
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ယနေ့ (မေ ၂၇) နံနက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
ယနေ့နံနက်၌ အသက် ၆၄ နှစ်အရွယ် ဦးမြင့်ဆွေနှင့် ဇနီးဖြစ်သူတို့သည် ၎င်းတို့ပိုင်ဆိုင်သည့် ကြက်မောက်ခြံသို့ သွားရာလမ်းတွင် အမည်မသိလူနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ် USDP မှ သတင်းထုတ်ပြန်ခဲ့သည်။
“ဟုတ်တယ်။ ၈ နာရီလောက်က သူက အဲဒီမှာပဲ ဆုံးသွားတယ်။ သူ့အမျိုးသမီးက ဒဏ်ရာနည်းနည်းပါးပါး ရသွားတယ်။ ဆေးရုံတော့ပို့လိုက်ပြီ” ဟု ဘီးလင်းမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
လက်ရှိတွင် လည်ပင်းကို ကျည်ဆန်ရှပ်မှန်သော ၎င်း၏ ဇနီးဖြစ်သူကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။
USDP ပါတီ၏ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ဆွေသည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
၎င်းသည် ၂၀၁၀ တွင် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ၂၀၁၄ မှစ၍ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်မှာ မေ ၁၈ ရက်တွင် ၎င်းနေထိုင်သည့် ၈ လမ်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည်။
ပြီးခဲ့သည့် မေ ၂၅ ကလည်း ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီနှင့် ဆက်စပ်နေသည့် ကိုချစ်မင်းသူ၏ မင်္ဂလာပွဲ၌ ပါဆယ်ဗုံးပေါက်ကွဲ၍ သတို့သမီးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။
ယနေ့ (မေ ၂၇) နံနက်တွင်လည်း ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မာန်ပြေ ၃ ရပ်ကွက်ရှိ စစ်တပ်၏ သတင်းပေးဟု ရပ်ကွက်ခံများက ပြောဆိုကြသည့် ရာအိမ်မှူး ဦးဘုန်းငွေ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည်။