
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှာကာ ကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟုလည်း ရုရှားကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
“ရုရှားနိုင်ငံရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ်လာပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှုသည်လည်း ခိုင်မာသထက်ခိုင်မာလာသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် တောင်အာရှ၊ အာရှနှင့် ပစိဖိတ်ဒေသတွင် ရုရှားနိုင်ငံအတွက် မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကြုံတောင့်ကြုံခဲဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသို့ သွားရောက်ခဲ့ခြင်းဖြစ်ကာ ခရီးစဉ်၏ အကြောင်းပြချက်တစ်ခုမှာ မော်စကို၌ သုံးရက်ကြာကျင်းပမည့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံတက်ရောက်ရန် ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၇ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အတွင်း ကာကွယ်ရေးပစ္စည်းများတင်ပို့ရောင်းချသည့် ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီသို့ ယမန်နေ့ (ဇွန် ၂၂) တွင် သွားရောက်လေ့လာခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။
ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူကို ကိုးကားရေးသားထားသည့် Reuters သတင်းတစ်ပုဒ်အရ ရုရှားသမ္မတပူတင်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံလိမ့်မည်မဟုတ်သော်လည်း မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာစစ်ခေါင်းဆောင်နှင့် ယမန်နေ့ (ဇွန် ၂၂) တွင် တွေ့ဆုံခဲ့သည် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Nikolai Patrushev က ပြောကြားသည်ဟု ဆိုသည်။

ရုရှားနိုင်ငံခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံ စစ်ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့လည်း ပါရှိသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နိုင်ငံစစ်ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်နေခြင်းနှင့် စစ်လက်နက်ပစ္စည်း ဆက်လက်ရောင်းချနေခြင်းအတွက် ရုရှားနိုင်ငံအပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြစ်တင်ဝေဖန်လျက်ရှိသည်။
“ရုရှားက စစ်အုပ်စုခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို လက်ခံပြီး တရားမဝင်အာဏာသိမ်းထားတာကို တရားဝင်စေတဲ့အပြင် စစ်လက်နက်ပစ္စည်းထောက်ပံ့ရင်း အကျိုးအမြတ်ထုတ်နေတာက အတော်စိတ်ပျက်စရာ ကောင်းပါတယ်” ဟု မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းများရောင်းချနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှုကို ပိတ်ပင်ရန် အရေးတကြီးလိုအပ်နေသည်ကို ပြသနေပြီး၊ ကုလအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ဆန့်ကျင်လျက် ရုရှားနိုင်ငံက သွေးထွက်သံယိုမှုများကို လောင်စာဖြည့်ပေးမည့် စစ်လက်နက်ပစ္စည်းများ ဆက်လက်အရှိန်မြှင့်ရောင်းချနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
တရားမဝင်အာဏာသိမ်းယူထားသည့် စစ်ကောင်စီနှင့် ရုရှားဆက်ဆံရေးမှာ အကျိုးစီးပွားကို ရှေးရှုသော တွေ့ဆုံမှုသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။
“စစ်ကောင်စီဟာ သူတို့ကို ဘယ်နိုင်ငံက အသိအမှတ်ပြုပါတယ်၊ ကာကွယ်ပေးပါတယ်၊ အမြဲတမ်းထောက်ပံ့ပေးပါတယ်ဆိုတဲ့ နိုင်ငံကို ရှာနေတာပဲ။ တစ်ဖက်ကလည်း ဒီအပေါ်မှာ အကျိုးစီးပွားရှာမယ့် သူတော်တော်အချင်းချင်းသတင်းလွေ့လွေ့ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အကျိုးစီးပွားကို ယှဉ်ပြီး တွေ့ဆုံမှုတွေဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုကို အားပေးရာရောက်သည့်အပြင် လက်နက်များများရောက်ရှိလေ၊ ပြည်သူလူထုကို ပိုပြီးနှိပ်စက်ရန် ဖြစ်နေသည်ဟုလည်း ဦးအောင်မျိုးမင်းက ဆိုသည်။
