သတင်း

တီးတိန်မှ လက်နက်ကိုင်တော်လှန်မည့် လူငယ်တချို့ တိုက်ခိုက်၊ ပစ္စည်းလုခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် People Defence Army (Teddim) ဖွဲ့စည်းရန် စုစည်းနေသည့် လူငယ်တချို့ကို အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် ဇိုမီးလက်နက်ကိုင်အဖွဲ့က ယမန်နေ့ (မေ ၂၂) တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယမန်နေ့ (မေ ၂၂) မနက် ၆ နာရီဝန်းကျင်တွင် ဇိုမီးတော်လှန်ရေးတပ်မတော် (Zomi Revolution Army – ZRA) ယူနီဖောင်းဝတ်ထားသူ ၁၀ ဦး ခန့်က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့၍ အင်အားမမျှတသည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း လူငယ်တစ်ဦးက ပြောသည်။ 

“အဲ့ဒီအချိန်မှာ ကျွန်တော်တို့က မနက် အိပ်ရာထစပဲရှိသေးတယ်။ သူတို့က ဝင်လာကတည်းက “ငါတို့က ZRA တွေ မင်းတို့လွတ်အောင်ပြေး” ဆိုပြီးတော့ ပြောပြီးတော့ ချက်ချင်းပဲ သေနတ်ကို ဆက်တိုက်ပစ်တော့တာ။ တစ်တောင့်ချင်း ဆက်တိုက်ပစ်တာမဟုတ်ဘဲ စက်သေနတ်ပစ်သလို အတွဲလိုက် တောက်လျှောက်ပစ်တော့တာ” ဟု ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လူငယ်တစ်ဦးက ပြောသည်။  

မိနစ် ၂၀ ခန့်ကြာသည့် ပစ်ခတ်မှုအတွင်း ၎င်းတို့သည် ဒေသသုံး ဇိုမီးချင်းဘာသာစကားဖြင့် ပြောဆိုခဲ့သည်ဟု အခြားလူငယ်တစ်ဦးက ပြောသည်။  

“ကျွန်တော်တို့ ပစ္စည်းတွေအကုန်လုံးလည်း ထားခဲ့ရတယ်။ ကင်မရာတွေပါမယ်။ ဖုန်းတွေပါမယ်။ ကျွန်တော်တို့ စုဆောင်းထားတဲ့ သေနတ် ၅ လက်လည်း ပါသွားတယ်။ ပစ္စည်းတန်ဖိုး သိန်း ၃၀ ကျော်ဖိုးလောက် ပါသွားတယ်။ သူတို့ ယူမသွားနိုင်တဲ့ ပစ္စည်းတွေကိုလည်း အဲ့ဒီမှာ အကုန်လုံးဖျက်ဆီးပစ်ခဲ့တယ်” ဟု ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လူငယ်တစ်ဦးက ပြောသည်။ 

ZRA ယူနီဖောင်း ဝတ်ဆင်ထားသည်ဟုဆိုသော လက်နက်ကိုင်များက မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သည်ကို မသိရသေးပေ။

ZRA အရှေ့ပိုင်းတိုင်းအမည်ရှိ Facebook စာမျက်နှာတွင်မူ ၎င်းတို့အဖွဲ့က စစ်တပ်ကို ဆန့်ကျင်သည့် ထုတ်ပြန်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ 

ယမန်နေ့ မနက်ပိုင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ZRA အရှေ့ပိုင်းတိုင်းကို Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ 

ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် တီးတိန်မြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်ပစ်ခတ်မှုကြောင့်  အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရသည်။ ထိုဖြစ်ရပ်နောက်ပိုင်း တီးတိန်မြို့မှ လူငယ်တချို့သည် အာဏာသိမ်းစစ်ကောင်စီတပ်များကို လက်နက်ကိုင်ခုခံနိုင်ရေးအတွက် စုစည်းနေခြင်း ဖြစ်သည်။ 

Show More

Related Articles

Back to top button