
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ပေါ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေပြီး အရပ်သား သေဆုံးမှု၊ အဆောက်အအုံပျက်စီးမှုတို့ ရှိနေသည်။
နိုဝင်ဘာ ၈ ရက်နေ့က မြို့ပေါ်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်သွားကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၂၅ ရက်နေ့က စစ်တပ်နှင့် ချင်းတော်လှန် ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားသည်၊ အောက်တို ဘာ ၂၈ ရက်နေ့တွင် ဖလမ်းမြို့ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အသက် ၃၈ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ဖလမ်းမြို့ပေါ်တွင် အခြေစိုက်သော စစ်ကောင်စီ၏ အမှတ် (၂၆၈) ခြေလျင်တပ်ရင်းတပ်က ပစ်ခတ်ခြင်း ဖြစ်သည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က ဆိုသည်။ ထိုသေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်သည့် ထိုမြို့တွင် ထိုပစ်ခတ်မှုကြောင့် မြို့ခံအားလုံးနီးပါး စစ်ဘေးရှောင်နေရသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲအခြေအနေကို နှစ်ဘက် သတင်းထုတ်ပြန်မှု မရှိသော်လည်း ဘက်အသီးသီး၏ အွန်လိုင်းရေးသားချက်များအရ မြို့သိမ်းတိုက်ပွဲ ဖြစ်နေပြီဟု နားလည်ရသည်။
တိုက်ပွဲပြင်းထန်နေသည့်ချင်းတောင်ဘက်သို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အခြေစိုက် အမြောက်တပ်မှ အဝေးပစ်လက်နက်ကြီးများဖြင့် ယမန်နေ့ (နိုဝင်ဘာ ၁၀) က ပစ်ခတ်မှုများလည်း ပြုလုပ်နေ ကြောင်း ကလေးမြို့ခံများထံမှသိရသည်။
မြို့နယ်အတွင်း ကျေးရွာများ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တို့တွင် ခိုလှုံနေရကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူတို့ထံက သိရသည်။
ဖလမ်းမြို့ခံ အမျိုးသားတစ်ဦးကလည်း ရန်ကုန်အထိ တိမ်းရှောင်သွားသူများပင် ရှိသည်ဟု ဆိုသည်။
“တချို့က ကလေးငယ်တွေ၊ ကျောင်းတက်တဲ့ ကလေးရှိတဲ့သူတွေ၊ မသန်စွမ်းရှိတဲ့သူတွေ၊ အသက်ကြီး ပိုင်း ရှိတဲ့သူတွေကတော့ ခုလောလောဆယ်မှာတော့ မီဇီုရမ်ဘက် သွားကြတာလည်းရှိတယ်။ ဖလမ်းနဲ့ နီးတဲ့ ကလေးမြို့ဘက်မှာလည်း သွားတယ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရန်ကုန်ဘက် သွားတဲ့သူလည်း ရှိတယ်”ဟု ထိုအမျိုးသားက ပြောသည်။

ဖလမ်းမြို့နယ်ကျေးလက်တွင် စစ်ရှောင်ရလေ့ရှိသော်လည်း မြို့ပေါ်မှ အားလုံးနီးပါး စစ်ရှောင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“မြို့ပေါ်မှာ (မြို့ခံ) အနည်းအကျဉ်း ရာဂဏန်းလောက်ပဲကျန်တယ်။ သက်ကြီးရွယ်အိုတွေ ပါသလို ကိုယ့်အိမ်တွေကို စောင့်တဲ့အနေနဲ့ကျန်ခဲ့တာက အများစုပါပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖလမ်းမြို့ ခံ အမျိုးသား အခြားတစ်ဦးက ပြောသည်။
အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့် ဖလမ်းမြို့တွင် ယခုနှစ် အောက်တိုဘာလဆန်းကတည်းက တော်လှန်ရေး တပ်များက မြို့ကိုသိမ်းယူမည်ဟု သတင်းများထွက်ပေါ်ခဲ့၍ စစ်ကောင်စီတပ်က မြို့အနှံ့နေရာယူ၍ တပ်စွဲကာ ခံစစ် ပြင်ဆင်ထားသည်။
