သတင်း

စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့မှု မလေးရှားခွင့်မပြု

မြန်မာစစ်ကောင်စီအတွက် လောင်စာဆီများ မလေးရှားဆိပ်ကမ်းများကို အသုံးပြုသည်ဟူသည့် စွပ်စွဲချက်များကို မလေးရှား ပို့ဆောင်ရေးဝန်ကြီး Anthony Loke ငြင်းဆိုလိုက်သည်။

မလေးရှားဆိပ်ကမ်းများကို အသုံးပြုပြီး မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့ခြင်းကို ကန့်သတ်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု မလေးရှား ပို့ဆောင်ရေးဝန်ကြီး Anthony Loke က ပြောဆိုလိုက် သည်။

မလေးရှားဆိပ်ကမ်းများကို အသုံးပြုကာ အာဏာသိမ်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်ပို့နေ သည်ဆိုသော အချက်ကိုလည်း ၎င်းက ငြင်းဆန်သည်ဟု မလေးရှားအခြေစိုက် New Straits Times သတင်းဌာနက ယနေ့ (အောက်တိုဘာ ၁၈ ရက်) တွင် ရေးသားသည်။

အန္တရာယ်ရှိ ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် လေယာဉ်ဆီကို အရပ်ဘက်သုံး လေယာဉ်များအတွက် သာ အသုံးပြုရန် ရည်ရွယ်ထားကာ မဟာဗျူဟာမြောက်ကုန်သွယ်မှုဥပဒေ (၂၀၁၀) ဖြင့် ထိန်းချုပ်ထား သည်ဟုလည်း ဆိုသည်။ 

မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ တင်ပို့မှုနှင့်ပတ်သက်၍ မလေးရှားလွှတ်တော် အမတ်တစ်ဦး၏ မေးမြန်းမှုကို ကုန်သွယ်မှုဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်တစ်ခုဖြစ်ပါက ကုန်တင်ကုန်ချ ပြုလုပ်ရာတွင် အဆင့်မြှင့်သတိပေးချက်အဖြစ်သတ်မှတ်ပြီး အကောက်ခွန်ဌာန အပါအဝင် သက်ဆိုင်ရာဌာနများက စောင့်ကြည့်မည်ဟု မလေးရှားလွှတ်တော်ဝက်ဆိုက်တွင် Anthony Loke က ပြန်လည်ဖြေကြားထားသည်။

စစ်ကောင်စီတပ်သည် ခုခံတော်လှန်သူများကို တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကိုပင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ အနီးစပ်ဆုံးအဖြစ် အောက်တိုဘာ ၉ ညက KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြောက်ဘက် ၂ မိုင်အကွာက မုန်လိုင်ခက်ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂၈ ဦး သေဆုံးသွားခဲ့သည်။လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ကြိမ်တည်းတွင် ရာနှစ်ချီသေဆုံးခဲ့သည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းမှတိုက်ခိုက်ရာ ကလေးငယ် ၃၀ ကျော် အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရသည်။

လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရသည့် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုအပြီး  ဧပြီ ၁၁ ရက်က တွေ့ရသည့် အပျက်အစီးနှင့် ရုပ်ကြွင်းများ။ ဓာတ်ပုံ-ပေးပို့

ပြီးခဲ့သည့် ၂၀၂၂၊ အောက်တိုဘာ ၂၃ ရက်တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနမ့်ပါရွာကို စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ရာ လူပေါင်း ၆၀ ကျော် သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာရသွားခဲ့သည်။

ထို့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများရှိရာနေရာကို စစ်ကောင်စီတပ်က တိုက်ခိုက်သည့်အပြင် ၂၀၂၂၊စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ကလေး ၇ ဦး၊ လူကြီး ၅ ဦး သေဆုံးခဲ့ရသည်။

ထိုသို့ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းမပြုရန်၊ ပြည်သူ့နေအိမ်များကို မီးမရှို့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟောင်း နိုလင်းဟေဇာက ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်။ 

ထိုတိုက်တွန်းမှုကို စစ်ခေါင်းဆောင်က ငြင်းဆိုထားပြီး လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပစ်မှတ်မဟုတ်ဘဲ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်သည်၊ နေအိမ်များ မီးရှို့သူမှာ ယင်းလက်အောက်ခံ တပ်သားများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ရည်ရွယ်ချက်ဖြင့် စစ်ဥပဒေကို လွန်လွန်ကျူးကျူး ချိုးဖောက်ကျူးလွန်ခြင်းဖြစ်သည်ဟု Human Rights Watch – HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အခြားနိုင်ငံများသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများနှင့် လေယာဉ်ဆီရောင်းချမှုကို ကန့်သတ်ခဲ့ကြသော်လည်း ပိုမိုထိရောက်သည့် ဖိအားပေးမှုများပြုလုပ်ရန် HRW က တောင်းဆိုထားသည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားများကို အလေးမထားကြောင်း ပြသနေသည်ဟု လန်ဒန်အခြေစိုက် Amnesty International – AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကလည်း ယခုလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

“မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်နေတာကြောင့် လေယာဉ်လောင်စာဆီ ထောက်ပံ့မှုအပါအဝင် လက်နက်ကုန်သွယ်မှုကို ပိတ်ဆို့ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆို ပါတယ်” ဟု AI အဖွဲ့မှ ပဋိပက္ခတုံ့ပြန်ရေးအစီအစဉ် ဒါရိုက်တာ Matthew Wells က ပြောသည်။

ထိုကဲ့သို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများအပြင်၊ ကုလသမဂ္ဂလက်အောက်ခံ လူ့အခွင့်အရေး အေဂျင်စီများကလည်း စစ်ကောင်စီကို လက်နက်နှင့် လေယာဉ်လောင်စာဆီများ မရောင်းချရန် တိုက်တွန်းထားကြသည်။

လေယာဉ်လောင်စာ ဝယ်ယူရန် ကန့်သတ်ခံနေရသည့် စစ်ကောင်စီကလည်း ကိုယ်တိုင်လေယာဉ်ဆီ ချက်လုပ်ရန် ပြင်ဆင်လျက်ရှိသည်။ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ လေယာဉ်ဆီချက်လုပ်ရန်ဆိုကာ ဒီဇယ်ဆီများကို ဝယ်ယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် ကြေညာထားသည်။ ဝယ်ယူရရှိသည့် ဒီဇယ်များဖြင့် လေယာဉ်ဆီတန်ချိန် ၅၀,၀၀၀ အထိချက်လုပ်မည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button