာပေါ့။ ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ဘဲနဲ့။ လေယာဉ်ဆီတင်သွင်းတာမှ အခုလက်ရှိ ပြည်သူတွေကို တိုက်ခိုက်နေတဲ့ဟာဆိုတော့ ပိုဆိုးတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် နိုင်ငံခြားဘဏ်နှင့် ကုမ္ပဏီများက ငွေလက်ငင်းစနစ်ဖြင့်သာ ရောင်းချတော့ခြင်း၊ မရောင်းလိုသည့်ကုမ္ပဏီများလည်း ရှိလာသည်ဟု ထိုလုပ်ငန်းရှင်က ဆက်ပြောသည်။

“မရောင်းတာတွေလည်း ရှိတာပေါ့။ နိုင်ငံခြားက Supplier (တင်သွင်းသူ) ကတော့ လျော့သွားတာပေါ့။ အရင်တုန်းက ၇ ယောက် ၈ ယောက်လောက်ရှိတာ။ ခုတော့ သုံးယောက်လေးယောက်ပဲ ရှိတော့တာပေါ့။ ဒါပေမဲ့ လိုအပ်တဲ့ စက်သုံးဆီကိုတော့ အပြည့်အဝတင်သွင်းလို့ ရပါသေးတယ်” 

သို့သော် လတ်တလော အတက်ကြမ်းနေသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ဈေးတည်ငြိမ်မှုအပေါ် မူတည်ပြီး အတက်အကျရှိနိုင်သည်ဟုလည်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်အကြာတွင် ပြည်တွင်းစက်သုံးဆီဈေးကွက်၌ တစ်လီတာလျှင် ကျပ် ၂၀၀၀ ကျော်အထိ ရောက်ရှိနေသည်။ 

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေခြင်းမရှိကြောင်း ကုမ္ပဏီများက ငြင်းဆိုသော်လည်း စစ်ရာဇဝတ်မှုအားပေးသည့်လုပ်ငန်းများကို ပြည်တွင်းပြည်ပဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု NUG ဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောသည်။

“အများပြည်သူကို မထိခိုက်ကြောင်း လိပ်ပြာသန့်ဖို့ လိုပါတယ်။ စစ်ကောင်စီလူတချို့ရဲ့ မိုက်မဲမှုလမ်းကြောင်းနောက် တကောက်ကောက်မလိုက်ဘဲ လူထုနဲ့ ပေါင်းပြီး လိပ်ပြာသန့်အောင် ပြန်ကြိုးစားကြဖို့ တိုက်တွန်းပါတယ်” 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button