ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင်ကျင်းပမည့် စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲအတွက် ရက်အနည်းငယ်သာ လိုတော့ချိန် ချင်းပြည်နယ် မြို့နယ် ၅ ခုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြောထားသော်လည်း အပြည့်အဝနယ်မြေစိုးမိုးနိုင်ခြင်းမရှိသေးဘဲ စစ်တပ်က ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ပွဲများပြင်းထန်နေသည်။
အိန္ဒိယနှင့်ထိစပ်နေသည့် နိုင်ငံအနောက်မြောက်ပိုင်းချင်းပြည်နယ်တွင် သက်တမ်းရင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်ဦးဆောင်သည့် ချင်းပြည်ကောင်စီတပ်၊ နွေဦး တော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းတော်လှန်ရေးအင်အားစုများဖြင့်ဖွဲ့ထားသည့် ချင်းညီနောင်နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော်(AA)တို့က ပြည်နယ်၏ ထက်ဝက်ကျော်ကိုထိန်းချုပ်ထားသည်။
ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် မြောက်ပိုင်းရှိ စစ်တပ်ခြေကုပ်ယူထားသည့် ဟားခါး ၊ တီးတိန်၊ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည့် ထန်တလန်နှင့် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ဖလမ်း၊ တွန်းဇံတို့တွင် ရွေးကောက်ပွဲကျင်းပရန် စစ်တပ်ကလျာထားသည်။

ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ချင်းညီနောင်အဖွဲ့ထိန်းချုပ်ထားရာ ပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ပလက်ဝမြို့နယ်တို့သည် ရွေးကောက်ပွဲ ကျင်းပမည့်မြို့နယ်များတွင် မပါဝင်ပေ။
ချင်းပြည်နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်စသည့် နေရာ ၂၈ ခုအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC)၊ ဇိုမီး အမျိုးသားပါတီ (ZNP) ၊ ခူမီးအမျိုးသားပါတီ (KNP)နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့မှ ကိုယ်စားလှယ် လောင်း ၈၃ ဦးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်တပ်ကျောထောက် နောက်ခံပြု ထားသည့် ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ချင်းပြည်သစ်ကွန်ဂရက် ပါတီက ၂၆ နေရာ၊ ဇိုမီးအမျိုးသားပါတီက ၁၉ နေရာ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုးနေရာ နှင့် ခူမီးအမျိုးသား ပါတီက တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဒုတိယနေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်သစ် ကွန်ဂရက်ပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လက်ထက် ချင်းပြည်နယ်အစိုးရဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ဦးစိုးထက်က ဥက္ကဌအဖြစ် တာဝန်ယူပြီး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မေလ ၂၆ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ရရှိခဲ့ပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူခဲ့သည့် ဦးစိုးထက်သည် အရပ်သားအစိုးရလက်ထက် ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ ပလက်ဝမြို့နယ် လွှတ်တော်မဲဆန္ဒနယ်မှ ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်သည်။ စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပယ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဦးစိုးထက်သည် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)တွင် ချင်းပြည်သစ် ကွန်ဂရက်ပါတီမှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြု စနစ် မဲဆန္ဒနယ် အမှတ်(၁)အတွက် နိုင်ငံရေးပါတီတစ်ခုလျှင် ကိုယ်စားလှယ်ခြောက်ဦးစီဖြင့် စုစုပေါင်း ၂၄ ဦး ပါဝင်မည်ဖြစ်သည်။ ထိုနေရာအတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဝင်ပြိုင်မည့် ကိုယ်စားလှယ် ခြောက်ဦးတွင် ဦးနိုထန်ဘလ်(ခ) ဦးနိုထန်ကပ်လည်းပါဝင်သည်။
