သတင်း

ဒုက္ခသည်တို့၏ ရိက္ခာကို တပ်နှင့်ပျူစောထီး လုယက်နေဟု ပုလဲဒေသခံတို့ ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ရွာမီးရှို့ခံရသဖြင့် ထွက်ပြေးရသော ဒေသခံတို့ထံမှ စားနပ်ရိက္ခာများကို အရပ်ဝတ်လက်နက်ကိုင်ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်က လုယက်ခဲ့သဖြင့် ရှင်သန်နေထိုင်ရေး ပိုမို ခက်ခဲနေကြသည်ဟု ဒေသခံတို့က ပြောသည်။

ပျူစောထီးတို့ အခြေစိုက်ရာ အင်မထီးရွာနှင့် တစ်မိုင်ခွဲခန့်အကွာ ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ အိမ်ခြေ ၂၀၀ကျော်၊ လူဦးရေ တစ်ထောင်ခန့်ရှိသော ကိုင်းတွင်းရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ တွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ လေ့ကျင့်ပေးထားသော ပျူစောထီးများက မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ထိုစဉ်က နေအိမ် ၉၇ လုံးမီးရှို့ခံရပြီး စစ်ကောင်စီတပ်ရန် ကြောက်ရွံ့သဖြင့် နီးစပ်ရာရွာများမှ မျှဝေလှူဒါန်းထားသည့် စားနပ်ရိက္ခာများနှင့် ကိုယ်ပိုင်ပစ္စည်းများ ယူဆောင်ထွက်ပြေးစဉ် ဖေဖော်ဝါရီ ၂၀ တွင် ထိုသို့ လုယက်ခံရခြင်း ဖြစ်သည်။ 

စစ်တပ်က တစ်ညတာ တပ်စွဲ၍ မွှေနှောက်ခဲ့သည့် မင်းတိုင်ပင်ရွာအနီး ကားလမ်းမ၌ လဲကျသေဆုံးနေသူများအား ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ကိုယ်ပိုင်ပစ္စည်းဆိုသည်မှာ မီးဖိုဆောင်သုံးပစ္စည်းများ၊ မီးဘေးမှ သယ်ထုတ်နိုင်ခဲ့သည့် တန်ဖိုးကြီး၊ အဝတ်အထည်နှင့် ရွှေထည်များ ဖြစ်သည်ဟု ကိုင်းတွင်းရွာ ဒေသခံသုံးဦးက အသီးသီးပြောသည်။

အင်မထီးရွာ အခြေစိုက် ပျူစောထီးအဖွဲ့က ကိုင်းတွင်းရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည့် တောတွင်းအထိ ဝင်ရောက်ရှာဖွေကာ လုယက်ခဲ့ခြင်းဖြစ်သည်ဟု ၃၅နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ဝေးဝေးက လာလှူချင်ရင်တောင် လှူလို့မရဘူး။ ပြည်သူအချင်းချင်း မျှထားရတာ။ မီးလောင်တဲ့သူတွေ ဝေစုလေးတွေရကြတာ။ အဲဒီထဲက ဓားပြတိုက်ပြီး လာပြီးယူသွားတာ” ဟု အိမ်မီးရှို့ခံထားရသည့် ၎င်းက ဆိုသည်။ 

တိမ်းရှောင်နေသူများ၏ပစ္စည်းများ သိမ်းထားရာ ရွာတောင်ပိုင်းရှိ ယာယီတဲများကို မီးရှို့ပြီး ရွာအတွင်း စျေးဆိုင်တစ်ဆိုင်ရှိ မီးဘေးသင့်သူများအတွက် ကူညီထောက်ပံ့ရမည့် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးနှင့် စားနပ်ရိက္ခာများ ယူဆောင်သွားကြောင်း ထိုသူက ပြောသည်။ 

ဆက်လက်၍ ရွာမြောက်ဘက် တောထဲသို့ ဝင်ရောက်ကာ ပုန်းခိုသူများ၏ တဲများရှိရာသို့ ရောက်လာကြသည်ဟု ဆိုသည်။ 

“သူတို့လာတော့ တချို့က လှည်းနွားအဆင်သင့်မရှိတော့ သယ်မပြေးနိုင်ဘူး။ အဲဒီလိုတဲတွေ အကုန်လုံးပါသွားတာ။ လှည်းနှစ်စီးစာ ပြည့်သွားမှ (စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက) နားလိုက်တာ။ မမွှေတော့ဘူး”

“ရွှေတိုငွေစတို့၊ တန်ဖိုးကြီးအဝတ်အထည်တို့ လိုက်ယူတာ။ မီးမလောင်လို့ ကျန်ခဲ့တဲ့ လှည်းတို့ နွားတို့နဲ့ ပစ္စည်းတွေတင်သွားတာ။ သူတို့ စားဖို့သောက်ဖို့ ရွာထဲက နွားသုံးလေးကောင်လည်း ထပ်ဆွဲသွားတယ်”  

