သတင်း

ထီးချိုင့်နှင့်ကသာမြို့များ ဗုံးကြဲခံရ၊ ၁၁ ဦး သေဆုံး

စစ်လေယာဉ်များ၊ ဧရာဝတီမြစ်အတွင်းရှိ စစ်ကောင်စီ သင်္ဘောများ၏ လက်ချက်ကြောင့် မြစ်ဘေးကျေးရွာများတွင် ၁၁ ဦး သေဆုံးရာ ထိုအထဲတွင် ကိုယ်ဝန်ဆောင်လည်း ပါဝင်ကြောင်း သိရသည်။

မန္တလေးမှ ကချင်ပြည်နယ်ဘက်သို့ ဆန်တက်နေသည့် စစ်ကောင်စီ သင်္ဘောများနှင့် လေတပ်တို့၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်း ထီးချိုင့်နှင့် ကသာမြို့နယ်တို့မှ ဒေသခံ ၁၁ ဦး ထက်မနည်း သေဆုံးသွားသည်ဟု သိရသည်။

ဩဂုတ် ၂၈ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း ခုတ်မောင်းလာသည့် ရိက္ခာ၊ စစ်ကူနှင့် လက်နက်ခဲယမ်းတင် သင်္ဘောများ စက်တင်ဘာ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာရာ လုံခြုံရေးလိုက်ပေးသည်ဟု ယူဆရသည့် ဂျက်တိုက်လေယာဉ်များက မြစ်ကြောင်းတစ်လျှောက် ဗုံးကြဲခဲ့သည်ဟု သိရသည်။

 ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်း မောင်းကုန်းရွာရှိ ထမင်းဆိုင်တစ်ဆိုင်အနီးတွင် ဒေသခံ ၉ ဦးသေဆုံး၊ ဒဏ်ရာရသူ ၁၀ ဦးအထက် ရှိသည်ဟု ထီးချိုင့်မြို့နယ်တွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မောင်းကုန်းရွာသည် ထီးချိုင့်မြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်တွင်ရှိပြီး စည်ကားသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ထီးချိုင့်မြို့နယ်ထဲမှ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်  နီကယ်စက်ရုံအနီး ကုန်စုံဆိုင်လည်း ပစ်မှတ်ထားခံရသည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

“သူတို့နှစ်နေရာကြဲတယ်၊ မောင်းကုန်းက ပိပိရိရိဆိုတဲ့ စားသောက်ဆိုင်ရှေ့ကို တစ်လုံးကြဲတယ်၊ တကောင်းနီကယ် သတ္တုတူးဖော်ရေးစက်ရုံရဲ့ ဂိတ်ရှေ့က ကုန်စုံဆိုင်ကိုလည်း ကြဲတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“သေဆုံးတာကတော့ အရပ်သားတွေချည်းပါပဲ၊ စစ်ရေးပစ်မှတ်တွေ မဟုတ်ပါဘူး”

သေဆုံးသူများတွင် ကိုယ်ဝန်ဆောင်တစ်ဦးပါဝင်ပြီး ကျန်သူများ မည်သူမည်ဝါဖြစ်သည်ကို  မသိရသေးသလို ဖုန်းလိုင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဗုံးကြဲမှု နောက်ဆက်တွဲ ဖြစ်စဉ်များကိုလည်း ထပ်မံစုံစမ်း၍ မရသေးပေ။

ထီးချိုင့်မြို့အနီးရှိ သံပုရာရွာနှင့် ကျေးရွာတချို့ လေကြောင်း တိုက်ခိုက်မှုအတွင်း အိမ်များပျက်စီးခဲ့ပြီး ဒေသခံများ ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရကြောင်း ကသာမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အဲဒီမှာလည်း တစ်ယောက်သေတယ်ပြောတယ်၊ အကုန်ဝဲပြီးလိုက်ပစ်နေတာ၊ ဒဏ်ရာရတာက ၁၀ ယောက်ထက်မနည်းရှိတယ်၊ စိုးရိမ်ရတာက နှစ်ယောက်ရှိတယ်” ဟု အဆိုပါ ပကဖအဖွဲ့ဝင်က ပြောသည်။

