သတင်း

မင်းတပ်နှင့်ဖလမ်းမြို့ နေရာအများစုကို ထိန်းချုပ်လိုက်ပြီဟု ချင်းညီနောင်တပ်ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့နယ်တို့မှ စစ်ကောင်စီ တပ်စွဲထားရာနေရာအများစုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ခန့် လက်နက်ချခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၀) က ထုတ်ပြန်သည်။ 

ချင်းပြည်နယ်‌တောင်ပိုင်း မင်းတပ်မြို့နှင့်၊ ပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့တို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်မှစတင်၍ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာတွင် စစ်ဆင်ရေးနှင့်ပတ်သက်သည့် အခြေနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

နိုဝင်ဘာ ၁၂  ရက်တွင် ဖလမ်းမြို့မှ  ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ချခဲ့ပြီး၊ ဒီဇင်ဘာ ၁၅ ရက်တွင် မင်းတပ် ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ စစ်သားနှင့် ရဲ ၁၂၃ ဦး လက်နက်ချကြောင်း ချင်းညီနောင်အဖွဲ့ထံက သိရ သည်။  

ထိုသူများနှင့်အတူ စစ်ကောင်စီတပ် မိသားစုဝင် ၃၀ ကျော် လည်း ပါလာသည်ဟု ချင်းညီနောင်အဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။ 

လက်ရှိအချိန်တွင် လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို  လုံခြုံ သည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။  

“လက်နက်ချအညံ့ခံလာတာဆိုတော့ ကောင်းကောင်းမွန်မွန်ပဲ ထားရှိတယ်။ တိုက်ပွဲနဲ့ ဝေးတဲ့နေရာကိုခေါ် သွားပြီးတော့ လုံလုံခြုံခြုံပါပဲ” 

အရာရှိအဆင့်တချို့ လက်နက်ချသည်ဟု ဆလိုင်းယောမန်က ဆိုသော်လည်း အသေးစိတ်ကို မပြောဆို ပေ။ 

အဆိုပါ ၂ မြို့ကို လက်မလွှတ်ရရေးအတွက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်း အထန် တိုက်ခိုက်နေသည့်ကြားမှ စစ်တပ်နေရာအများစုကို သိမ်းပိုက်ထားပြီး မင်းတပ်မြို့ အခြေစိုက် အမှတ် ၂၇၄ ခြေလျင် တပ်ရင်းနှင့် ဖလမ်းမြို့ အခြေစိုက် အမှတ် ၂၆၈ ခြေလျင်တပ်ရင်း တို့ကို ဆက် လက် ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိသည်ဟု ချင်းညီနောင်အဖွဲ့ထံက သိရသည်။ 

ချင်းညီနောင်အဖွဲ့သည် ဇိုမီးဖက်ဒရယ်အစည်းအစည်း (ZFU) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊  ချင်း အမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကန် ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ စုဖွဲ့ထားသည့်အဖွဲ့ဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- PDF Zoland) 

မင်းတပ်မြို့သိမ်းတိုက်ပွဲ

နိုဝင်ဘာ ၉ ရက် ညပိုင်းတွင်ချင်းညီနောင်အဖွဲ့၏ မြို့သိမ်းစစ်ဆင်ရေး စတင်အပြီး စစ်ကောင်စီတပ် အခြေစိုက်နေရာများကို စတင်တိုက်ခိုက်ခဲ့သည်။ 

မင်းတပ်မြို့တွင် စံမင်းသီရိကုန်းကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်း တပ်)၊ မြတ်လေးပွင့် စေတီကုန်း၊ ၄ မိုင်ကုန်း အစရှိသည့် စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ သည်။

“၉၀ ရာခိုင်နှုန်းကျော် ပြီးပါပြီ” ဟု မင်းတပ်မြို့အခြေအနေကို ဆလိုင်းယောမန်က ပြောသည်။ 

ခလရ၂၇၄ တပ်ရင်း ဝင်ပေါက်အနီးဖြစ်ပြီး မြို့၏အမြင့်ဆုံးတွင် တည်ရှိသည့် မြတ်လေးပွင့်စေတီကုန်းကို အပြင်းထန်ဆုံးနှင့် အခက်အခဲဆုံး တိုက်ယူ ခဲ့ရသည်ဟု ဆလိုင်းယောမန်က  ဆိုသည်။ 

“၂၇၄ ဘက်ကနေလည်း တောက်လျှောက်လက်နက်ကြီးပစ်ကူတွေရော လေကြောင်းပစ်ကူတွေရောနဲ့ အပြင်းထန်ဆုံး ဗုံးကြဲတဲ့ နေရာဖြစ်တယ်။ အဲ့ဒီ မြတ်လေးပွင့်စေတီကုန်းကို တိုက်ခိုက် သိမ်းယူတဲ့အချိန် မှာ တော့ တခြားကုန်းတွေထက်လည်း ပိုအချိန်ကြာတယ်။ တခြားကုန်းတွေထက်လည်း အဆမတန် ပိုပြင်းထန်တယ်”

ထိုအတောအတွင်း လေယာဉ်က နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့သလို မင်းတပ်မြို့သိမ်းတိုက်ပွဲတစ်လကျော် အတွင်း လေကြောင်းတိုက်ခိုက်မှု အကြမ် ၁၀၀ နီးပါး ရှိကာ ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများ ၊ အတွဲ လိုက်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

