ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယနေ့ (မတ် ၂၇) တစ်မနက်အတွင်းမှာပင် ဗုံးရှစ်လုံးပေါက်ကွဲပြီး ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသည်။
သာကေတမြို့နယ် အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်း၊ အမှတ် (၃) ဈေးရှေ့အမှိုက်ပုံ၊ (၄)မြောက်ရပ်ကွက်ရှိ အ.မ.က (၃၇) အနီး၊ (၄)တောင်ရပ်ကွက် မြို့မ (၉) လမ်းအနီးရှိ ရေကန်ထောင့်၊ အမှတ် (၃) ရပ်ကွက် မာန်ပြေ ၂၀ လမ်းထိပ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မာန်ပြေ ၂၀လမ်းထိပ်တစ်ခုတည်းတွင် ဗုံး ၂ လုံး ပေါက်ကွဲခဲ့သလို အဆိုပါလမ်းအတွင်း နေထိုင်သည့် ရာအိမ်မှူး ဦးဘုန်းငွေမှာလည်း အမျိုးသားသုံးယောက်ပါအဖွဲ့က လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ယင်းမြို့နယ်အတွင်း စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်စုဆောင်းနေသည့် သာကေတဒေသခံတစ်ဦးက ပြောပြသည်။
“သူ(ဦးဘုန်းငွေ)က တော်တော်ဆိုးတဲ့ ဒလန်။ အဖမ်းခံရတဲ့သူ တော်တော်များများက သူ့ကြောင့်ချည်းပဲ။ သူက စစ်ကောင်စီတပ်ကို ထမင်းတွေဟင်းတွေလည်း ချက်ပြုတ်ကျွေးတယ်။ ညဆိုလည်း အဲ့ဒီကောင်တွေနဲ့ လိုက်သွားပြီး လိုက်ပြနေတာ။ သူ့အိမ်မှာ မနက် ၇ နာရီခွဲလောက်က ပစ်ခတ်ခံရတယ်ကြားတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ အမှတ် ၂ ရဲစခန်း၌ ဗုံးနှစ်လုံး အချိန်ခြား၍ ပေါက်ကွဲသဖြင့် ပထမအလုံးပေါက်ကွဲချိန်၌ ထွက်ကြည့်သည့် ရဲနှင့် စစ်သားအချို့ ဒဏ်ရာရခဲ့သော်လည်း အခြေအနေအသေးစိတ်ကိုမူ အတည်မပြုနိုင်သေးဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ဖြစ်ရပ်နှင့် ပတ်သက်ပြီး သာကေတမြို့နယ် မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
သာကေတမြို့နယ်တွင် မေ ၂၅ ကလည်း ညောင်ရေသွန်းပြီး ပြန်လာသည့် အမှတ် (၅) ရပ်ကွက်၊ သိင်္ဂီ (၂) လမ်းနေ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူတို့ကို စစ်ကောင်စီက ပစ်ခတ်ချေမှုန်းခဲ့သည်။ ပစ်ခတ်မှုကြောင့် လေးလနီးပါးအတွင်း လူပေါင်း ၈၀၀ ကျော် သေဆုံးရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ထိုအရေအတွက် မှားနေကြောင်း၊ အမှန်တကယ်သေဆုံးမှုမှာ ၃၀၀ ခန့်သာ ရှိကြောင်း တုံ့ပြန်ထားသည်။
အကြမ်းဖက်ပစ်ခတ်နေသည့် စစ်ကောင်စီတပ်များ၏ ရန်မှ ကာကွယ်ရန် မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးတွင် ကာကွယ်ရေးတပ်များကို ပြည်သူတို့က ဖွဲ့စည်းလာကြသည်။ ယင်းနောက်တွင် စစ်ကောင်စီ၏ လက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသတ်ခံရခြင်း၊ ၎င်းတို့၏ ရုံးများ မီးလောင်ခြင်းတို့ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးစာရင်းအတိအကျကိုမူ မသိရသေးပေ။