စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် တစ်မိုင်ခန့်အကွာတွင် ယမန်နေ့က စစ်တပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့များ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးကျ၍ ကိုရင် သုံးပါး ပျံလွန်ခဲ့ပြီး နှစ်ဖက်တပ်များ အကျအဆုံး ရှိခဲ့သည်ဟု သိရသည်။
ရွှေဘိုမြို့အခြေစိုက်တပ်များမှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် မြို့တောင်ဘက် တစ်မိုင်ခန့် အကွာ တဂဏန်းကျေးရွာဘက်သို့ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်နေ့) နံနက်မှစပြီး စစ်ကြောင်းထိုးခဲ့ ရာမှ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ၊ ပကဖတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တဂဏန်းကျေးရွာအနီးတိုက်ပွဲဖြစ်နေစဉ် ရွှေဘိုမြို့ပေါ် အမှတ် (၂) ထောက်ပို့တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ထိုရွာ၏ အောင်မြေဘုန်းကြီး ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် ကိုရင် သုံးပါးပျံလွန်တော်လွန်မူခဲ့ပြီး ခုနစ်ပါး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
“ကိုရင်လေးတွေက နေ့ဆွမ်းစားပြီး စာသင်တိုက်အပေါ်မှ ကျိန်း(အိပ်)နေကြတဲ့အချိန် အဲ့ဒီကျောင်းဆောင် ပေါ်ကို ဟောင်ဝှစ်ဇာ (အမြောက်ကျည်) ကျတယ်။ နေရာမှာပဲ ကိုရင် သုံးပါး ပျံလွန်တော်မူသွားတယ်”ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒဏ်ရာရကိုရင်များအနက် တစ်ပါးမှာ အပြင်းအထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ရွှေဘိုမြို့ခံ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှလည်း အထိအခိုက်ရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“မနက်ပိုင်းမှာ တစ်ယောက် ကျတယ်။ နေ့လယ်ပိုင်းကြတော့လည်း သေနေတဲ့ ရန်သူ့အလောင်းဆီက လက်နက်ရချင်လို့ တက်ကောက်တဲ့အချိန် လက်နက်ကြီးကျလို့ တစ်ယောက်ထပ်ကျတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကြောင်းက အထိအခိုက်များဖြင့် တဂဏန်းကျေးရွာမှ ရွှေဘိုမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားချိန် ရွာအတွင်းပိတ်မိကျန်ရစ်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းဆီးရမိထားပြီး၊ လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရမိခဲ့သေးသည်ဟုသိရသော်လည်း အတိအကျမသိရသေးပေ။
ရွေဘိုမြို့တွင် PDF များ၏ လက်လုပ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် သုံးပါး ပျံလွန်တော်မူ၍ ကိုရင် ရှစ်ပါးထိခိုက်ဒဏ်ရာများရကြောင်း၊ တဂဏန်းကျေးရွာ၏ အနောက်ဘက် တစ်မိုင်ကျော်အကွာ ချီပါ (တောင်)ရွာဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်တပ်က ယမန်နေ့ညက ထုတ်ပြန်ထားသည်။
ရွှေဘိုမြို့အတွင်း ခြေမြန်တပ်မ ( ၃၃) လက်အောက်ခံ အမှတ် (၄၂)ခြေလျင်တပ်ရင်း တပ်ထိုင်ထားပြီး၊ အမှတ် (၈) လေ့ကျင့်ရေးတပ်၊ အမှတ် (၂) ထောက်ပို့တပ်တို့လည်းရှိနေသည်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များတွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမှုများကို ယခုနှစ် နှစ်လယ် မှစတင်၍ ပြုလုပ်လျက်ရှိရာ ဒေသတွင်း တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
မကြာသေးမီ ရက်များက ရွှေဘိုမြို့မြောက်ဘက် ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းတစ်ခု ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ သုံ့ပန်း နှစ်ဦး၊ လက်နက်ခဲယမ်းများနှင့် အလောင်းများရရှိ ထားသည်။