“မြန်မာပြည်လူထုကို ဖိနှိပ်တဲ့အရာဖြစ်အောင် အားပေးတဲ့သဘောဖြစ်နေတာကို သူတို့ မြင်သင့်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချတာမျိုး လုံးဝမလုပ်ဖို့ တောင်းဆိုလိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လက်မခံနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် နိုင်ငံပြင်ပသွားရောက်သည့် ဒုတိယနိုင်ငံခြား ခရီးစဉ်ဖြစ်သည်။
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ စီးဝင်နေမှုတားဆီးရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ပြီးခဲ့သည့် သောကြာနေ့ (ဇွန် ၁၈) တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်ရေးအစား ‘လက်နက်များစီးဝင်နေမှုတားဆီးရေး’ (Prevent the flow of amrs to Myanmar) ဟု ကုလအဖွဲ့ဝင် ၁၁၉ နိုင်ငံ၏ ထောက်ခံမှုဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် ကြားနေမဲပေးခဲ့ကြသည့်နိုင်ငံများတွင် မြန်မာစစ်တပ်၏ အနီးကပ်မဟာမိတ်များဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူများကို အကြမ်းဖက်ဖြိုခွင်းနေသည့် အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာ၏ ဖိအားများမြင့်တက်လာပြီးနောက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းကို ပြည်တွင်းပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
စစ်တပ်က အာဏာမသိမ်းမီတစ်ပတ်အလိုတွင် နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းကာကွယ်ရေး ဒုံးလက်နက်၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါလက်နက်များရောင်းချရန် သဘောတူခဲ့သည်။
အာဏာသိမ်းပြီး ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားထုတ်ရေဒါပစ္စည်းများ ဝယ်ယူတင်သွင်းခဲ့ကြောင်း The Moscow Times သတင်းစာက ဧပြီလတွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အရပ်သားပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခံခဲ့ရသည့် မတ် ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားကိုလည်း ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ၌ ရက်အတန်ကြာနေထိုင်ပြီးနောက် စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။
အာဏာသိမ်းယူပြီးနောက် နိုင်ငံတကာ၏ ဆက်တိုက်ဖိအားပေးခြင်းများနှင့် အရေးယူပိတ်ပင်မှုများ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် ရုရှားနိုင်ငံနှင့် အပူတပြင်း ဆောင်ရွက်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ရုရှားနိုင်ငံသို့ ပြီးခဲ့သည့် မေလအတွင်း သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံ၏ အကြီးမားဆုံးရဟတ်ယာဉ်ပြပွဲ (HeliRussia) ကို တက်ရောက်ကာ ရုရှားစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မော်စကိုရှိ မြန်မာသံရုံးကို ကိုးကားလျက် The Moscow Times သတင်းစာက ရေးသားခဲ့သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ယခင်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး မြန်မာစစ်တပ်တွင် အဆင့်မြင့်ဆုံးသော ဘက်စုံသုံး စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ ဖြစ်လာမည့် ရုရှားထုတ် Su-30 ဝယ်ယူရာတွင် အဓိကပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ရုရှားထုတ် အဆင့်မြင် Su-30 တိုက်လေယာဉ်ခြောက်စီး ဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာနေသလို လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ အမည်ပျက်စာရင်းသွင်းကာ အရေးယူ ပိတ်ဆို့ခံထားရသည့် မြန်မာစစ်တပ်ကို ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနေသည့်အပြင် ထောင်ပေါင်းများစွာသော မြန်မာစစ်ဘက်အရာရှိများကိုလည်း စစ်ဘက်ဆိုင်ရာသင်တန်းများ၊ တက္ကသိုလ်ပညာသင်ဆုများ ပေးလျက်ရှိသည်။
စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ၂၀၁၉ အချက်အလက်များအရ မြန်မာ၏ ရုရှားလက်နက်များတင်သွင်းမှုသည် ဆယ်စုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိခဲ့ပြီး ရုရှားနိုင်ငံမှ ဒုတိယအများဆုံး ဝယ်ယူတင်သွင်းခဲ့သည်။
(မှတ်ချက် − ၂၀၁၈ ခုနှစ်အတွင်းက ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို မှားယွင်း ကိုးကားထားသည့် မူလသတင်းဖော်ပြချက်ကို ပြန်လည်ပြင်ဆင်ထားပါသည်။)