သတင်း

ပြည်တွင်းသို့ ဒေါ်လာ ၅ သိန်း ပြန်မသွင်းသည့် ကုမ္ပဏီများကို စစ်ကောင်စီ အရေးယူ

ပို့ကုန်ရငွေ ဒေါ်လာ ၅ သိန်းနှင့်အထက် ပြည်တွင်းသို့ ပြန်မသွင်းသည့် တရုတ်အစိုးရ၏ သစ်လုပ်ငန်းကုမ္ပဏီတစ်ခု အပါအဝင် လုပ်ငန်း ၂၈ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းလိုက်သည်။

ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် ပြည်တွင်းသို့ ပြန်မသွင်းသည့် လုပ်ငန်း ၂၈ ခုကို ဇွန် ၂၆ ရက်နေ့မှ စတင်ပြီး အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာလိုက်ပြီး ထိုအထဲတွင် တရုတ်အစိုးရပိုင်ကုမ္ပဏီလည်း ပါဝင်သည်ဟု သိရသည်။

အမည်ပျက်စာရင်းသွင်းခံရသူတို့မှာ သစ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်နေသည့် ရန်ကုန်၊ တနင်္သာရီ၊ ပဲခူးနှင့် ကရင်ပြည်နယ် အခြေစိုက်သော ကုမ္ပဏီများဖြစ်သည်။

တရုတ်အစိုးရပိုင် China International Forestry Group Corp Ltd လည်း အမည်ပျက်စာရင်းတွင် ပါဝင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သစ်တောနှင့်ဆိုင်သော လုပ်ငန်းလုပ်ကိုင်သည့် ထိုကုမ္ပဏီသည် ၂၀၀၀ ပြည့်နှစ် နှစ်လယ်ပိုင်းက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခဲ့ပြီး လိပ်စာမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ပုလဲကွန်ဒိုဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

အဓိကလုပ်ကိုင်သည်မှာ သစ်တောလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ငန်းတို့ ဖြစ်သည်ဟု ထိုကုမ္ပဏီ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်အစိုးရ ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက် မြန်မာနိုင်ငံတွင်းသို့ ပြန်သွင်းရန် ပျက်ကွက်သည်ဟူသော ကုမ္ပဏီများထဲတွင် ဂျပန်အီလက်ထရောနစ်လုပ်ငန်းဖြစ်သော IIDA Electronics (Myanmar) Company Limited လည်း ပါဝင်သည်။ IIDA သည် လျှပ်စစ်မော်တာ၊ လေအေးပေးစက်၊ မီးအားမြှင့်စက် စသော အီလက်ထရောနစ်ပစ္စည်း တံဆိပ်ပေါင်း ၂၀ ဝန်းကျင် တင်သွင်းဖြန့်ချိပေးနေသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေဝင်များကို လက်ဝါးကြီးအုပ်လိုသည့် စစ်ကောင်စီသည် ပို့ကုန်ရငွေကို ဘဏ်များထဲ အမြန်သွင်းရန် ယမန်နှစ်ကုန်ပိုင်းတွင် အမိန့်ထုတ်ခဲ့သည်။

အာရှနိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များမှ ရငွေကို ယခင်က တစ်လခွဲအတွင်း ဘဏ်ထဲ ထည့်ရန် အချိန်ပေးခဲ့သော်လည်း ယမန်နှစ်ကုန်တွင် ၁ လအတွင်း ထည့်သွင်းရန် အမိန့်ထုတ်ခဲ့သည်။

အာရှပြင်ပနိုင်ငံများသို့ တင်ပို့သော ကုန်စည်များရောင်းရငွေကိုလည်း ၂ လအတွင်း ပြန်သွင်းရန် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့အတူ ပြည်ပပို့ကုန်မှ ရရှိသော နိုင်ငံခြားငွေများကိုလည်း စစ်ကောင်စီက လွတ်လပ်စွာသုံးခွင့်မပြုတော့ဘဲ ဈေးကွက်ပေါက်ဈေးထက် လျော့နည်းသည့် ငွေလဲနှုန်းဖြင့် ဖြတ်ယူလေ့ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့ (ဇွန် ၂၄) ကလည်း ဆီလုပ်ငန်း ၈ ခုကို ပြည်ပမှ စားအုန်းဆီတင်သွင်းစဉ် မသမာမှုကျူးလွန်သည်ဟု အကြောင်းပြကာ အမည်ပျက်စာရင်း သွင်းခဲ့သေးသည်။

ထိုလုပ်ငန်းများထဲတွင် A Bank နှင့် ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းရှိန်၏ ဧရာဟင်္သာကုမ္ပဏီလည်း အပါအဝင်ဖြစ်သည်။

Show More

Related Articles

Back to top button