ရုရှားရဲ့ ကျူးကျော်မှုတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးမယ့် ‘ရက် ၄၀ စစ်ဆင်ရေး’ ကို ယူကရိန်းသမ္မတ ဇယ်လန်စကီးက ဇွန်လ ၂၅ ရက်မှာ ကြေညာလိုက်ပြီးတဲ့နောက် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြို့တော်မော်စကိုမြောက်ဘက် ကီလိုမီတာ ၅၀၀ လောက်ဝေးတဲ့ ဗာဒိုင်း (Valdai) မြို့က သူ အဓိက နေထိုင်ရာ အိမ်တော်မှာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို တိုးမြှင့်တပ်ဆင်လိုက်တယ်လို့ The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် ရုရှားဟာ မြို့တော်မော်စကိုလိုမျိုး အဓိကကျတဲ့ ပစ်မှတ်တွေကို ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ရွှေ့ပြောင်းနေရတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောပါတယ်။
ချက်သမ္မတနိုင်ငံ၊ ပရက်ဂ်မြို့ အခြေစိုက် ရုရှားဘာသာနဲ့ တင်ဆက်တဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Radio Svoboda သတင်းဌာနက ပြီးခဲ့တဲ့ ဧပြီလအတွင်း ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ဖော်ပြချက်အရ ဗာဒိုင်းမြို့က ရုရှားသမ္မတရဲ့ အိမ်တော်ကြီးမှာ ပန်ဆာ (Pantsir) လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ တပ်ဆင်ထားတဲ့ မျှော်စင်ပေါင်း ၂၇ ခုအထိ ရှိနေပြီလို့ သိရပါတယ်။
ဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ ဒုံးကျည်တွေဟာ တစ်စင်းကို ပေါင် ၁၆ သန်းအထိ တန်ဖိုးရှိပြီး အောက်ခြေနိမ့်နိမ့်ကနေ မြန်မြန်ဆန်ဆန် ပျံသန်းလာတတ်တဲ့ ဒရုန်းအသေးစားလေးတွေကို ပစ်ချဖို့အတွက် ရုရှားရဲ့ အကောင်းဆုံးလက်နက်လို့ သတ်မှတ်ထားကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက အဲဒီအိမ်တော်ပတ်ပတ်လည်မှာ လေကြောင်းရန်ကာကွယ်ရေးမျှော်စင် ၇ ခုပဲ ရှိခဲ့တာမို့လို့ အခုအရေအတွက်ဟာ အရင်ကထက် လေးဆလောက် တိုးလာတာဖြစ်ပြီး၊ အခုနောက်ဆုံး မျှော်စင်အသစ် ၇ ခုကိုတော့ မတ်လ ၁၇ ရက်နေ့ကတည်းက စပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။
လူဦးရေ သန်း ၂၀ လောက် နေထိုင်တဲ့ မော်စကိုမြို့ပြဒေသတစ်ခုလုံးမှာတောင် ပြီးခဲ့တဲ့နှစ်အထိ ဒီလိုစနစ်မျိုး အခု ၆၀ ပဲ ရှိခဲ့တာကြောင့်၊ ပူတင်ရဲ့ ပုန်းခိုရာ အိမ်တော်ကြီးတစ်ခုတည်းကို ကာကွယ်ထားတဲ့ အရေအတွက်ဟာ မော်စကိုမြို့ကြီး တစ်ခုလုံးစာရဲ့ ထက်ဝက်နီးပါးလောက်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။
“ရုရှားခေါင်းဆောင်ပိုင်းဟာ တခြားနေရာတွေက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို လျှော့ချပြီး ပူတင်ရဲ့ အိမ်တော်ကြီးနဲ့ ခါ့ချ်ရေလက်ကြားက တံတားကြီးတွေဆီကို ပိုပြီး ရွှေ့ပြောင်း ချထားနေပြီးတော့ မော်စကိုဒေသတစ်ခုတည်းမှာတင် S-400၊ S-500 နဲ့ ပန်ဆာ (Pantsir) စနစ်တွေအတွက် ဒုံးပစ်စင်ပေါင်း ရာနဲ့ချီ စုပြုံချထားပါတယ်” လို့ သမ္မတဇယ်လန်စကီးက သူ့ရဲ့ X (တွစ်တာ) စာမျက်နှာမှာ ရေးသားထားပါတယ်။
အခုဆိုရင် ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သူ့နိုင်ငံမှာ လောင်စာဆီ ရှားပါးမှု ပြဿနာကြုံတွေ့နေရပြီလို့ ဇွန်လ ၂၈ ရက်က နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ရုရှားသမ္မတ ပူတင်က ပထမဆုံးအကြိမ် ဝန်ခံ ပြောဆိုခဲ့ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