ချင်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ဘေးရှောင်ပြည်သူများ အခြေအနေနှင့်ပတ်သက် ပြီး စစ်ကောင်စီခန့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုဦးကို နိုဝင်ဘာ ၉ ရက်နေ့က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
တိုက်ပွဲများ မဖြစ်ခင်အထိ စစ်ကောင်စီက ဖလမ်းမြို့ပေါ်ကို နယ်မြေစိုးမိုးထားပြီး ကျေးလက်တွင်မူ ချင်းတော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။
ဖလမ်းမြို့နယ်တွင် ပါဝင်သည့် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို ယမန်နှစ် နှစ်ကုန်ကတည်းက ချင်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး၊ ဖလမ်းနှင့် ကလေးမြို့ကြား ဝေဘူလမြို့ကိုလည်း နယ်မြေ စိုးမိုးထားသည်။

တော်လှန်ခုခံသူများရှိရာ ချင်းတောင်
နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်းထူထပ်ပြီး လမ်းပန်း ဆက်သွယ် ရေးအားနည်းရာ ဒေသဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီကို အမဲလိုက် တူမီးသေနတ်ဖြင့် အစော ဆုံးခုခံတိုက်ခိုက်ခဲ့သည့်ဒေသလည်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကြာမြင့်လာချိန်တွင် ချင်းပြည်နယ်ရှိ မြို့ ၇ ခုကို ချင်းတော်လှန်ရေး အဖွဲ့များက သိမ်းပိုက်ထားပြီး စစ်တပ်က ပြည်နယ် မြို့တော် ဟားခါး၊ မင်းတပ်၊ ကန်ပက်လက် နှင့် ဖလမ်း တို့တွင်သာ ထိန်းချုပ်ထားသည်။
ပြည်နယ် မြို့တော် ဟားခါးကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့် ထန်တလန် မြို့ မကျ စေရန် စစ်တပ်က ကြိုးပမ်းနေပြီး မြေပြင်မှ စစ်ကူအင်အားပို့ဆောင်ထားသည်။
ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ) ဦးဆောင်သည့် ချင်းတော်လှန်ရေးအဖွဲ့ များကလည်း ထန်တလန်မြို့၏ ၉၀ ရာခိုင်နှုန်း နီးပါးကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အောက်တိုဘာလကုန်ခန့်က Myanmar Now ကို ပြောထားသည်။
ထို့ပြင် မကွေးတိုင်းနှင့် ထိစပ်နေသည့် မင်းတပ်မြို့တွင်လည်း စစ်တပ်နှင့် ချင်းတော်လှန်ရေး အင်အားစု များအကြား စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေ သည်။
“တိုက်ပွဲတွေဖြစ်နေပါတယ်။ စကစ အိမ်မီးရှို့နေတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းရှိတယ်” ဟု CDF မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။
ယနေ့ နံနက်တွင်လည်း သယ်ယူပို့ဆောင်ရေးလေယာဉ် Y12 ဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလမ်းမြို့ပေါ်တွင် မီးလောင်မှုများလည်းရှိနေကြောင်း မင်းတပ် ဒေသခံ တစ်ဦးက ပြောသည်။
အောက်တိုဘာ တစ်လအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ် လုပ်ခဲ့သလို မြို့ပေါ် အရှေ့ပြင်နှင့် အနောက်ပြင်ရပ်ကွက်မှ နေအိမ်အလုံး ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းဒေသကာကွယ် ရေးတပ်ဖွဲ့ -မင်းတပ် (CDF Mindat) သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန၏ နိုဝင်ဘာ ၁ ရက် ထုတ်ပြန် ချက်အရ သိရသည်။
အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော် ပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းလူအခွင့်အရေးအဖွဲ့ (Chin Human Rights Organization CHRO) က ယခင်လကုန်ပိုင်းက ထုတ်ပြန်ထားသည်။