
မတ်လ ၁၁ ရက်နေ့ကစပြီး ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သိမ်းတိုက်ပွဲ တကျော့ပြန်ပြင်းထန်နေပြီး စစ်ကောင်စီက မြို့ကိုလက်မလွှတ်ရရေးအတွက် ၇ ရက်အတွင်း လေကြောင်းမှ အကြိမ်ရေ ၄၀၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံက သိရသည်။
ယမန်နှစ် နိုဝင်ဘာ ၉ ရက်နေ့မှစတင်သော ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ် တပ်စွဲထားသည့် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ်ရုံး၊ ဆေးရုံကုန်းကို နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အနောက်တောင်ဘက် ရှိ ခလရ (၂၆၈) တပ်စခန်းသာ ကျန်သည်ဟု ဆိုသည်။
CNDF အပါအဝင် ချင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့ (CB) က မြို့သိမ်းတိုက်ပွဲ ပြုလုပ်နေခြင်းဖြစ်သည်။
ခလရ (၂၆၈) ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် မတ် ၁၁ ရက်နေ့မှစကာ တိုက်ပွဲ ပြန်ပြင်းထန်လာသည်၊ စခန်းဝန်းကျင်နှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။
မတ် ၁၅ ရက်နေ့ တစ်ရက်တည်းမှာပင် တိုက်ခိုက်ရေးလေယာဉ်၊ သယ်ယူပို့ဆောင်ရေး Y 12 လေယာဉ်များ ဖြင့် အကြိမ်ရေ ၁၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သူက ဆိုသည်။
“ ၁၅ ရက်နေ့ တစ်ရက်တည်းမှာတင် အကြိမ်ပေါင်း Y 12 နဲ့ ဂျက်နဲ့ ၁၅၈ ကြိမ်ပေါ့။ ကျွန်တော်တို့ ကောက် ထားတာရှိပါတယ်။ ၇ ရက်အတွင်းမှာ တစ်ရက်ချင်းစီတွက်မယ်ဆိုရင်တော့ အကြိမ်ပေါင်း ၄၀၀၊ ၅၀၀ လောက်ရှိမယ်။ Y 12 အပါအဝင် ဗုံးသီးချတာတွေ အကုန်တွက်မယ်ဆိုရင် တော်တော်လေးကို လေကြောင်း ကို အသုံးပြုတဲ့ပုံစံဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဒီနေ့အထိ ရှိနေဆဲပါပဲ” ဟု ဆလိုင်းတင်မီက ယနေ့ (မတ် ၁၇) ရက် နံနက်ပိုင်းတွင် ပြောသည်။
ပြင်းထန်နေသော ၄ လကျော်ကြာ တိုက်ပွဲများနှင့်လေကြောင်းဗုံးကြဲမှုကြောင့် ဖလမ်းမြို့ မည်မျှပျက်စီး ထိခိုက်နေသည်ကို မသိရသေးပေ။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ပြည်နယ် မြို့တော် ဟားခါးကြားတွင် တည်ရှိပြီး စီးပွားရေးအရ အရေးပါသည့် လမ်းကြောင်းပေါ်တွင် ရှိသည့် ဖလမ်းမြို့နယ်သည် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။
စစ်ကောင်စီတပ် အခြေစိုက်သည့် ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၄၀ ခန့်သာကွာဝေးသည့်အတွက် ဖလမ်းမြို့မကျစေရေး စစ်တပ်က အပြင်းထန်ခုခံနေခြင်းဖြစ်သည်ဟု ဆလိုင်းတင်မီက သုံးသပ်သည်။
“စစ်ရေးအရ ဖလမ်း ၂၆၈ ကျမယ်ဆိုရင် မြို့တော် ဟားခါးအတွက်လည်း Security (လုံခြုံရေး) အရ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးရှိတဲ့အတွက်ကြောင့် စကစဘက်ကနေ ဖလမ်း ၂၆၈ လုံးဝကာကွယ်တဲ့ အခြေအနေမှာရှိတယ်”
စစ်တပ်က ယမန်နှစ်ဒီဇင်ဘာလကစပြီး ဖလမ်းမြို့သို့ စစ်ကူပို့ရန် ဆက်တိုက် ကြိုးပမ်းနေသည်၊ ထိုလက စစ်ကူအင်အား ၁၀၀ နီးပါးကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ဆယ်နှင့်ချီ ရရှိခဲ့သည်။
ယခုနှစ် ဇန်နဝါရီလအတွင်း စစ်တပ်က အင်အား ၃၀ နီးပါး ဖလမ်း၌ ဖြည့်တင်းခဲ့ပြီး မတ် ၁၀၊ ၁၄ နှင့် ၁၅ ရက်နေ့တို့တွင် စုစုပေါင်း အင်အား ၁၀၀ နီးပါး ထပ်ဖြည့်ထားကြောင်း ဆလိုင်းတင်မီက ပြောသည်။
“အဓိကတော့ ဖလမ်းက စစ်ရေးအရ အရမ်းအရေးကြီးတဲ့ နေရာမှာရှိတဲ့အတွက်ကြောင့် သူတို့က ခလရ ၂၆၈ ကို မကျအောင် ကာကွယ်တယ်လို့ ကျွန်တော်တို့က သဘောပေါက်ပါတယ်” ဟု သူက ဆိုသည်။
