သတင်း

တမူးမြို့ ကျေးလက်ရွေးကော်အဖွဲ့ဝင်၏အိမ် အကြိမ်ကြိမ်စီးနင်း လုယက်ခံရ 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာသစ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့ဝင်း၏ နေအိမ်ကို စစ်ကောင်စီက အကြိမ်ကြိမ် ဝင်ရောက်စီးနင်းပြီး ပစ္စည်းများ ယူဆောင်လျက်ရှိသည်။ 

စက်တင်ဘာ ၂ မှ ဇန်နဝါရီ ၂၂ အတွင်း နေအိမ်ကို အကြိမ်ကြိမ် ဝင်ရောက်မွှေနှောက်ခဲ့ခြင်းဖြစ်သည်ဟု ၅၁ နှစ်အရွယ် ဒေါ်နွဲ့နွဲ့ဝင်းက ပြောသည်။ 

“သူတို့ (စစ်သားများ) ဖောက်ထွင်းပြီးတော့ အထဲက ပစ္စည်းတွေကို သူတို့ယူပြီးတော့ မီးရှို့တာက ရှို့၊ လွှင့်တာက လွှင့်ပစ်။ ပြီးတော့ ချိပ်ပိတ်စာ ကပ်ထားခဲ့တယ်။ ဒီနောက်ပိုင်းလည်း သူတို့ ထွက်ချည်ဝင်ချည်ပဲ”ဟု ၎င်းက ရွာရှိ မျက်မြင်သက်သေများကို ကိုးကား၍ ဆိုသည်။

“အဲဒီ (ဝိတုတ်ကျေးရွာ)မှာ တပ်က စခန်းချပြီးတော့ နေတာက ကျွန်မအိမ်နဲ့ မဝေးဘူး”  

စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို ဖမ်းဆီးနေရာ မတ် ၂၇ ညနေ ၃ နာရီခန့်တွင် ရွာသို့ စစ်တပ်က မော်တော်ယာဉ် ၅ စီး၊ ဆိုင်ကယ် အစီး ၂၀ ခန့်နှင့် ဝင်ရောက်လာသောကြောင့် ထွက်ပြေးခဲ့ရကြောင်း ပြောပြသည်။ 

ထိုအချိန်က နေအိမ်ရှိ ပစ္စည်းများ ယူဆောင်ခံရခြင်းမရှိခဲ့ဟု ဆိုသည်။ 

ပြီးခဲ့သည့်လပိုင်းအတွင်း အိမ်ကို လာမွှေသူတို့မှာ နယ်မြေခံ တမူးအခြေစိုက် ခြေလျင်တပ်ရင်း ၈၉ မှ စစ်သားများ၊ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၂ က နေအိမ်အတွင်း ၎င်းတို့ ဝင်သွားပြီး အလိုရှိရာ သယ်ထုတ်သွားကြသည်ဟု ဒေသခံတို့ထံမှ သိရကြောင်း ၎င်းက ဆိုသည်။ 

“ဆိုလာဘက်ထရီ၊ တီဗီကောင်တာ၊ အပေါ်စက်အောက်စက်တွေ အကုန်ရိုက်ခွဲထားခဲ့တယ်။ အတွင်းပစ္စည်းတွေ ယူတယ်၊ ဆီတွေဆန်တွေ ယူတယ်။ သေတ္တာနှစ်လုံး ရိုက်ဖွင့်ပြီး ယူသွားတယ်။ မိုးကာတွေရော၊ သံချောင်းပုံတွေရော အကုန်ပါပဲ ဘာမှ မရှိတော့ပါဘူး” ဟု ဒေါ်နွဲ့နွဲ့ဝင်းက ပြောသည်။

စစ်ကောင်စီတပ်က ထိုသို့ ပြုမူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တမူးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျအရာရှိက ပြန်လည်ဖြေဆိုခြင်း မရှိပေ။

စစ်ကောင်စီကမူ PDF ကို ထောက်ပံ့လျှင် နေအိမ်ချိပ်ပိတ်မည်ဟု ပြောဆိုထားဖူးသည်။ 

စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း၊ မြန်မာ – အိန္ဒိယနယ်စပ် ကလေးနှင့် တမူးမြို့ကြားရှိ အာရှလမ်းမဘေးရှိ အဆိုပါကျေးရွာမှာ တမူးမြို့မှ ၁၈ မိုင်ခန့် ကွာဝေးပြီး ရွာသစ်နှင့် ရွာဟောင်းဟူ၍ နှစ်ပိုင်းရှိကာ အိမ်ခြေ ၃၀၀ ကျော် ရှိသည်။

ယမန်နှစ် မေလ ၃ ရက် ညက ထိုရွာ၏ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရပြီး သမီးဖြစ်သူနှင့် မြေးဖြစ်သူ သေဆုံးသွားခဲ့သည်။ ထိုရက်မတိုင်မီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တူမီးသေနတ်များ အပ်ခိုင်းခဲ့ပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သေးသည်။ 

စစ်အာဏာသိမ်းပြီးချိန်တွင် ဝိတုတ်ရွာမှ တိမ်းရှောင်ကြသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူ အများအပြားပါဝင်သည်ဟု ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အားပေးထောက်ခံသူတို့က တိမ်းရှောင်ခြင်းမရှိဟု ဆိုသည်။

“အနီ အားပေးခဲ့တဲ့ လူတွေဆိုတော့။ ရွာမှာ ကျန်ခဲ့တဲ့ လုံးဝမပြေးတဲ့သူတွေက အစိမ်းကို အားပေးတဲ့သူလောက်ပဲ ကျန်တယ်”ဟု ကိုယ်တိုင်လည်း တိမ်းရှောင်နေရသည့် ၎င်းက ပြောသည်။

အိမ်ခြေ ၁၁၁ လုံးရှိသော ဝိတုတ်ကျေးရွာသစ်တွင် ဒေါ်နွဲ့နွဲ့ဝင်း၏ နေအိမ်ကဲ့သို့ ဖောက်ထွင်းလုယက်၊ ချိပ်ပိတ်ခံထားရသည့် နေအိမ် ၅ လုံးရှိကြောင်း ထိုရွာဒေသခံ သုံးဦးထံမှ သိရသည်။

တမူးမြို့သည် စစ်အာဏာသိမ်းပြီး ၂ လအကြာမှစ၍ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများ တိုက်ခိုက်ခံရခြင်း၊ နယ်မြေခံ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ နယ်စပ်စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရခြင်း အပါအဝင် ရဲဘက်အကျဉ်းစခန်းတစ်ခုကိုပါ ယခုနှစ်ဆန်းပိုင်း၌ တိုက်ခိုက်ခံခဲ့ရသေးသည်။

မကြာသေးခင် ဇန်နဝါရီ ၁၇ ကလည်း ရန်လင်းဖိုင်ကျေးရွာနှင့် ဝိတုတ်ကျေးရွာအကြား အာရှလမ်းမပေါ်တွင် ကလေးမြို့ဘက် ထွက်လာသည့် ပါဂျဲရိုးအမျိုးအစား အိမ်သုံးမော်တော်ကားကို တမူး PDF တပ်ရင်း(၃)က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့၍ ကားပေါ်ပါ ရဲ ၅ ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button