သတင်း

စစ်တွေမြို့ပေါ်၌ ပစ်ခတ်လုပ်ကြံမှုဖြစ်၊ ဖခင်ဖြစ်သူ သေဆုံးကာ သမီးဒဏ်ရာရ

စစ်ကောင်စီ၏ ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၌ ယမန်နေ့ (အောက်တိုဘာ ၅) ညပိုင်းက အမည်မသိသေနတ်သမားများက နေအိမ်တွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ဖခင်ဖြစ်သူ သေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာရသွားသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ရွှေပါရမီဘုန်းကြီးကျောင်းအနီး နေအိမ်ကို ည ၉ နာရီခန့်တွင် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အသက် ၆၁ နှစ်အရွယ် ဦးမောင်စိန်တင်ဆိုသူမှာ ဦးခေါင်းနှင့် ဝမ်းဗိုက် ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၁ နှစ်အရွယ် သမီးဖြစ်သူ မမချေ ဒဏ်ရာရရှိသည်ဟု သိရသည်။

“သမီးဖြစ်သူမှာ သေနတ်ဒဏ်ရာ လက်မောင်းတစ်ချက်နဲ့ ပေါင်တစ်ချက် ထိတယ်။ သိပ်တော့ မစိုးရိမ်ရဘူး။ သူ့အဖေမှာတော့ ခေါင်းနဲ့ ဝမ်းဗိုက်မှာ ထိပြီးသေသွားတယ်” ဟု အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့သော စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ပစ်ခတ်လုပ်ကြံခံရသည့် သားအဖမှာ ဈေးဆိုင်ဖွင့်လှစ်ထားသူများဖြစ်သည်ဟုသာ သိရပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ဟု မသိရပေ။

ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်တွေမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အင်အားအများအပြားဖြင့် ညအချိန် ကင်းလှည့်နေသော်လည်း ပစ်ခတ်မှုများ မကြာခဏဖြစ်နေသောကြောင့် စိုးရိမ်ထိတ်လန့်နေရသည်ဟု စက်ရုံစုရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အကြိမ်ပေါင်းမြောက်မြားစွာ အဲဒီလိုဖြစ်နေတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုရှိပါတယ်။ သေနတ်နဲ့ ပစ်သတ်ခဲ့သူတွေ ဘယ်သူဘယ်ဝါဆိုတာ ဒီနေ့ဒီအချိန်ထိ မသိရဘူး”

စစ်တွေမြို့ပေါ်တွင် စစ်တပ်နှင့် ရဲအပြင် ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားလေ့ရှိသည်ဟု သိရသည်။

စစ်တွေမြို့တွင် ယခုကဲ့သို့သော ရာဇဝတ်မှုများကို မဖော်ထုတ်နိုင်ခြင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိသည်ကို ဖော်ပြနေခြင်းဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

“အဓိကတာဝန်ရှိတာက စစ်ကောင်စီပဲဖြစ်တယ်။ တခြားတစ်ဖွဲ့ဖွဲ့က လုပ်တယ်။ ဥပမာ ULA/AA က လုပ်တယ်ဆိုရင်လည်း သူတို့က သက်သေအထောက်အထားနဲ့ ပြနိုင်ရမယ်။ မှန်းရမ်းပြီးတော့ ဟိုလူကိုစွပ်စွဲ၊ ဒီလူကိုဖမ်း၊ ဟိုလူကိုထိုးချ အဲဒီလိုလုပ်ရပ်မျိုးနဲ့ ကာလို့မရ”

“သီးသန့်အစိုးရရုံးစိုက်တဲ့ ပြည်နယ်မြို့တော်မှာတောင် လူသတ်မှုဖြစ်တယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူဟာ စစ်ကောင်စီပဲဖြစ်တယ်”

လွန်ခဲ့သည့် လလယ်ပိုင်း၌လည်း စစ်တွေမြို့ပေါ်ရှိ ကြေးနန်းရုံးအနီး ALP ပါတီမှ အရာရှိတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ အလားတူ ဇူလိုင်လအတွင်းက ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ စစ်တွေတက္ကသိုလ်အနီး ပစ်သတ်ခံရသည်။

ယခုနှစ်ဆန်းပိုင်း၌ပင် နေပြည်တော်၌ စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ပြီး ပြန်လာသည့် ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့ကို အမည်မသိသေနတ်သမားများက စစ်တွေမြို့ပေါ်၌ ပစ်ခတ်လုပ်ကြံခဲ့သည်။

အထက်ပါ ပစ်ခတ်လုပ်ကြံမှုများမှာ AA လက်ချက်ဖြစ်သည်ဟု ALP က စွပ်စွဲပြောဆိုထားသော်လည်း ၎င်းတို့နှင့် မဆိုင်ဟု AA က ငြင်းဆန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button