ယခုရက်ပိုင်းအတွင်း စစ်သုံ့ပန်းများ ထပ်မံရရှိသည်ဟု ဒေသတွင်း အွန်လိုင်းသတင်းဌာနတချို့က ရေးသားထားသည်။
ထိုရေးသားမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်းမရှိသေးပေ။

အိန္ဒိယ – မြန်မာနယ်စပ်တွင် တည်ရှိသည့်၊ ဖလမ်းမြို့နယ်အတွင်းပါဝင်သည့် ရိခေါ်ဒါမြို့နှင့် ဝေဘူလမြို့ တို့ကို ချင်းတော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်နှစ်များတည်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲ စတင်ချိန်ကတည်းက မြို့နေလူထု ၂ သောင်းနီးပါးမှာ အိန္ဒိယနယ်စပ်နှင့် အခြား ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးခိုလှုံနေကြသည်။
နိုင်ငံအနောက်မြောက်ပိုင်းတောင်တန်းဒေသ ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ ဒေသဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်အကြာ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိသည့်အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို ချင်းညီနောင်အဖွဲ့ က သိမ်းပိုက်ထားပြီး ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ် ယမန်နှစ် နှစ်ဆန်းပိုင်းကပင် ထိန်းချုပ်နိုင်ခဲ့ကာ တွန်းဇံမြို့နယ်ကို သက်တမ်းရင့်လက်နက်ကိုင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့်တပ်ဖွဲ့များက သိမ်းပိုက်ထားသည်။
ထို့ကြောင့် ချင်းပြည်နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်က မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့များ၊ ဖလမ်း ခလရ (၂၆၈) တို့တွင်သာ အခြေချလှုပ်ရှားနိုင်တော့သည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၅သိန်းနီးပါးရှိသည်။
ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရသူ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် စစ်ရှောင်နေရသူ ၄ သောင်းခွဲနီးပါးရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ်ထံက သိရသည်။
ကာလရှည် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်လာရသည့်အတွက် စားဝတ်နေရေး အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှုဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ အိန္ဒိယဘက်ခြမ်းကို နယ်စပ်ကျော်ပြီး စစ်ဘေးရှောင်သူတွေလည်း တော်တော်လေး အခက်အခဲ တွေ့နေပါတယ်။ ..အရင်တုန်းကလို လွတ်လွတ်လပ်လပ်နေထိုင်ခွင့်လည်းမရှိတော့ဘူး။ တကယ်လို့ NGO ဘက်ကနေ ကူညီမှုတွေပြုလုပ်မယ်ဆိုရင်တောင်မှပဲ ပြည်နယ်အစိုးရကသော်လည်းကောင်း အိန္ဒိယ ဗဟိုအစိုးရကသော်လည်းကောင်း ကန့်သတ်ချက်တွေက ပိုများလာတယ်။ ရေရှည်အတွက်ဆိုရင်တော့ အခြေအနေ ဘယ်လိုပြောင်းလဲလာမလဲ မသိရသေးဘူး”ဟု အထက်ပါ ချင်းရေးရာအဖွဲ့ချုပ် တာဝန်ရှိ သူက ပြောသည်။
စစ်တပ်က ချင်းပြည်နယ် နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သော်လည်း လေယာဉ်စေလွှတ်ပြီး ဆက်လက် တိုက်ခိုက်နိုင်သေးသဖြင့် ဒေသခံအများစုမှာ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးဟု ၎င်းကဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ၄ နှစ်တာအတွင်း ချင်းပြည်နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၄၉ ဦး သေဆုံးပြီး ၄၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၂၀၀ ကျော်နှင့် ဘာသာရေးအဆောက်အဦ ၃၉ လုံးပျက်စီးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်က ယခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့တွင် ထုတ်ပြန်ထားသည်။