“ဂျက်ဖိုက်တာနဲ့ ပစ်တာက သံပုရာရွာက နေအိမ်တစ်လုံးပျက်စီးပြီးတော့ ဘေးက သုံးလေးအိမ်လောက် ထိသွားတယ်”

ဗုံးကြဲခံရသည့် မောင်းကုန်းကျေးရွာ တည်နေရာပြမြေပုံ။

 သင်္ဘောများသည် စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းတွင် ထီးချိုင့်မြို့ ပုတောင်းလှဆိပ်ကမ်းတွင် ညအိပ်ရပ်နားခဲ့သည်၊ နောက်တစ်နေ့မွန်းလွဲ ၂ နာရီခန့်တွင် ကသာမြို့ သဖန်းဆိပ် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။ ကသာမှ ဆက်ထွက်မည် ဆိုပါက စစ်ကောင်စီတပ် ခံစစ်ဆင်ထားသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ရောက်မည် ဖြစ်သည်။

ကသာမြို့တွင်  သင်္ဘောများ ဆိုက်ကပ်ထားစဉ် သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်မှုကြောင့် ညောင်ခြေထောက်ရွာနှင့် ကလုန်ရွာခံ နှစ်ဦးသေဆုံးသည်ဟုလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးနဲ့ပစ်လို့ ကလုန်ရွာမှာ ဘုန်းကြီးကျောင်းမှာ ပုန်းနေတဲ့ အရပ်သားတစ်ဦးသေတယ်။ သင်္ဘောပေါ်ကနေ တရစပ်ပစ်တာ၊ မနားဘဲပစ်တာ၊ ရွာထဲကိုလည်း လက်နက်ကြီးတွေကျတယ်၊ ကမ်းကပ်ထားတဲ့ မော်တော်တွေလည်းထိပြီး ကုန်တင်ထားတဲ့ သင်္ဘောတစ်စင်းလည်း မီးလောင်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ပစ်မှတ်ထားခံခဲ့ရသည့် ကျေးရွာများမှာ ထီးချိုင့်မြို့မြောက်ဘက်၊ ဧရာဝတီမြစ်ကမ်းအနီးတွင်ရှိကြသည့် ရွာများဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များက  ထီးချိုင့်မြို့ကို အပြီးသတ်သိမ်းယူရန် တိုက်ခိုက်နေပြီး လတ်တလောတွင် ထီးချိုင့်မြို့အရှေ့ဘက်ကမ်း မြတောင်ရွာမှ စစ်ကောင်စီရဲစခန်းနှင့် တပ်စခန်းအားလုံးကို ရရှိထားပြီဖြစ်သည်။ 

တော်လှန်ရေးတပ်များက  ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းနှင့် ဖက်တောင်၊မြသိန်းတန်တောင်တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်ကလည်း မြို့မကျရေး ကြည်းတပ်၊ ရေတပ်၊ လေတပ်များပါ အသုံးပြုပြီး ခုခံနေခြင်းဖြစ်သည်။

ပစ်ခတ်မှုများကြောင့် ဒေသခံ အများအပြားသေဆုံးသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ သတင်းဝက်ဆိုက်တွင်လည်း ထီးချိုင့်မြို့ အခြေအနေကို လတ်တလော  ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီတပ်၏ သင်္ဘောများ ပြီးခဲ့သည့် ၃ နှစ်အတွင်း ဧရာဝတီမြစ်အတွင်း သွားလာစဉ် မကြာခဏ တိုက်ခိုက်ခံရပြီး ထိုသင်္ဘောများကလည်း ခုခံသူတို့ ရှိနိုင်မည်ဟု ယူဆရသည့် နေရာများကို ပစ်ခတ်လေ့ ရှိသည်။ထီးချိုင့်မြို့သည် ရွှေဘို-မြစ်ကြီးနားလမ်း၊ မန္တလေး-မြစ်ကြီးနားလမ်းများနှင့် ဧရာဝတီမြစ်ဘေးတွင်ရှိပြီး ကချင်ပြည်နယ်သို့ဝင်ရောက်နိုင်သည့် ဝင်ပေါက်တစ်ခုဖြစ်နေသည့်အတွက် စစ်ရေးအရ အရေးကြီးသည့် မြို့ဖြစ်သည်။

Show More

Related Articles

Back to top button