အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး ကျေးရွာ ၂ ရွာကို စစ်တပ် ပစ်ခတ်စီးနင်း

ရတနာသိင်္ဃ ဟု အမည်တွင်ခဲ့သည့် ရွှေဘိုမြို့အနီးမှ ကျေးရွာနှစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးစဉ် အနီးရှိ တပ်က လက်နက်ကြီးပစ်ကူခဲ့ရာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟု သိရသည်။

ရတနာသိင်္ဃ ဟု အမည်တွင်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၏ တောင်ဘက် မြို့အနီးမှ ကျေးရွာနှစ်ရွာကို စစ်တပ်က နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့ပြီး မြို့အခြေစိုက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့်  ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့  ည ၁၁ နာရီခန့်က  ရွှေဘိုမြို့မှ အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်း တစ်ခုသည်  မြို့တောင်ဘက် မြို့အဝင်မုခ်ဦးအနီး ရွှေဘို- မန္တလေး ကားလမ်းပေါ်ရှိ ရှားတောကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်။ 

ထိုကျေးရွာမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်းတစ်ခု၏ ကင်းစခန်း တစ်ခု စီးနင်းခံရခြင်းဖြစ်သည်ဟု ရှားတောရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ည ၁၁ လောက်ကြီးကို မူး(မြစ်) ထဲကနေ ဖြတ်ကူးလာပြီးတော့ အလစ်ဝင်ပစ်ခဲ့ပုံရတယ်။ ရွာနားက ကင်း စခန်းတစ်ခုကို ပစ်ကြတော့ ကင်းက ရဲဘော်တစ်ယောက် ကျပြီး၊ တစ်ယောက် ဒဏ်ရာရတယ်” ဟု ထို အမျိုးသမီးက ဆိုသည်။

ကာကွယ်ရေးအဖွဲ့စခန်း စီးနင်းခံရသည်၊ တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိသည်ဆိုသော သတင်းနှင့်ပတ်သက် ပြီး သီးခြားအတည်မပြုနိုင်သေးပေ။ 

နောက်တစ်နေ့( အောက်တိုဘာလ  ၁၈ ရက်နေ့) နံနက်အစောတွင် စစ်တပ်က ရှားတောကျေးရွာမှထွက်ကာ တောင်ဘက်သုံးမိုင်ကျော်အကွာ ယင်းမာကျေးရွာဘက် ဦးတည်ကာ စစ်ကြောင်းထိုးခဲ့ပြီး ထိုအချိန်မှာပင်  ရွှေဘိုမြို့အရှေ့မြောက်ဘက် အမှတ် (၂)  ထောက်ပို့တပ်က လက်နက်ကြီးများဖြင့် မြို့အရှေ့ဘက်နှင့် တောင်ဘက် သို့ ၁၀ ကြိမ် ထက်မနည်း ပစ်ကူခဲ့သည်။

ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် မြို့တောင်ဘက် လေးမိုင်အကွာ ယင်းမာရွာနှင့် မြို့အရှေ့ကပ်လျက် ပုဂိုးကုန်းကျေးရွာတို့အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ယင်းမာရွာမှ ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၉ နာရီလောက်ကစပြီးတော့ မြေပြင်က စစ်ကြောင်းကို ဟောင်ဝှစ်ဇာနဲ့ ပစ်ကူပေးခဲ့တာ။ ပဂိုးကုန်း ရွာထဲ ကျတဲ့တစ်လုံးကတော့ မကွဲဘဲ အဆောက်အအုံပေါက် စိုက်နေတယ်။ ယင်းမာရွာထဲကတော့ အများဆုံး ကျတယ်”ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်နှင့်အခြေအနေအသေးစိတ်ကို Myanmar Now က စုံစမ်းဆဲဖြစ်သည်။

နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ယင်းမာရွာနှင့်အနီးတဝိုက်ကို Y12 ထောက်ပို့ လေယာဉ်ဖြင့် ၁၀ ကြိမ်ပျံဝဲပြီး ဗုံးသီး ၃၀ ထက်မနည်း ကြဲချခဲ့သည်ဟု သိရသည်။

လေယာဉ်ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း  ရွှေဘိုဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင်မူ အထက်ပါစစ်ကြောင်းသည် ရှားတောကျေးရွာမှ ဖမ်းဆီးထားသည့် ဒေသခံအချို့ကို  ပြန်လွှတ်ပေးခဲ့ပြီးနောက် ရွှေဘိုမြို့တွင်း ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း သိရ သည်။

