ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် ဦးအေးမင်းမှာ ယမန်နေ့ (ဇွန် ၁) တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည်ဟု မိသားစုဝင်နှင့် မြို့ခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၅ နာရီခန့်က နန်းမားမြို့၊ နန်းခမ်းဈေးမှ အပြန်လမ်းတွင် အသက် ၄၉ နှစ်အရွယ် ဦးအေးမင်းမှာ နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်ခံရပြီး မြစ်ကြီးနားစစ်ဆေးရုံ၌ ကုသမှုခံယူနေစဉ် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်။
“သူ့ညီမကို ဈေးသွားပို့ပြီး အပြန်မှာ ကျွန်မတို့အိမ်နားရောက်ခါနီး တိုက်နယ်ဆေးရုံနားမှာ (ဆိုင်ကယ်နဲ့) လူနှစ်ယောက်က သူ့ကို ပစ်သွားတာလို့ ပြောတာရှင့်။ ယောက်ျားလေးရှင့်၊ မိုးကာဝတ်ထားတယ်တဲ့” ဟု ဦးအေးမင်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေးက ပြောသည်။
နောက်ကျောဘယ်ဘက်ခြမ်းမှ ကျည်ဆန် (တစ်ချက်) ထိမှန်ပြီး ဘေးဘက်သို့ ဖောက်ထွက်ကာ အဆိုပါဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ဇနီးဖြစ်သူထံမှ သိရသည်။
ဦးအေးမင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ (နအဖအစိုးရ) လက်ထက်၂၀၀၅ ခုနှစ်မှစ၍ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်အထိ နန်းမားကျေးရွာတွင် ၈ နှစ်ခန့် အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ပြီး ထိုစဉ်က နန်းမားမြို့သည် ကျေးရွာအဆင့်တွင်သာ ရှိသေးသည်။
ဦးအေးမင်း၏ ဖခင်သည်လည်း စစ်မှုထမ်းဟောင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း တပ်ထောက်ခံပွဲများတွင် ဦးဆောင်ပါဝင်လေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်တပ်သတင်းပေးအဖြစ် လုပ်ကိုင်နေသည်ဟု ကြားရကြောင်း ဒေသခံအချို့က Myanmar Now ကို ပြောသည်။
“အခုလည်း ခေတ်ပျက်ကြီးထဲမှာ သူက ပျူစောထီးခေါင်းဆောင်လုပ်တာကိုး၊ အဲဒီလိုပဲကြားတယ်လေ။ စစ်တပ်မှာလည်း သင်တန်းသွားတက်တာပေါ့နော်။ သံပုံးခေါက်တာကိုလည်း ဆဲတာပေါ့။ ဆန္ဒပြတာတွေကိုလည်း သတင်းပို့တာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။
အခြားမြို့ခံတစ်ဦးကမူ ဦးအေးမင်းသည် ပျူစောထီးအဖွဲ့နှင့် ပတ်သက်မှုရှိမရှိ မသိကြောင်း ပြောသည်။
“ရပ်ရွာထဲမှာ နိုင်ငံရေးတွေ မရောနှောခင်က(စစ်အာဏာမသိမ်းမီ) သူက ခင်စရာကောင်းတဲ့ လူတစ်ဦးအဖြစ် မိတ်ဆွေပေါများသူပါ။ ကျွန်တော်တို့နဲ့ ခင်ပါတယ်။ သူ့ကို ဒလန်လို့ သူ့ရပ်ရွာက သတိထားနေရတယ်လို့ပဲ ကြားနေတာကြာပြီ။ ကြံ့ခိုင်ရေးအမာခံတွေနဲ့ မဘသတွေ၊ အမျိုးသားရေးသမားတွေ စုဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့ ဖွဲ့ထားတယ်လို့ သိရတယ်။ သူ ပါဝင်ပတ်သက်မှုရှိမရှိတော့ အတိအကျမသိဘူး” ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။
ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိဘဲ ဦးအေးမင်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေးက စွပ်စွဲချက်နှင့် ပတ်သက်၍ ငြင်းဆိုသည်။
“အဲဒါတော့ စွပ်စွဲတာသက်သက်ပဲရှင့်။ ကျွန်မအမျိုးသားက သတင်းပေးတာတွေ မရှိဘူး။ ဒါပေမယ့် လူကြီး (အုပ်ချုပ်ရေးမှူး) စလုပ်ကတည်းက တပ်တွေနဲ့ လက်တွဲညီညီ အဆင်ပြေအောင်လုပ်ခဲ့တဲ့အခါကျတော့ သူတို့ (စစ်သား) တွေက အမြဲတမ်း အဝင်အထွက်ရှိနေတယ်။ နားပြီးတဲ့နောက်ပိုင်းလည်း ယနေ့အချိန်ထိပေါ့နော်” ဟု ဒေါ်သင်းသင်းအေးက ပြောသည်။
ကျန်းမာရေးမကောင်းသဖြင့် ၂၀၁၂ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူပြီး မိုးညှင်းမြို့နယ် USDP တွင် ပါတီဝင်အဖြစ်သာ လုပ်ကိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“(အုပ်ချုပ်ရေးမှူးကနေ) နားပြီးတော့ သူတို့အဖွဲ့ဝင်လုပ်ခိုင်းတော့ ဒါပေမယ့် ထဲထဲဝင်ဝင်တော့ မလုပ်ဘူးရှင့်။ အစည်းအဝေးတွေခေါ်ရင်လည်း သွားတာနည်းတယ်ရှင့်” ဟု ဒေါ်သင်းသင်းအေးက ဆိုသည်။
ဦးအေးမင်းတွင် သားသမီးသုံးယောက်နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပြီး ၎င်း၏ နာရေးကို ဇွန် ၄ ၌ ပြုလုပ်မည်ဖြစ်သည်။ ခင်ပွန်းသည် အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်သင်းသင်းအေးက တရားမျှတမှုမရှိဟု ပြောသည်။
ပြီးခဲ့သည့် မေလဆန်းမှစ၍ နိုင်ငံအနှံ့အပြားရှိ စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေး (ဒလန်များ)၊ USDP ပါတီဝင်များ၊ အစွန်းရောက်အမျိုးသားရေးသမားများ လုပ်ကြံသတ်ဖြတ်ခံရလျက်ရှိသည်။
ယနေ့တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့၌ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲထွန်းမှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ယမန်နေ့တွင်လည်း ရန်ကုန် လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် သေနတ်ဖြင့် ပစ်သတ်ခံရသည်။
မန္တလေးတိုင်း မြင်းခြံခရိုင်တွင် မေ ၃၀ နှင့် ၃၁ ရက်နေ့များက အုပ်ချုပ်ရေးမှူးသုံးဦးနှင့် အတွင်းရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး မေ ၁၈ က ရန်ကုန်မြို့၊ လမ်းမတော် ၈ လမ်းတွင် အသက် ၄၅နှစ်အရွယ် လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်သည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့သည်။
မေ ၂၇ ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။