မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယနေ့ (ဇွန် ၁၈) နေ့လယ်ပိုင်းက ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတချို့ထံမှ သိရသည်။
မွန်းတည့် ၁၂ နာရီခန့်တွင် မြင်းခြံမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသက် ၃၀ ဝန်းကျင် တပ်ကြပ်ကြီး မြတ်ကိုကိုအောင်ဆိုသူ ဆိုင်ကယ်စီးလာစဉ် အမှတ် ၁၉ စွန်းလွန်းရပ်ကွက် ရတနာမိုးစတိုးဆိုင်အနီးအရောက် သေနတ်သမားတစ်ဦးက ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မြင်းခြံမြို့ပေါ်တွင် ယာဉ်များကို စစ်ဆေးနေသော စစ်တပ်နှင့်အတူ ယာဉ်ထိန်းရဲများပါ လိုက်ပါနေသောကြောင့် ပစ်သတ်ခံရသည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။
“အခု မြို့ပေါ်မှာ တောက်လျှောက်ဖမ်းနေတာ။ စစ်တပ်က ရှောင်တခင်ဖမ်းတာ။ (ယာဉ်ထိန်းရဲက) အလုပ်သိမ်းပြီး ပြန်လာတယ်နဲ့ တူပါတယ်။ အဲဒါနဲ့လှမ်းတွေ့တော့ လုပ်တယ်ထင်တာပဲ” ဟု ၎င်းက ဆိုသည်။
ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး မြတ်ကိုကိုအောင် သေဆုံးကြောင်း လုပ်ဖော်ကိုင်ဖက်ယာဉ်ထိန်းရဲတစ်ဦးကလည်း Myanmar Now ကို အတည်ပြုသည်။
သေဆုံးသူသည် မြင်းခြံထောင်အနီး အမှတ် ၁၄ ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်သည်။
မြင်းခြံမြို့ယာဉ်ထိန်းရဲများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆိုင်ကယ်စီးသူများကို ဖမ်းပြီး ဒဏ်ငွေသိန်းချီ၍ ရိုက်သောကြောင့် ၎င်းယာဉ်ထိန်းရဲကို ပစ်သတ်ခဲ့ကြောင်း မြင်းခြံမြို့အခြေစိုက် စစ်ကောင်စီသတင်းပေး ဒလန်ရှင်းလင်းရေးအဖွဲ့ဟု ကြေညာထားသည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
“ယာဉ်ထိန်းရဲတွေကလည်း မြို့နေလူထုကို ဒုက္ခပေးပါတယ်။ အဓိကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ခံ တပ်ဖွဲ့ဖြစ်လို့လည်း ကျွန်တော်တို့လုပ်လိုက်တာပါ။ လိုင်စင်မပါတဲ့ ကားဆို နောက်ကနေလိုက်တယ်။ တစ်ယောက်ကို ဖမ်းတယ်။ ဆယ်သိန်းတောင်းတယ်။ ကားလည်း ဖမ်းသွားတယ်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ ကြားသိနေတယ်” ဟု ဇီရိုးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့အနေဖြင့် သေဆုံးသူ ယာဉ်ထိန်းရဲ၏ အမည်၊ အသက် နောက်ကြောင်းကို မသိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်ဖြစ်၍ ရှင်းလင်းခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် မေ ၃၀ ကလည်း မြင်းခြံမြို့အဝင်ဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲတစ်ဦးအပါအဝင် ရဲသုံးဦး ဒဏ်ရာရခဲ့သည်။
မြင်းခြံမြို့ပေါ်တွင် ယာဉ်ထိန်းရဲများ ဆိုင်ကယ်ဖမ်းသည့်အခါ ၎င်းနှင့်အတူ ရဲ သို့မဟုတ် စစ်သားတစ်ဦး ပါလေ့ရှိပြီး ယာဉ်ထိန်းရဲက ချလံဖြတ်၍ ရဲနှင့် စစ်သားက အနိမ့်ဆုံး ငွေကျပ်တစ်သိန်း တောင်းတတ်သည်ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
“တစ်နေကုန်ဖမ်းတာ။ မိရင် သိန်းချီတောင်းတယ်။ Mask (နှာခေါင်းစည်း) မပါရင်လည်း တောင်းတယ်။ ယုတ်စွအဆုံး မီးခြစ်ပါရင်တောင် ပိုက်ဆံတောင်းတယ်” ဟု မြို့နေပြည်သူတစ်ဦးကလည်း ပြောသည်။
လက်ရှိတွင် မြင်းခြံမြို့ပေါ်တွင် ယာဉ်ထိန်းရဲများသည် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်မှန်သမျှကို ရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်းများ နေ့စဉ် နေရာရွှေ့ပြောင်းပြုလုပ်နေသဖြင့် ဒေသခံအများစုက အမြင်မကြည်ကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဆန္ဒပြပွဲများအားကောင်းသည့် မြင်းခြံသည် အကြမ်းဖက်ဖြိုခွင်းခံထားရပြီး မြို့အနီးတစ်ဝိုက် ကျေးရွာများတွင်လည်း စီးနင်းဖြိုခွင်းခံထားရသည်။
မေလကုန်ခန့်ကလည်း မြင်းခြံခရိုင်တွင် နှစ်ရက်အတွင်း အုပ်ချုပ်ရေးမှူးသုံးဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ အသတ်ခံခဲ့ရပြီး ၎င်းတို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဆက်သွယ်ခဲ့သူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။