ယခုလဆန်းမှစတင်ကာ ရွှေဘိုမြို့အနီးဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများရှိသလို စစ်တပ်က လူနေကျေးရွာ များအနီး စစ်ကြောင်းထိုး စီးနင်းမှုများ ရှိနေသည်။ အရပ်သား၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များသာမက ကိုရင် ငယ်များပါ ထိခိုက်ပျံလွန်တော်မှုများ ရှိခဲ့သည်။ 

ရွှေဘိုမြို့အနီးဝန်းကျင်ပြမြေပုံ။ 

ရွှေဘိုမြို့နယ်တွင် စစ်တပ်ကင်းစခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီး

အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်က ရွှေဘိုမြို့အနောက်ဘက် နှစ်မိုင်ကျော်အကွာ ရွှေဘို-ရေဦး ကားလမ်း ပေါ်ရှိ ဇီးကုန်းလေးကျေးရွာတွင် ရှိသော စစ်တပ် ကင်းစခန်းတစ်ခုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

၁၅ မိနစ်ခန့်ကြာမြင့်ခဲ့သည့် ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာ ရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်။

“ရွာအဝင်က ကင်းစခန်းလေးပါ။ အင်အားကလည်း လေး ငါး ယောက်ပဲ ရှိတာ။ ရွာရဲ့ပတ်လည်မှာ အဲဒီလို ကင်းတွေ ချထားတာမျိုးရှိတယ်။ အဲ့ဒီထဲက တစ်ခုပေါ့။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးက ဒီကင်းစခန်းကိုပဲ ဦးတည်ခဲ့တာပါ”ဟု ပကဖပြန်ကြားရေးတာဝန်ခံ က ထိုစဉ်က ပြောထားသည်။

စစ်တပ်စခန်းမှ ကျန်သူများလည်း ထွက်ပြေးသွားကြပြီး၊ ဂျီသရီးရိုင်ဖယ်တစ်လက်၊ ကာဘိုင်တစ်လက်၊ ပြောင်းချောတစ်လက် နှင့် ခဲယမ်းအချို့ရရှိခဲ့သည်ဟု သိရသည်။

အလားတူ ရွှေဘိုမြို့တောင်ဘက် တစ်မိုင်ကျော်အကွာ တဂဏန်း ကျေးရွာဘက်သို့ လာသော စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့ဝင်များ အောက်တိုဘာလ ၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့သေးသည်။ 

တပ်ကြပ်ကြီးစံထွေး အပါအဝင် ခုနစ် ဦးသေဆုံးခဲ့ပြီး၊ တပ်ကြပ်ကြီးနောက် တစ်ဦးအပါအဝင် လေး ဦးကို တော်လှန်ရေးတပ်များက အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ MA3 တစ်လက်၊ MA 1 တစ်လက်၊ ၆၀မမ စိန်ပြောင်း တစ်လက်၊ ဂျန်ပါတစ်စုံနှင့် ခဲယမ်းတို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးဘက်မှ နှစ်ဦး ကျဆုံးသလို ရွှေဘိုမြို့ပေါ်တပ်များက လက်နက်ကြီး ပစ်ခတ်မှုကြောင့် တဂဏန်းကျေးရွာ သက်တော် ၁၄ နှစ်အရွယ် ကိုရင် သုံးပါး နေရာမှာပင် ပျံလွန်ခဲ့ပြီး ကျန်တစ်ပါးသည် ဆေးကုသစဉ် ပျံလွန်သည်။ နောက်ထပ် ကိုရင် ခုနစ်ပါးခန့်လည်း ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်သည် ရွှေဘိုမြို့ဝန်းကျင်နှင့် ရွှေဘိုမြို့အနောက်ဘက် ရွှေဘို-ရေဦးကားလမ်းတစ်လျှောက် ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးသိပ္ပံကျောင်းအထိ နယ်မြေစိုးမိုးထားသည်။ မြို့အနီးနှင့် မြို့နယ် ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးတပ်ဖွဲ့များက အခြေစိုက်လှုပ်ရှားကြသည်။ 

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်အများစုတွင် ယခုနှစ် နှစ်ဝက်မှစတင်ကာ  စစ်တပ်က  စစ်ကြောင်း ထိုးမှုများ ပြန်လည်လုပ်ဆောင်လာရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Related Articles

Back to top button