အရပ်သားများကို တိုက်ခိုက်နေသော စစ်ကောင်စီထံ လေယာဉ်ဆီ တင်ပို့သည့် ကွင်းဆက်တွင် ဒေသတွင်းနိုင်ငံတချို့ ပါဝင်ပတ်သက်နေသည်ဟု အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ထုတ်ပြန်သည့် ဇူလိုင် ၈ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘော (HUITONG78) သည် ဗီယက်နမ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့သည်၊ ဆီပို့ဆောင်မှုလမ်းကြောင်းတွင် စင်ကာပူအခြေစိုက် Sahara Energy International Pte လောင်စာဆီကုမ္ပဏီ၊ တရုတ်အစိုးရပိုင် CNOOC Trading (Singapore) Pte. Ltd. ကုမ္ပဏီနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ ပါဝင်သည်ဟု လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
ယခု ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း ပြည်ပမှ လေယာဉ်ဆီတင်ပို့မှု အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ်အထိရှိပြီး တင်ပို့မှုတစ်ခုစီတိုင်းသည် အမေရိကန်ဒေါ်လာ ၈ သန်းခန့် တန်ဖိုးရှိသည်ဟု ဗြိတိန်အခြေစိုက် ထိုအဖွဲ့က ဆိုသည်။
လေယာဉ်ဆီသယ်ဆောင်လာသည့် ထိုသင်္ဘောသည် ဇန်နဝါရီ ၁၄ နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ တင်ပို့ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တတိယအကြိမ် တင်ပို့မှုသည် ၂၀၂၄ ခုနှစ် မေလတွင် ဖြစ်နိုင်ဖွယ်ရှိပြီး အာရပ်စော်ဘွားများနိုင်ငံ UAE မှ တင်ပို့ခြင်းဖြစ်နိုင်သည်ဟု ထိုအဖွဲ့က ဆိုသည်။
ရေယာဉ်ခြေရာခံ အချက်အလက်များအရ တရုတ်ရေနံတင်သင်္ဘော HUITONG78 သည် ဧပြီလတွင် ယူအေအီးနိုင်ငံရှိ Hamriyah ဆိပ်ကမ်းတွင် လောင်စာများတင်ဆောင်ပြီး မေလ ၁၂ ရက်နေ့ခန့်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်ဟု ဆိုထားသည်။
ထိုသီလဝါရှိ ဆိပ်ကမ်းသည် ယခင်က စင်ကာပူအခြေစိုက် Puma Energy ကုမ္ပဏီ၏ ဆိပ်ကမ်းဟောင်းဖြစ်ပြီး ယခုအခါ မြန်မာစစ်တပ်နှင့် ပြည်တွင်းကုမ္ပဏီ Shoon Energy ကုမ္ပဏီတို့က ထိန်းချုပ်ထားသည်။
ထိုလေယာဉ်ဆီတင်ပို့မှုဖြစ်စဉ်များသည် ပြီးခဲ့သည့် နှစ်က လူ့အခွင့်အရေးအဖွဲ့ လေ့လာတွေ့ရှိထားမှုနှင့် တူညီနေပြီး မြန်မာသို့ တင်ပို့မည့် လေယာဉ်ဆီများသည် ဗီယက်နမ်နိုင်ငံရှိ Cai Mep Petroleum သိုလှောင်ရုံမှ ထွက်ခွာလာခြင်း ဖြစ်သည်ဟုလည်းဆိုသည်။ ယင်းသိုလှောင်ရုံကို ဗီယက်နမ်ကုမ္ပဏီ Hai Linh ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သော ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားများထိခိုက်လေ့ရှိခြင်းကြောင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့မှုများကို ချက်ချင်းရပ်ရန် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Agnes Callamard က တိုက်တွန်းထားသည်။
“မြန်မာကို ရောက်လာတဲ့ လေယာဉ်ဆီတွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာကို သေချာမသိရပေမဲ့ လောင်စာဆီဆိပ်ကမ်းကို ထိန်းချုပ်ထားတဲ့ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် သင်္ဘောကုမ္ပဏီနဲ့ လောင်စာဆီကုမ္ပဏီတွေဟာ အခုထောက်ပံ့ရေးကွင်းဆက်ကနေ လုံးဝနုတ်ထွက်ဖို့မှ တခြားရွေးစရာမရှိသင့်ပါဘူး” ဟု သူက ဆိုသည်။
စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းရန် (သို့မဟုတ်) တင်းကျပ်မှုများပြုလုပ်ရန် ဝိုင်းဝန်း တောင်းဆိုနေကြသော်လည်း အချို့သော နိုင်ငံအစိုးရများနှင့် ကုမ္ပဏီများက တောင်းဆိုချက်ကို လျစ်လျူရှုထားသည်ဟု ထိုအဖွဲ့က ဆိုသည်။
ထိုအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။
မြန်မာပြည်သို့ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးပေးနေသည့် Shoon Energy ကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ခင်ဖြူဝင်းနှင့် Asia Sun ကုမ္ပဏီအုပ်စုပိုင်ရှင် ဦဇော်မင်းထွန်းတို့အပြင် ၎င်းတို့၏ ကုမ္ပဏီ ၃ ခုကို အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာနက ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ပိတ်ဆို့အရေးယူထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် လေယာဉ်ဆီလုပ်ငန်း လုပ်ကိုင်ရန် ဆုံးဖြတ်ထားသော နိုင်ငံခြားသား တစ်ဦးချင်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟုလည်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာနက ဆိုသည်။
စစ်ကောင်စီအတွက် နိုင်ငံတကာငွေပေးချေမှုများတွင် အခရာကျသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ တွင် အရေးယူပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။
ထိုသို့သော အရေးယူမှုများ၊ စစ်ကောင်စီအတွက် နိုင်ငံတကာငွေပေးချေမှုစနစ်များတွင် အကျပ်ရိုက်စေသော မြန်မာနိုင်ငံပိုင်ဘဏ်လုပ်ငန်း ၂ ခုကို အရေးယူပိတ်ဆို့မှုများရှိသည့်တိုင် စစ်ကောင်စီသည် စစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်ဆီများကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ရရှိနေဆဲဖြစ်သည်ကို ယခု ထွက်လာသည့် အစီရင်ခံစာက ထောက်ပြနေသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ရက်ပေါင်း ၁၂၁ ရက်အတွင်း စစ်ကောင်စီက ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၁၉ ခု ရှိခဲ့သည်၊ ထိုလေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၃၅၉ ဦး သေဆုံးသည်၊ ၇၅၆ ဦး ဒဏ်ရာရသည်ဟု အရပ်ဘက်အဖွဲ့အစည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလတွင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၉၀၀ ခန့် သေဆုံးထားသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။