သတင်း

မြင်းခြံတွင် အုပ်ချုပ်ရေးမှူးများ ဆက်တိုက်သတ်ဖြတ်ခံနေရ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် နှစ်ရက်အတွင်း ဆက်တိုက်သတ်ဖြတ်ခံရသူ အုပ်ချုပ်ရေးမှူးသုံးဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဆက်သွယ်ခဲ့သူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ (မေ ၃၁) တွင် သတ်ဖြတ်ခံရသူ မြင်းခြုံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင် (ခ) ဂျစ်တူး၊ အတွင်းရေးမှူး တင်ထွန်းတို့မှာ ရွာအတွင်းသို့ စစ်သားများ ခေါ်ဆောင်ခဲ့သူများဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီလကတည်းက သတ်ဖြတ်ခံရသူ အုပ်ချုပ်ရေးမှူးက စစ်တပ်လာမည်ဟု ရွာသားများကို မကြာခဏ ခြောက်လှန့်လေ့ရှိပြီး ရွာသို့ နှစ်ကြိမ်တိုင် စစ်တပ်ဝင်ရောက်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းဒေသခံက ပြောသည်။ 

“ပြေးရပေါင်းလည်း မနည်းတော့ဘူး။ သူတို့က မဝင်ခင်မှာ လာမှာလို့ ကြိုပြောတယ်။ ကျွေးမွေးဧည့်ခံတာတွေ သူတို့အိမ်မှာပဲ ပြင်တာ။ စစ်ကောင်စီတက်တော့မှ ခန့်စာရောက်လာပြီး အုပ်ချုပ်ရေးမှူးဖြစ်တာ” ဟု ၎င်းက ပြောသည်။

သူတို့နှစ်ဦး သတ်ဖြတ်ခံရပြီးနောက် CDM ကျောင်းဆရာမများ၊ အာဏာသိမ်းမှုမလိုလားသူများအပါအဝင် ကျောင်းဖြူကန်ရွာတွင် နေထိုင်သူများ အလျင်စလို တိမ်းရှောင်နေရသည်ဟုလည်း အဆိုပါ ဒေသခံက ဆိုသည်။ 

နောက်ထပ်သတ်ဖြတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှာ မြင်းခြံခရိုင် ငါးဇွန်မြို့နယ်၊ မြို့သာရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဖြစ်ပြီး ယနေ့နံနက် ၁၁ နာရီခွဲခန့်က မြို့သာရဲစခန်းအနီး ဘီယာဆိုင်၌ အမျိုးသားနှစ်ဦးက ဓားဖြင့် ထိုးသတ်ခြင်းဖြစ်သည်ဟု မြို့သာရွာခံတစ်ဦးက ပြောသည်။ 

ဒုအရာခံဗိုလ်အဆင့်ဖြင့် တပ်မှ ထွက်ခဲ့သူ ဦးဝင်းနိုင်သည် ရွာဝန်းကျင် လုံခြုံရေးတင်းကျပ်သည့် အခြေအနေမှာပင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“ဒီနေ့ စစ်သားတွေ မြို့သာ၊ တံတားဦး၊ မြင်းခြံသွားတဲ့ လမ်းမှာ ဖုန်းတွေ စစ်နေတယ်လို့ ကြားတယ်။ အဲဒီကြားထဲကကို လုပ်တဲ့သူတွေက ရအောင်လုပ်သွားတာ။ သူ အခင်းဖြစ်တဲ့နေရာနဲ့ ဆိုင်ကယ်နဲ့သွားရင် တစ်မိနစ်တောင် မကြာဘူး။ အစစ်အဆေးတွေ လုပ်နေတာ မိုးလင်းကတည်းက။ အဲဒီကြားထဲကကို လုပ်သွားတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

အသက် ၆၀ ကျော်အရွယ် ဦးဝင်းနိုင်သည် အာဏာမသိမ်းမီကတည်းက အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်သူများကို ဓာတ်ပုံမှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။ ၎င်းက နေအိမ်များကို လိုက်လံပြသသဖြင့် ဖမ်းဆီးခံရသူများလည်းရှိသည်ဟု တိမ်းရှောင်နေရသည့် အဆိုပါ ဒေသခံက ပြောသည်။ 