ရပ်ဝေးမှ လှူဒါန်းသည့် အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းများ ရောက်ရှိရန် မလွယ်ကူသည့် အခြေအနေတွင် ရွာနီးချုပ်စပ်မှ ပြည်သူအချင်းချင်း ကူညီထားသည့် ရိက္ခာများ လုယက်ခံရသဖြင့် ဒေသခံတို့  အခက်အခဲတွေ့ရကြောင်း မြို့အတွင်း ဒေသခံများ ပြန်လည်ထူထောင်ရေး ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အွန်လိုင်းက လွှဲပြီးတော့ ငွေရေးကြေးရေး လှူလိုက်တဲ့ဟာကိုမှ ဒီပိုက်ဆံကိုမှ ထုခွဲပြီးခါမှ ပစ္စည်းဝယ်နိုင်ရင်တော့ အဆင်ပြေတယ်။ အဝေးက ပို့တယ်ဆိုရင် ပုလဲနယ်ဆိုရင်ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်ပုံရပါတယ်။ ဖမ်းခံရတာတွေလည်း ရှိတာပေါ့။ ခက်ခဲတာပေါ့။ မီးလောင်တဲ့သူပြန်လည်ထူထောင်ရေးအတွက်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၂၇ နှစ်အရွယ် ထိုအမျိုးသားက ဆိုသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ပျူစောထီးအခြေစိုက်သည့် အင်မထီးရွာတွင် ရိက္ခာစုဆောင်းရန် တာဝန်ကျသူများကို အသံချဲ့စက်ဖြင့် ဆော်သြနေကြောင်း သတင်းရသဖြင့် ပုန်းခိုသူများ ထပ်၍ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ၎င်းက ဆက်ပြောသည်။

၎င်း၏ နှစ်ထပ်တိုက်ခံနေအိမ်မှာလည်း စစ်ကောင်စီ၏ ပျူစောထီးတို့ မီးရှို့မှုကြောင့် ပြာကျခဲ့ရကြောင်း ဆိုသည်။ 

မီးရှို့ခံရသည့် လှော်ကားရွာကို ဖေဖော်ဝါရီ ၅ နံနက်ပိုင်းက မြင်တွေ့ရစဉ် ။ (ဓာတ်ပုံ-ပေးပို့)

အင်မထီးရွာရှိ ပျူစောထီးနှင့် စစ်တပ်က ထိုရွာအတွင်း ဝင်ထွက်သွားလာခွင့် ပိတ်ပင်ကာ နေထိုင်ကြပြီး  ရိက္ခာများကို မင်းတိုင်ပင်၊ လှော်ကား၊ ကိုင်းရွာကဲ့သို့ ရွာနီးစပ်မှ လုယက်ယူငင်ကြကြောင်း ဒေသခံများနှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံက ဆိုသည်။ 

ဖေဖော်ဝါရီလဆန်းအတွင်း မင်းတိုင်ပင်၊ လှော်ကား၊ ကိုင်းတွင်း၊၊ မွေ့တုံ၊ ပမ်း၊ ချောင်းဦးရွာတို့ရှိ နေအိမ်များ ဆက်တိုက် မီးရှို့ခံရကာ ပစ္စည်းများ လုယက်ခံရပြီး လူဦးရေ သောင်းချီ၍ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ယင်းနှင့်ပတ်သက်၍ ပုလဲမြို့မရဲစခန်း၊ စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ထံ မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းဆက်သွယ်၍ မရပေ။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ပုလဲမြို့နယ် ကျေးလက်ဒေသ မီးလောင်မှု၊ နေရပ်စွန့်ခွာထွက်ပြေးရသူတို့ လုယက်ခံရမှုတို့အကြောင်း ဖော်ပြထားခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့ ၇၇ ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည်ဟု စစ်ကိုင်းဝန်ကြီးချုပ်က နေပြည်တော်တွင် တင်ပြခဲ့သည်ဟု ပြင်ပသို့ ပေါက်ကြားလာသော စစ်ကောင်စီအစည်းအဝေးမှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ပုလဲမြို့နယ်အတွင်း လက်နက်ကိုင် ခုခံသူတို့က ပျူစောထီးအဖွဲ့များကို တိုက်ခိုက်သည့် ဖေဖော်ဝါရီ ၂၁ နောက်ပိုင်းတွင်မူ မြို့နယ်တွင်းရွာများ မီးရှို့ခံရမှု ရပ်တန့်လျက်ရှိကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button