ဦးနိုထန်ကပ်သည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလတွင် ပါတီမှနုတ်ထွက်ပြီးဖြစ်သည့်အတွက် ပါတီနှင့်သက်ဆိုင်မှုမရှိတော့ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် CNLD က ထုတ်ပြန် သည်။ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)သည် အရပ်သားအစိုးရ လက်ထက် ၂၀၁၈ ခုနှစ် တွင် ချင်းအမျိုး သားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေး ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ပူးပေါင်းဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီပြန်လည်မှတ်ပုံတင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းခံခဲ့ရသည်။
ချင်းပြည်နယ်တွင် တတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီသည် ဇိုမီးအမျိုးသားပါတီ (ZNP) ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ထွက်ပေါ်လာသည့် နိုင်ငံရေးပါတီသစ်တစ်ခုဖြစ်သည်။
ဇိုမီးအမျိုးသားပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူများအနက် ယခင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်း ပါဝင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ချင်းပြည်နယ် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တွန်းဇံမဲဆန္ဒနယ်မှအနိုင်ရရှိခဲ့သည့် ဦးပေါင်လွန်မင်းထန်သည် လာမည့် ရွေးကောက်ပွဲတွင် ZNP ကိုယ်စားပြုပြီး ချင်းပြည်နယ် အမျိုးသားလွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရ သည့် ဒေါ်ကျိန်ငိုက်မန်မှာလည်း ယခုလာမည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) အတွက် ZNP ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုင်ငံရေးထွက်ပေါက်အဖြစ် စစ်တပ်လုပ်မည့်ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး ထိုရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းလက်နက်ကိုင် တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။
“ရွေးကောက်ပွဲဆိုတာက စစ်ကော်မရှင်က မြန်မာ့နိုင်ငံရေးမှာတရားဝင်ရပ်တည်နိင်ရေးအတွက် အဲ့ဒီလိုဖန်တီး ပြီးတော့လုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ရဲ့နိုင်ငံရေး ရေရှည်အတွက်တော့အန္တရာယ်ရှိ တယ်။ သူတို့က စစ်ရေးနိုင်ငံရေး ပိုမိုရှုပ်ထွေးသွားမှာကို ဦးတည်သွားမယ့်အနေအထားမှာရှိတယ်။ အဲဒါကြောင့် ဘယ်လိုပဲလုပ်လုပ် ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးဆန့်ကျင်သွားမှာပဲဖြစ်ပါတယ်”ဟု ချင်းအမျိုးသား တပ်မတော် (CN A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေ
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁)ကို ၁၀၂ မြို့နယ်တွင် ပြုလုပ်မည့်အနက် ချင်းပြည်နယ်မှ မြို့တော် ဟားခါးနှင့်တီးတိန်တို့ပါဝင်သည်။ ဇန်နဝါရီလလယ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် ချင်းပြည်နယ်မှ မြို့နယ်များမပါဝင်ပေ။
