အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းပြည်နယ် ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့သိမ်းပိုက် 

၅ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် လက်ကျန်စခန်းကုန်းကို ယမန်နေ့ညက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီးနောက် မြို့ပေါ်သည် ချင်းညီနောင်အဖွဲ့၏ ထိန်းချုပ်မှုအောက် ကျရောက်သွားသည်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်မှ နောက်ဆုံးလက်ကျန် အမှတ် (၂၆၈)  ခြေလျင်တပ်ရင်းစခန်း ကုန်းကို ယမန်နေ့ (ဧပြီ ၇) တွင် အပြီးသတ်တိုက်ခိုက်ပြီးနောက် ဖလမ်းမြို့ပေါ်ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲ စတင်ခဲ့ရာ မြို့ပေါ် ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများကို သိမ်းပိုက် နိုင်ခဲ့သည်။

စစ်ကောင်စီတပ်သည် မြို့အနောက်တောင်ဘက်တွင် အခိုင်အမာတည်ဆောက်ထားသည့်  ခလရ ၂၆၈ စခန်းကုန်းတွင် နေရာယူကာ ဆက်လက်ခုခံခဲ့ခြင်းဖြစ်သည်။​

ထိုစစ်စခန်းကို ချင်းညီနောင်တပ်များက လနှင့်ချီကြာအောင် ပိတ်ဆို့တိုက်ခိုက်ရခြင်းဖြစ်ပြီး ယမန်နေ့က စခန်းကုန်းကို အပြီးအပြတ် တိုက်ခိုက်ခဲ့သည့်အတွက်  မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဖလမ်းမြို့ပေါ်နှင့်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေးလုပ်နေပြီး မြို့သိမ်းသည့်အခြေအနေ နှင့်ပတ်သက်ပြီး အသေးစိတ်ကို မကြာမီ ထုတ်ပြန်သွားမည်ဟု ချင်းညီနောင် အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောသည်။ 

“ကျွန်တော်တို့က မနက်ဖြန်၊ သဘက်ခါလောက်မှ အသေးစိတ်ထုတ်ပြန်ဖို့လုပ်ထားပါတယ်။ အခုက ရှင်းလင်းရေးတွေ ဆက်လုပ်နေတုန်းပါ”ဟု ၎င်းက ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သောင်းနီးပါး နေထိုင်သည့် ဖလမ်းမြို့မှာ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး စီးပွားရေးအရအရေးပါသည့် လမ်းကြောင်း ပေါ် တွင် ရှိသည်။ 

စစ်တပ်အခြေစိုက်ရာ ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၄၀ ခန့်သာကွာဝေးသည့်အတွက် ဖလမ်းမြို့ကို လက်မလွှတ်ရရေးအတွက် စစ်တပ်က လေကြောင်းမှ အကြိမ်ကြိမ်ပစ်ကူရုံသာမက အင်အား ဆယ်နှင့်ချီ သည့် စစ်ကူများကို လေကြောင်းမှ ပို့ဆောင်ခဲ့သည်။  

“ဖလမ်းကျရင် အဓိက မြို့ကြီးဖြစ်တဲ့ ဟားခါးနဲ့ကလေး ပေးရမှာကြောက်လို့ အဝေးကတပ်တွေကိုပဲ လေကြောင်းကနေ မရ၊ အရ ဖြည့်တင်းထားတာပါ။ ဖြည့်တင်းထားလို့လည်း ဖလမ်းကို နှစ်ဝက်နီးပါး လောက် တိုက်လိုက်ရတဲ့အနေအထားမျိုးလို့ ပြောလို့ရပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ 

၂၀၂၄ ဇန်နဝါရီ ၁၄ ရက်က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အခြေခံစစ်သင်တန်း သင်တန်းဆင်းပွဲတစ်ခု။ (ဓာတ်ပုံ-CNDF) 

ဖလမ်းမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ခြင်းဖြင့် ဒေသအခြေစိုက်ကွပ်ကဲမှု စစ်ဌာန ချုပ် ( (ဒကစ) ရှိရာ ကလေးမြို့နှင့် ပြည်နယ်မြို့တော် ဟားခါးကြား မြေပြင်ဆက်သွယ်ရေး ပြတ်တောက် သွားသည့်အခြေအနေ ဖြစ်ကြောင်း  ၎င်းက သုံးသပ်သည်။ 

“ ဟားခါးနဲ့ ဖလမ်းနဲ့ မြေပြင်ဆက်သွယ်နိုင်မှုအကြောင်းအရာမရှိတော့ဘူး။ ပြီးရင် ဖလမ်းကနေ ပြန်ပြီး ခြေကုပ်ယူပြီး မြို့တော်ဟားခါးကိုပဲဖြစ်စေ၊ ဒကစ ကလေးကိုပဲဖြစ်စေ တော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခြိမ်းခြောက်နိုင်တဲ့အဆင့်ရောက်သွားပြီ”

“ခုတော့ စစ်ကောင်စီအတွက် ဟားခါးနဲ့ ကလေးဟာ စိတ်မချရတဲ့အနေအထားကို ရောက်သွားပြီ” ဟု ၎င်းက ဆက်ပြောသည်။ 

၅ လနီးပါး တိုက်ခိုက်ခဲ့ရသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ဆယ်နှင့်ချီ ဖမ်းဆီးရမိခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိကြောင်းသိရသည်။ 

မြို့သိမ်းတိုက်ပွဲများကြောင့် ဖလမ်းမြို့ပေါ်နေ လူဦးရေတစ်သောင်းကျော်သည် မြို့နှင့်ဝေးသည့်ကျေးရွာ များ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရန်ကုန်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့တွင် ပြောင်းရွှေ့နေထိုင်နေကြ ရသည်။

ဖလမ်းမြို့အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိ‌ပေ။

နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသော ချင်းတော်လှန်ရေးအင်အားစုများဖြစ် သည့် ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CDF Mindat)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက် (CDF Kanpetlet)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၁) တို့ ဖြင့် ချင်းညီနောင်အဖွဲ့ (Chinbrotherhood) ကို ဖွဲ့စည်းထားသည်။ 

လက်ရှိတွင် ချင်းညီနောင်အဖွဲ့က ချင်းပြည်နယ်  ၉ မြို့နယ်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း မြို့နယ် တို့ကို သိမ်းပိုက်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသည်။

သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သော ချင်းအမျိုးသားတပ်မတော် ဦးဆောင်ပြီး ချင်းတော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီက တွန်းဇံမြို့ကို ၂၀၂၄ မေက သိမ်းထားသည်။ 

ချင်းတောင်တန်းနယ်မြေ၏ ရာခိုင်နှုန်း ၈၀ ကျော်မှာ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး စစ်တပ်က မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့တို့သာ အခြေချသည်။  

ချင်းပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းနီးပါးရှိပြီး တစ်သိန်းနှစ်သောင်းကျော်မှာ ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေရသည့် စစ်ဘေး ရှောင် လေးသောင်းခွဲနီးပါးရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ်က မတ်လလယ်က ပြောကြားထားသည်။ 

ထိုအဖွဲ့က ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ထားသည့်အချက်များအရ အာဏာသိမ်းပြီး ၄ နှစ် အတွင်း ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့်ချင်းလူမျိုး ၂၄၉ ဦး သေဆုံးခဲ့ပြီး ၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၂၀၀ ကျော်နှင့် ဘာသာရေးအဆောက်အဦ ၃၉ လုံး ပျက်စီးခဲ့သည်။  

Related Articles

Back to top button