သတင်း

ရွှေဘိုမြို့ပေါ်တွင် စစ်သားတစ်ဦး ပစ်သတ်ခံရ

ရွှေဘိုတက္ကသိုလ်အနီး စခန်းချထားသောတပ်မှ စစ်သားနှစ်ဦး၊ ခင်ဦးမြို့ရဲစခန်းအနီးနေထိုင်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ ဤရက်ပိုင်းအတွင်း တော်လှန်ရေးအဖွဲ့တို့၏ ပစ်မှတ် ဖြစ်သွားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း  ယနေ့ (အောက်တိုဘာ ၂၇) နံနက်ပိုင်းက ပေါ်ပေါက်ခဲ့သည့် ပစ်ခတ်မှုတွင် စစ်ကောင်စီလက်နက်ကိုင်တစ်ဦး သေဆုံးသွားသည်ဟု  တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။ 

ရွှေဘိုစက်မှုဇုန်၊ ရွှေဘိုကျောက်မြောင်းလမ်းမပေါ်တွင်ရှိသည့် ရွှေဘိုတက္ကသိုလ်အနီး  ရှိနေသည့် စစ်သားနှစ်ဦးကို အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်၊ တစ်ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့သည်ဟု အခြား မဟာမိတ်တပ်ဖွဲ့နှစ်ခုနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့သည့် အမှတ် (၂၃) တပ်ရင်း ၊ တပ်ခွဲ ၁ (နောင်ရိုး တပ်ဖွဲ့) ထံမှ သိရသည်။ 

“စခတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာ။ ကျွန်တော်တို့က သေချာစောင့်ကြည့်ပြီးတော့ လုပ်ငန်းလုပ်ခဲ့တာပါ။ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဝင်ပစ်တာကလည်း တစ်ယောက်တည်း ဝင်ပစ်တာဆိုတော့ လက်နက်လည်း မယူနိုင်ခဲ့ဘူး။ သူတို့ လက်နက်အရှည်တွေယူ လာပြီးရင်လည်း ပြေးရလွှားရခက်ခဲတာကြောင့် မယူနိုင်ခဲ့ဘူး”ဟု တပ်ခွဲမှူး ကိုနေမင်းက ပြောသည်။

တက္ကသိုလ်အတွင်းတပ်စွဲထားသည့် စစ်စခန်းအနီး နံနက် ၈ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊  စစ်သားအလောင်းကို တစ်နာရီကျော်ခန့်ကြာမှ လာရောက်ကောက်ယူသွားသည်ဟု သိရကြောင်း သတင်းရရှိသည်။

မကြာသေးခင်ကရွှေဘိုမြို့ပေါ်တွင် မိုင်းမတော်တဆမှုဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံထားရသော်လည်း တိုက်ခိုက်မှုတချို့ ဆက်လက်ရှိနေခြင်း ဖြစ်သည်။ 

ရွှေဘိုခရိုင်အတွင်းရှိ ခင်ဦးမြို့နယ်တွင်လည်း  ယမန်နေ့ (အောက်တိုဘာ ၂၆) မွန်းလွဲ တစ်နာရီခန့်တွင်   ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရသည်။

ဒေါင်းသွေးနီတပ်ဖွဲ့က အောင်မဂ်လာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရာကျော် ဆိုသူကို လက်နက်ငယ် ဖြင့် ၁၃ ချက် ပစ်ခတ်သဖြင့် သေဆုံးသည်။ 

မြို့မရဲစခန်းနှင့် ပေတစ်ထောင်အကွာတွင်ရှိသည့် ဦးရာကျော်၏ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထိုအဖွဲ့မှ တာဝန်ခံ ကိုချစ်မုန်းက ပြောသည်။

“သူ့အိမ်မှာ ဝင်ပစ်တဲ့အချိန် ရဲစခန်းကိုပြေးသွားလို့၊ ရဲစခန်းနားအထိ လိုက်ပြီးပစ်ခဲ့ရပါတယ်” ဟု သူက ပြောသည်။

“သူ့ကိုချောင်းနေတာကတော့ ဟိုးအစောကတည်းကပဲ၊ အခုမှ အခြေအနေပေးတာ၊ သူကိုယ်တိုင်က လက်နက်ကိုင်ထားသလို၊ သူ့ဘေးမှာလည်း လက်နက်ကိုင် လုံခြုံရေးတစ်ယောက် ထားထားသေးတာ” 

အာဏာသိမ်းဆန့်ကျင်သူများကို စစ်တပ်က နှိပ်ကွပ်ရာတွင် ကူညီခဲ့ဖူးသည့်၊ မြို့နယ်ရဲတပ်ဖွဲ့ အရာရှိများနှင့် နီးသည့်  ဦးရာကျော်သည်  နောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာရာမှ တော်လှန်ရေးအဖွဲ့များက ပစ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် ခင်ဦးမြို့သားတစ်ဦးက ပြောသည်။

ခင်ဦးနှင့် ရွှေဘိုမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းများက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ရဲများကို ဒေသဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး၊ လက်နက်ငယ် တချို့ လည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ သိမ်းဆည်းနိုင်မှုမှာ  လက်နက်အင်အား နည်းပါးသည့်  တော်လှန်ရေးအဖွဲ့အများအပြား အလေးထားကြသည့်အောင်မြင်မှုတစ်ခု ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button