ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ယနေ့ (ဇွန် ၁)က ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုတွင် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် သေဆုံးသွားကြောင်း သိရှိရသည်။
လှိုင်သာယာ၊ အမှတ် (၁၁) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနှင့် အနော်ရထာလမ်းထောင့်၌ ၎င်းစီးနင်းလာသည့် တိုရိုတာ၊ လင်ခရူဇာယာဉ်ကို ယနေ့ နံနက် ၈နာရီခန့်က ဆိုင်ကယ်ပေါ်မှနေ၍ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာတွင် ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောသည်။
“ပစ်ခတ်တာတော့ မတွေ့လိုက်ဘူး။ ဆိုင်ကယ်နဲ့ ပစ်တာလို့ ပြောတယ်။ ကျွန်တော်တို့သွားတော့ ကားပဲ ရှိတော့တယ်။ (ဦးစိုင်းလင်းဇော်) လူမရှိတော့ဘူး။ သူက ပျူစောထီးခေါင်းဆောင်ဆိုပြီး ရပ်ကွက်ထဲမှာ နာမည်ကြီးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အသက် ၅၀ အရွယ် ဦးစိုင်းလင်းဇော်၏ နေအိမ်တွင် ပြီးခဲ့သည့် မေ ၅ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
ပျူစောထီးအဖွဲ့မှာ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပြည်သူတို့၏ ဒီမိုကရေစီရေးတောင်းဆိုမှု၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုအန္တရာယ်ကို ခုခံကာကွယ်နိုင်ရေးကြိုးပမ်းမှုများအပေါ် တန်ပြန်နှိမ်နင်းရန် စစ်တပ်က ကျောထောက်နောက်ခံပြု၍ ဖွဲ့စည်းထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဦးစိုင်းလင်းဇော်သည် လှိုင်သာယာမြို့နယ်အနောက်ပိုင်းတွင် နေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ ယင်းမြို့နယ်၏ ရန်ကုန်တိုင်းတိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် PPP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြုသူကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်အာဏာသိမ်းချိန်တွင်မူ ဦးစိုင်းလင်းဇော်မှာ လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့မိမြို့ဖဖြစ်လာသည်ဟု ဒေသခံများထံမှ သိရသည်။
၎င်းသည် PPP ပါတီသို့ မဝင်ရောက်မီ စစ်တပ်ကျောထောက်နောက်ခံပြုနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ မတိုင်မီ ပြည်ခိုင်ဖြိုးအာဏာရချိန်အတွင်း လှိုင်သာယာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သည်ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ၎င်းမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အာဏာရချိန်တွင် အစိုးရကို ဆန့်ကျင်သည့် တပ်မတော်ထောက်ခံပွဲများ၊ အမျိုးသားရေးအမည်ခံလှုပ်ရှားမှုများအတွက် လှိုင်သာယာမြို့နယ်အတွင်း အခကြေးငွေဖြင့် လူစုဆောင်းသူ၊ မဘသဟု နာမည်ကျော်သည့် မျိုးချစ်အမည်တပ် အစွန်းရောက်အဖွဲ့တွင်လည်း တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း အဆိုပါဒေသခံက ဆိုသည်။
ဦးစိုင်းလင်းဇော် မသေဆုံးမီ ကိုယ်စားပြုခဲ့သည့် PPP ပါတီမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအမတ်ဖြစ်ခဲ့ပြီးမှ ပါတီမှ နုတ်ထွက်သွားသူ ဒေါက်တာသက်သက်ခိုင်က တပ်မတော်ထောက်ခံသူ၊ အမျိုးသားရေးအမည်ခံသူနှင့် စစ်မှုထမ်းဟောင်းတို့၏ အင်အားဖြင့် ၂၀၁၉ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။
‘ရွှေနန်းတော်’စိန်ရွှေရတနာတိုက်ပိုင်ရှင်ဟု နာမည်ကြီးပြီး PPP တွင် ဥက္ကဋ္ဌတာဝန်ယူထားသည့် ဒေါက်တာသက်သက်ခိုင်မှာ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။
ဦးစိုင်းလင်းဇော်သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်တွင် ၃၈နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် PPP ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးသတ်ဖြတ်ခံရခြင်းမှာ လက်ရှိအာဏာယူထားသူများ၏ လုံခြုံရေးတာဝန်ယူမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
“မြို့နယ်ဖြစ်ဖြစ်၊ ရပ်ကွက်ဥက္ကဋ္ဌဖြစ်ဖြစ်၊ ရပ်ကျေးကော်မတီဖြစ်ဖြစ် တာဝန်ပေးပြီဆိုရင် တာဝန်ယူတာဝန်ခံမှုကတော့ ထုံးစံအတိုင်း ရှိရမှာပဲလေ။ အဲဒီတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ကတော့ ကိုယ်တာဝန်ပေးထားတဲ့သူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုက အလွန်အားနည်းတာကို သွားတွေ့ရတယ်။ အားမရဘူး” ဟု ၎င်းက Myamar Now ကို ပြောသည်။
PPP ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းမှတ်တမ်းများအရ ဦးစိုင်းလင်းဇော်သည် စတီးရောင်းဝယ်ရေး၊ ကားမောင်းခြင်းလုပ်ငန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဟု ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပြည်သူရာပေါင်းများစွာကို ရက်စက်စွာသတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော ပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်သည့်အတွက် မြန်မာပြည်အနှံ့ရှိ လူငယ်လူရွယ်တို့သည် ရရာလက်နက်များဖြင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီက ခန့်အပ်သော အုပ်ချုပ်ရေးမှူးများကို ခုခံတိုက်ခိုက်နေကြသည်။