ထို့ကြောင့် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသော်လည်း စစ်တပ်အပြည့်အဝနယ်မြေထိန်း ချုပ်ထားနိုင်ခြင်းမရှိသည့် ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်တို့သည် အပိုင်း (၃)တွင်ပါဝင်လာဖွယ်ရှိသည်။
ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် ရက်အတိအကျကို စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း အပိုင်းလိုက်ရွေးကောက်ပွဲများကို နှစ်ပတ်ခြားစီပြုလုပ်မည်ဟု စစ်တပ်ဘက်က ထုတ်ပြောထားသည့်အတွက် ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိနေသည်။

ဒီဇင်ဘာလပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့် အချက်အလက်များအရ ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမည့် မြို့တော်ဟားခါးနှင့်တီးတိန်မြို့နယ်အတွင်းမှာပင် နယ်မြေအားလုံးကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ မြို့ပေါ်ကွက်ကွက်တွင်သာ ကျင်းပနိုင်မည်ဖြစ်သည်။
ဟားခါးမြို့နယ်တွင် ပါဝင်သည့် ဆူခွါးမြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ရာ အစိုးရဌာများရုံးစိုက်ပြီး အမှတ် ၂၆၆ ခြေလျင်တပ်ရင်းတည်ရှိရာ ဟားခါးမြို့ပေါ်တွင်သာ မဲပုံးထောင်နိုင်မည်ဖြစ်သည်။
ထို့ပြင် တီးတိန်မြို့နယ်တွင် ကျေးရွာ အုပ်စု ၅၅ ခုတွင် ရွေးကောက်ပွဲမလုပ်နိုင်ဟု ကြေညာထားသည့် အတွက် ကျေးလက်ဒေသများတွင် ရွေးကောက်ပွဲမလုပ်နိုင်ဘဲ အမှတ် ၂၆၉ ခြေလျင်တပ်ရင်း (ခလရ ၂၆၉) ခြေကုပ်ယူထားသည့် တီးတိန်မြို့ပေါ် နှင့် ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအားကောင်းရာချင်းပြည်နယ်တွင် ကျေးလက်ဒေသအများစု နှင့်ဆက်သွယ်ရေးအရ အရေးပါသည့်လမ်းပိုင်းများကို ချင်းတော်လှန်ရေးတပ်များကထိန်းချုပ်ထားသည်။
“၂၀၂၀ ရွေးကောက်ပွဲနဲ့စာရင် အခုရွေးကောက်ပွဲကတော့ ဟားခါးမြို့ပေါ်လောက်မှာပဲ စနစ်တကျလုပ်နိုင် မယ့်အနေအထားမှာရှိတယ်လို့သုံးသပ်မိတယ်။ တီးတိန်မြို့ပေါ်မှာတောင် ဟားခါးလောက် လုပ်နိုင်မယ် မထင်ဘူး။ဘာကြောင့်လဲဆိုတော့ တီးတိန်မြို့အဝင်နားလေးထိကို PDF Zoland နဲ့ CB တွေက နယ်မြေ ချဲ့လာနိုင်ပြီဆိုတော့။ နောက်တစ်ခုကတော့ ဟားခါးမြို့ကတော့ မြို့တော်လည်းဖြစ်တော့ စစ်တပ်က တော်တော်လေးအားကောင်းနေတဲ့ အနေအထား မျိုးလည်းဖြစ်တဲ့အခါကျတော့ ဟားခါးမြို့ပေါ် လောက်ကပဲ စိတ်ဝင်စားမှုရှိတယ်လို့ သုံးသပ်ရမှာပါ” ဟု ချင်းရေးရာအဖွဲ့ (Institute of Chin Affairs – ICA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ချင်းရေးရာအဖွဲ့ သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်ပြီး စစ်ဘေးရှောင်နှင့်ဒေသခံများအတွက် ပညာရေး၊ကျန်းမာရေး၊နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး လုပ်ငန်းများဆောင်ရွက်နေပြီး၊ အစီရင်ခံစာများလည်း ထုတ်ပြန်နေသည့်အဖွဲ့ဖြစ်သည်။
တီးတိန်မြို့တွင် ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ခိုင်ဖြိုးနှင့် ဇိုမီးအမျိုးသားပါတီမှ စည်းရုံးရေး လှုပ်ရှားမှုအနည်းအကျဉ်းသာရှိကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