မင်းတပ်မြို့နှင့် မိုင် ၂၀ ခန့်အကွာ မကွေးတိုင်း၊ ကျောက်ထုအခြေစိုက် အမြောက်တပ်ကလည်း လက်နက် ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။ 

အမဲလိုက် တူမီးသေနတ်ကိုင်ပြီး တော်လှန်ခဲ့သည့် မင်းတပ်မြို့၏ လက်နက်ကိုင်တိုက်ခိုက်မှုမှာ စစ်တပ် အာဏာသိမ်းပြီးနောက် လပိုင်းအကြာကပင် စတင်ခဲ့သည်။ လက်နက်ကိုင်ခုခံမှုအားကောင်းရာ မင်းတပ် မြို့နယ်တွင် စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအများစုကို တော်လှန်ရေးအင်အားစု များက ထိန်းချုပ်ထားပြီးဖြစ်သည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေး မစတင်မီ လပိုင်းအလိုကပင် တော်လှန်ရေးတပ်များက မြို့ကို ချဉ်းကပ်ပြီး ကင်းထောက်ခြင်း၊ အချက် အလက်စုဆောင်းခြင်းဖြင့် ကြိုတင်ပြင်ဆင်ခဲ့သည်။ 

ထိုစဉ်ကတည်းကပင် စစ်တပ်ကလည်း ဆယ်နှင့်ချီသည့် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။ 

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်တပ်က လက်လွှတ်ရပြီးကတည်းက ကပ်လျက် မင်းတပ်မြို့ တိုက်ခိုက်ခံရနိင်ခြေတွက်ဆပြီး စစ်တပ်ဘက်ကလည်း လနှင့်ချီ စစ်ကြိုပြင်ခဲ့သည်ဟု ဆလိုင်းယောမန် က ဆိုသည်။ 

ဆက်သွယ်ရေး တူးမြောင်းများ၊ ကတုတ်ကျင်းများ အခိုင်အမာတည်ဆောက်သည်။ မြို့အနီး ကာကင်း၊ စိုးမိုးကုန်းများကို နေရာယူလိုက်ပြီး အနီးဝန်းကျင်ရှိနေရာများကို မြင်ကွင်းရှင်းလင်း စေရန် ဆက်တိုက် မီးရှို့ခဲ့သည်။  

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ချင်းပြည်နယ်သို့ မြေပြင်စစ်ကြောင်းမထိုး နိုင်သည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သည့် စစ်တပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်တွင်လည်း မြေပြင်စစ်ကူမပို့နိုင်ခဲ့ပေ။

ကပ်လျှက်ရှိ မကွေးတိုင်း၊ ကျောက်ထုမြို့၊ ထီးလင်းမြို့ဘက်မှတဆင့် မင်းတပ်ကို စစ်ကူပို့နိုင်ရန် ကြိုးပမ်းသော် လည်း တော်လှန်ရေးအင်အားစုများက ဖြတ်တောက်နိုင်ခဲ့သည်ဟု ဆလိုင်းယောမန်က ဆိုသည်။ မြေပြင်စစ်ကြောင်းမထိုးနိင်သည့် စစ်တပ်က ခဲယမ်းနှင့် ရိက္ခာများကိုမူ လေကြောင်းမှ ချပေး ခဲ့သည်။

ချင်းညီနောင် ထုတ်ပြန်ချက် 

ဖလမ်းမြို့သိမ်းတိုက်ပွဲ

ချင်းပြည်နယ် မြို့တော် ဟားခါးမှ  မိုင် ၄၀ နီးပါးသာကွာဝေးသည့် ဖလမ်းမြို့ကို ချင်းညီနောင်က ထိုးစစ် ဆင်တိုက်ခိုက်ပြီး  မြို့ထဲရှီ စစ်ကောင်စီ နေရာယူထားရာ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ်ရုံးနှင့် ဆေးရုံ ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

မြို့အနောက်တောင်ဘက် ရှိ အမှတ် ၂၆၈ ခြေလျင်တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ် သည်။ 

တိုက်ပွဲပြင်းထန်ရာ ဖလမ်းကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိတ်စိတ်လုပ်နေသည်။ 

ဖလမ်းမြို့နှင့် မင်းတပ်မြို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံမှု၊ တိုက်ပွဲအခြေအနေတို့ နှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုဦးကို Myanmar Now ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။ 

အာရက္ခတပ်တော် (AA) နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် ချင်းညီနောင်အဖွဲ့သည် ယခုနှစ် အတွင်း မတူပီနှင့် ကျင်ဒွေးမြို့တို့ကို သိမ်းပိုက်ထားသည်။ 

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့် ပလက်ဝမြို့နယ်ကို အာရက္ခတပ် တော် က ယခုနှစ်ဆန်းပိုင်းတွင် သိမ်းပိုက်ထားသည်။ 

ဝါရင့်ချင်းတော်လှန်ရေးတပ် ချင်းအမျိုးသားတပ်မတော် (CAN) ဦးဆောင်သည့် ချင်းတော်လှန်ရေး အင်အားစုများက ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြို့တို့ကို သိမ်းပိုက်ထားသည်။ 

မြို့တော် ဟားခါးနှင့် ထန်တလန် အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းအမျိုးသားတပ်မတော် ဦး ဆောင်သည့် တပ်ဖွဲ့များက ယခုလဆန်းပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့တော် ဟားခါးအနီး တွင်လည်း စစ်ရေးတင်းမာနေသည်။

Show More

Related Articles

Back to top button