ဦးဝင်းနိုင်၏ နေအိမ်အနီး လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ဗုံးပေါက်ကွဲခဲ့သော်လည်း လူကို မထိခဲ့ကြောင်း၊ ပြည်သူများက သတိပေးနေသည်ကို ဂရုမစိုက်ဘဲ စစ်ကောင်စီကို သတင်းပေးမြဲပေးနေသူဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“သူ့အိမ်လည်း မှန်တယ်။ ကျန်တဲ့ နေအိမ်တွေလည်းပါတယ်။ ပြည်သူက သတိပေးတာကို ဂရုမစိုက်ဘဲ လွန်ခဲ့တဲ့သုံးရက်က ညကြီး ငါးဇွန်ထွေအုပ်တစ်စီး၊ စစ်ကားနှစ်စီးနဲ့ မြို့ပေါ်တက်ပြီး ဘယ်အိမ်၊ ဘယ်အိမ်ဆိုပြီး ၇ အိမ် ပြသွားတာ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ (မေ ၃၀) ကလည်း မြင်းခြံမြို့ သပြေသာရွာတွင် အသက် ၆၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ သတ်ဖြတ်ခံခဲ့ရသည်။

အနီးအနားရွာများတွင် အေးအေးချမ်းချမ်းရှိနေသော်လည်း သပြေသာရွာ၌ စစ်တပ်က ဝင်ရောက်တပ်စွဲခြင်း၊ မကြာခဏပစ်ခတ်ခြင်း၊ ပစ္စည်းလုယက်ခြင်းများ ရှိနေ၍ ရွာသားများ ရက်ရှည် တိမ်းရှောင်နေရကြောင်း၊ ဦးဝင်းရွှေက  စစ်တပ်ကို ခေါ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးဝင်းရွှေသည် အာဏာမသိမ်းမီကတည်းက အိမ်ခြေ ၂၃၀‌ ကျော်ရှိသည့် သပြေသာရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီအောက်တွင် ဆက်လက်အလုပ်လုပ်ကိုင်နေသူဖြစ်သည်ဟု သိရသည်။ 

မေ ၃၀ မနက် ၅ နာရီခွဲခန့်တွင် ရွာသို့ ပြောက်ကျားဝတ်စုံများဖြင့် လူ ၁၀ ဦးဝန်းကျင်ရောက်ရှိလာပြီး ဦးဝင်းရွှေကို ရွာပြင်သို့‌ ခေါ်ထုတ်ကာ သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

သပြေသာကျေးရွာတွင် တပ်စွဲနေသည့် စစ်တပ်ကို အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ချက်ပြုတ်ကျွေးမွေးခြင်းများရှိကာ ၎င်း၏ သားဖြစ်သူကလည်း ရွာအတွင်း ပုဂ္ဂိုလ်ရေးအရ မသင့်မြတ်သူများ၏ နေအိမ်ကိုပါ စစ်တပ်ကို လက်ထောက်ချလေ့ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်း၏ လက်ချက်မှန်းမသိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသတ်ခံရပြီးနောက်ပိုင်း စစ်တပ်က ဝင်ရောက်မည်ကို စိုးရိမ်၍ဟုဆိုကာ သပြေသာရွာအပါအဝင် ရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ 

စစ်ကောင်စီဆန့်ကျင်ရေး အင်အားကောင်းသည့်ဒေသ မြင်းခြံသည် ရက်ရက်စက်စက် ချေမှုန်းခံနေရသည်။ 

အာဏာသိမ်းမှုပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို စစ်ကောင်စီက ယနေ့တိုင် အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည့်အပြင် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဒေသအသီးသီးရှိ ပြည်သူများက ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည့်နည်းတူ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူများ သတ်ဖြတ်ခံနေရသည်။ 

မြင်းခြံခရိုင်အတွင်း စစ်ကောင်စီနှင့် ပနံသင့်သည့် အုပ်ချုပ်ရေးမှူးတို့ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီပြန်ကြားရေးတာဝန်ခံများကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

မေ ၁၅ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကျပ်အတည်းများမှာ အုပ်ချုပ်ရေးယန္တရား၏အခြေခံအကျဆုံး ရပ်ကျေးအဆင့်တွင် ထင်ထင်ရှားရှားဖြစ်ပေါ်နေသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။ 

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးမှာ နံပါတ်တစ်လုပ်ဆောင်ပေးရမည့်အရာဖြစ်ပြီး ယင်းကို မဖြည့်ဆည်းပေးနိုင်သရွေ့ စစ်ကောင်စီကြုံတွေ့နေရသည့် အုပ်ချုပ်ရေးပြဿနာပြေလည်ရန် အားနည်းသည်ကို သိရှိထားပါကြောင်း ၎င်းက ဆက်ပြောသည်။

Show More

Related Articles

Back to top button