“အဲ့ဒီပါတီနှစ်ခုကတော့ တီးတိန်မြို့ပေါ်မှာ အခုတလောလှုပ်ရှားနိုင်တယ်။ သူတို့ကလှုပ်ရှားတာက ဗီနိုင်းကပ်တာ လောက်ပဲ။ ဟောပြောပွဲတော့ကြီးကြီးကျယ်ကျယ်မလုပ်နိုင်သေးဘူး။ အဓိကအားဖြင့် ရဲတွေကလုံခြုံရေးယူပေးပါတယ်”ဟု တီးတိန် ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့ပေါ်ရပ်ကွက်များသာထိန်းချုပ်ထားနိုင်သည့် ဟားခါး၊ တီးတိန်မြို့နယ်တို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အွန်လိုင်းကိုအားပြုပြီး မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။
စစ်တပ်လုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကန့်ကွက်ထားပြီး လူထုလှုပ်ရှားမှုကမ်ပိန်းများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိရာ မြန်မာ- အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကလေး- တီးတိန်- ရိဒ်လမ်းကြောင်းပေါ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်းဘုတ်(ပိုစတာ)များ စိုက်ထူခဲ့ကြသည်။
စစ်တပ်မထိန်းချုပ်နိုင်သည့်မြို့များ၏ ရွေးကောက်ပွဲအလားအလာ
ဟားခါးမြို့နှင့် မိုင် ၄၀ ခန့်သာကွာဝေးသည့် ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုများက ငါးလ နီးပါးကြာ ထိုးစစ်ဆင်ရာ ယခုနှစ် ဧပြီလကစပြီး မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။
ဖလမ်းမြို့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်တပ်ကထုတ်ပြန်ခဲ့ပြီး မြို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် အောက်တိုဘာလကုန်ပိုင်းကစတင်ကာ ကလေးမြို့နယ်မှ တဆင့် ကလေး – ဂန့်ဂေါလမ်းအတိုင်း စစ်ကြောင်းတစ်ခု၊ တီးတိန်မြို့နယ်၊ သိုင်းငင်းဘက်စစ်ကြောင်းတစ်ခုဖြင့် နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေသည်။
အင်အားရာနှင့်ချီပါဝင်သည့် စစ်ကောင်စီတပ်များကို ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်များအပါအဝင် တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းမှ အပြင်းအထန် တုံ့ပြန်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။
“နှစ်ကြောင်းပေါင်းရင် လူဦးရေ ၇၀၀ ကနေ ၈၀၀ လောက်အထိ ရှိတဲ့ စစ်ကြောင်းနဲ့ အင်အားနဲ့ထိုးပါတယ်။ လက်ရှိအချိန်ထိ စစ်ကြောင်းထိုးတာကတော်လှန်ရေးဘက်ကနေ ခုခံနေတဲ့အနေအထားရှိပါတယ်။ စာရင်းအရ လေယာဉ်နဲ့ပစ်ခတ်တာတွေက တော်တော်များများပါတယ်။ အကြိမ် ၆၀၀ ကျော်ပြီ Y 12 နဲ့ ဂျက်ဖိုက်တာနဲ့ပစ် တာ”ဟု ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (CNDF) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကပြောသည်။
ဖလမ်းမြို့နယ်မြေပြန်လည်စိုးမိုးနိုင်ရေး နှစ်လနီးပါးကြာ စစ်တပ်ထိုးစစ်အတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိပြီး မြို့နှင့် ၁၅ မိုင်ခန့်အကွာထိ စစ်တပ်စစ်ကြောင်းများရောက်ရှိနေပြီဖြစ်သည်။
ဖလမ်းမြို့နယ်သည် မြို့တော်ဟားခါးကိုထိန်းချုပ်နိုင်ရန်အတွက် စစ်ရေးအရအရေးပါသည့်နည်းတူ အိန္ဒိယနယ်စပ် ကုန်သွယ်ရေးအတွက် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအရလည်း အချက်အချာကျသည့်အတွက် မြို့ကိုပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေး စစ်တပ်ကအပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
“နိုင်ငံတကာကူးလူးဆက်ဆံရေးအတွက် အရေးပါတဲ့နေရာရော၊ စစ်ရေးအရအရေးပါတဲ့ ဖလမ်းမြို့ကို ပြန်ရရင် ချင်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်မယ့်အရေးပါတဲ့ အနေအထားမှာရှိတယ်”ဟု ဆလိုင်းတင်မီထွဋ်က ပြောသည်။
