သတင်း

ကသာမြို့နယ်မှ ရွာသုံးရွာ တိုက်ခိုက်ခံရ၊ ဒေသခံတို့ အရေးပေါ်တိမ်းရှောင်

သင်္ဘော ၅ စီးနှင့် စစ်လေယာဉ်၏ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကသာမြို့ခံများ ဘေးလွတ်ရာ တိမ်းရှောင်ကြရသည်၊ ထိုသင်္ဘောများ ဧရာဝတီမြစ်အတိုင်း ဆက်လက် ဆန်တက်သွားသည်ဟု ဆိုသည်။

ယနေ့ (စက်တင်ဘာ ၄) နံနက်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သို့  ဧရာဝတီမြစ်အတိုင်း ဆန်တက်ရောက်ရှိလာသည့် စစ်သင်္ဘောများ၏ ပစ်ခတ်မှု၊ လေတပ်၏  ဗုံးကြဲမှုတို့ကြောင့် မြစ်ကမ်းဘေး ရွာသုံးရွာမှ ဒေသခံများ အရေးပေါ်တိမ်းရှောင်နေရသည်။

ဩဂုတ်၂၈ တွင် မန္တလေးမြို့မှ ထွက်လာပြီး  စက်တင်ဘာ၂ တွင် ကသာမြို့သို့ ရောက်လာသည့်  စစ်သင်္ဘော ၅ စီးတွင် တချို့က သဖန်းကိုင်းဆိပ်တွင် ဆိုက်ကပ်ကာ ကုန်အတင်အချ ပြုလုပ်ကာ တချို့က ရွာများရှိရာကို လိုက်လံ ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုကြောင့် မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာရှိရွာများ စစ်မြေပြင် ဖြစ်သွားသည်ဟု ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကသာ အစွန်အဖျားရပ်ကွက်ပေါ့။ ရပ်ကွက် ၁၀၊ အဲဒီရေဆိပ်(သဖန်းကိုင်းဆိပ်) မှာ ဆိုက်ထားတဲ့ သင်္ဘော၂စီးက မြစ်ကမ်းဘေးရွာတွေကို ပတ်ပစ်နေတာ” ဟု သူက ဆိုသည်။

“လက်နက်ကြီးရော၊ လက်နက်ငယ်ရော အစုံပဲ။ ပစ်နေတဲ့အချိန် အပေါ်က လေယာဉ်ကလည်း ပတ်ဝဲနေတယ်”

ပေါမမြိုင်၊ နလယ်အင်းနှင့် ကပ္ပလိပ်ရွာတို့မှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများနှင့်  ကသာမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

“ပစ်ခံရတဲ့ မြစ်ကမ်းဘေးရွာတွေက အခုထွက်ပြေးလာကြတယ်။ ကပ်ပလိပ်က တစ်ရွာလုံးနီးပါးပဲ။ လူဦးရေက အခုပစ်ခတ်နေတော့ မသိရသေးဘူး။ အကုန်လွတ်ရာ ဝင်ပုန်းနေကြတယ်။ ပြေးလာတာ တချို့က ဆိုင်ကယ်တွေနဲ့၊  တချို့ကစက်လှေနဲ့ပေါ့” 

ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် ဆက်လက် ပစ်ခတ်နေသည့် အဆိုပါ စစ်သင်္ဘောများကို တော်လှန်ရေးတပ်ဖွဲ့ များက သွားရောက်တိုက်ခိုက်ခဲ့သည်၊ စစ်လေယာဉ် ရောက်လာသဖြင့် ပြန်ဆုတ်ခဲ့သည်ဟု ကသာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီကောင်တွေ ရမ်းပစ်နေလို့ သွားချတဲ့သဘောပဲ၊ တစ်စီးတော့ မှန်တယ်လို့ပြောတယ်၊ ဒါပေမဲ့ ကြာကြာ မပစ်ရဘူး၊ ဂျက်ဖိုက်တာလာလို့” ဟု သူက ပြောသည်။

ယနေ့ နံနက် ပစ်ခတ်တိုက်ခိုက်မှုများတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း၊ စစ်သင်္ဘော မည်မျှ ထိခိုက်သွားသည်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

လေယာဉ်က မြစ်အရှေ့ဘက်ကမ်းရှိ ပုလရွှေရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်၊ စစ်သင်္ဘောများမှာ  အပြန်အလှန်ပစ်ခတ် နေကြစဉ်မှာပင် ကသာမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

သင်္ဘောများက မြို့မှ ထွက်ခွာစဉ် ပစ်ခတ်ခဲ့သေးသည်ဟု  သိရသည်။

“ကသာမြို့ပေါ် ရပ်ကွက် (၁) မြစ်ကမ်းဘေးနေအိမ်တွေကို ကျည်တွေလာမှန်ပြီး အုတ်တွေ၊ နံရံတွေ၊ ပန်းအိုးတွေ အထိ ကျည်ဖောက်ဝင် ပျက်စီးတာတွေရှိတယ်”ဟု အထက်ပါ ကသာမြို့ခံအမျိုးသမီးက ဆိုသည်။

“ပစ်ခံရတဲ့သင်္ဘောတစ်စီးက ကျန်ခဲ့တာလား။ ပါသွားသလား မသိရသေးဘူး။ အထိအခိုက်တွေလည်း ပြီးမှကြားရမယ်ထင်တယ်” 

 စစ်သင်္ဘောများမှာ ကသာမြို့မှ မြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာပါက ရွှေကူမြို့၊ တိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့တို့ကို ရောက်ရှိမည်ဖြစ်သည်။


 ယခုနှစ်ဆန်းက ပေါက်တောမြို့အနီး တွေ့ရသော စစ်ရေယာဉ်တစ်စီး။ (ဓာတ်ပုံ-Western News)

လမ်းတွင်မနားဘဲ ဆက်လက် ဆန်တက်မည် ဆိုပါက ဗန်းမော်မြို့သို့ ရောက်ရန် တစ်ရက်ခန့် ကြာမြင့်နိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

ဗန်းမော်မြို့၏ အရှေ့ဘက် ၆ မိုင်အကွာနှင့် တောင်ဘက် ၅ မိုင်ခန့်အကွာအထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားရာ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သည်။

ထို့ကြောင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)တပ်ထိုင်ထားသည့် ဗန်းမော်မြို့ ခံစစ်အတွက် စစ်ကောင်စီက စစ်ကူ၊ ခဲယမ်း၊ ရိက္ခာများကို ရေလမ်းကြောင်းမှ ပို့ဆောင်ဖွယ် ရှိသည်ဟု တော်လှန်ရေး အဖွဲ့များက သုံးသပ်သည်။

အဆိုပါ  သင်္ဘောများကို လေတပ်က လိုက်လံ  လုံခြုံရေးပေးကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြီးခဲ့သည့် သုံးရက်အတွင်း ထီးချိုင့်နှင့် ကသာမှ ဒေသခံ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်း အဓိက ဝင်ပေါက် လမ်းမကြီးများကို အပြည့်အဝ မထိန်းချုပ်နိုင်သည့်နောက် ရေလမ်းကြောင်းကို အားထားလာရပြီး အဆိုပါရေလမ်းကို လုံခြုံရေး အပြည့်ဖြင့် အသုံးချနေရသည်။

Show More

Related Articles

Back to top button