ဖလမ်းမြို့နယ်တွင် စစ်တပ်ထိုးစစ်ကြောင့် ရွာပေါင်း ၅၀ ကျော်မှ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းဝန်းကျင်သည် နေရပ်စွန့်ခွာပြီး ဟားခါး၊ ကလေးမြို့စသည့်နီးစပ်ရာမြို့နယ်များတွင် ခိုလှုံနေရသည်။
ဖလမ်းမြို့ကိုစစ်တပ်က အပြင်းထန်ထိုးစစ်ဆင်နေသော်လည်း မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမရှိကြောင်း ဆလိုင်းတင်မီထွဋ်က သုံးသပ်သည်။
“ဖလမ်းမြို့ကိုစစ်တပ်ဘက်ကပြန်ယူမယ်ဆိုရင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိပါဘူး။ ပြည်သူကရှိမှ မရှိ တာ။ စစ်တပ်ဝင်တဲ့ရွာတွေမှာဆိုရင်လည်း ဝေဘူလမှာဆိုရင်လည်း ပြည်သူမှမရှိတာ စစ်တပ်ပဲရှိတာ။ ဖလမ်းမြို့ ကို စစ်တပ်ကပြန်ဝင်မယ်ဆိုရင်လည်းတော်လှန်ရေးဘက်က ပြန်ခုခံမှာပဲ”ဟု ၎င်းကဆိုသည်။
ထို့ပြင် ဟားခါးမြို့နှင့် မိုင် ၂၀ ခန့်သာကွာသည့် ထန်တလန်မြို့တွင်လည်း စစ်တပ်ကရွေးကောက်ပွဲလုပ်မည်ဟု ဆိုထားသော်လည်း မြို့ကို စစ်တပ်ကအလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပေ။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်တပ်မီးရှို့မှုကြောင့် မြို့လုံးကျွတ်စစ်ဘေး ရှောင်ခဲ့ရသည့် ထန်တလန်မြို့ပေါ်တွင် အရပ်သားပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသလို စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကသာ မြို့ပေါ်တွင် နေရာယူထားသည်။
“ မြို့ပေါ်ကတော့ ဒီနေ့အထိ ပြည်သူတော့မရှိဘူး။ ပြန်လည်းပြန်လို့တော့ မရသေးဘူး။ အဓိက လက်နက်ကိုင် စကမဘက်ကရယ်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်ကပဲရှိတယ်။ ပြည်သူတွေတော့ မရှိပါဘူး” ဟု ထန်တလန်မြို့နယ်မှ စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောသည်။
ထန်တလန်မြို့နယ် ကျေးလက်ဒေသများတွင်လည်း တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထိန်း ချုပ်ထားသည့်အတွက် ရွေးကောက်ပွဲလုပ်နိုင်မည့်အခြေအနေမရှိသလို ထန်တလန်ဒေသခံအများစုကလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဟု ၎င်းကဆိုသည်။
လတ်တလောတွင် ထန်တလန်မြို့နယ်တွင်း စစ်တပ်စစ်ကြောင်းထိုးလှုပ်ရှားမှုမရှိသော်လည်း ဟားခါးနှင့် ထန်တလန်ကြားတွင် ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည့်အတွက် စစ်တပ် ထိုးစစ်ဆင်လာသည်နှင့် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
ထို့ပြင် ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပရန်ထည့်သွင်းထားသော်လည်း ပြီးခဲ့သည့်နှစ် မေလ ကတည်းကစပြီး CNA ဦးဆောင်သည့် ချင်းပြည်ကောင်စီတပ်က လက်ရှိအချိန်ထိမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ စစ်ရေးအရဖိအားပေးမှုများကို လုပ်ဆောင်နေပြီး လေကြောင်း တိုက်ခိုက်မှု အရေအတွက်မှာလည်း စံချိန်တင်မြင့်တက်လာကာ အရပ်သား အခြေခံအဆောက်အဦများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသည့် ပြည်သူလူထုသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန် ထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန်ထားသည့် အချက်လက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့်လူဦးရေ ၃ ဒသမ ၆ သန်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်အနက် ချင်းပြည်နယ်မှ လူဦးရေ တစ်သိန်းကျော် ပါဝင်သည်။



