စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို ပြန်လည်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် မိဘမဲ့ကျောင်းမှ ကလေးများနှင့် ဆရာဆရာမများကို တော်လှန်ရေးအင်အားစုက ကယ်ထုတ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ခမ်းပတ်မြို့ ရဲစခန်းနှင့် တပ်စခန်းကုန်း နောက်ဘက်ရှိ AG မိဘမဲ့ကျောင်းကို ဒီဇင်ဘာ ၁၀ ရက် ညတွင် စစ်တပ်က စီးနင်းပြီး ကလေးများအပါအဝင် ၄၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း၊ ယမန်နေ့ (ဒီဇင်ဘာ ၁၁) ရက် နေ့လယ်ပိုင်းတွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသတွင် စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
“သူတို့ (စစ်သား) တွေ တခြားနေရာရွေ့တဲ့အချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေက အဲ့ဒီနေရာကို ဝင်ပြီးတော့ ခေါ်ထုတ်ခဲ့တာ”
စစ်တပ်က မိဘမဲ့ကျောင်းကို ဝင်ရောက်စီးနင်းမှုတွင် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်နှင့် ၁၀ နှစ်ကြား ကလေး ၄ ဦး သေဆုံးသည်ဟု ကနဦးသတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးဟု ၎င်းက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
အိန္ဒိယနှင့် ကုန်သွယ်ရေးတွင် အချက်အချာကျသည့် ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၇ ရက်နေ့တွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။ လူဦးရေ ၁၅,၀၀၀ ကျော် နေထိုင်ပြီး အိန္ဒိယနယ်စပ် တမူးမြို့နှင့် မိုင် ၃၀ ဝန်းကျင်သာ ဝေးသည့် ခမ်းပတ်ကို ပြန်ရရန် စစ်ကောင်စီက ဒီဇင်ဘာလဆန်းပိုင်းမှစ၍ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလျက်ရှိနေသည်။
“(စစ်တပ်က) မြို့ကို ပြန်ရချင်လို့ ဝင်လာတာပေါ့။ ထိတွေ့မှု (တိုက်ပွဲတွေ) တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ဒီဇင်ဘာ ၁၀ ရက်က ခမ်းပတ်မြို့တွင်းရှိ AG မိဘမဲ့ကျောင်းနှင့် ထိုနေရာအနီးရှိ ရဲစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သော်လည်း လက်ရှိတွင်မူ မြို့ပြင်သို့ ပြန်လည်ဆုတ်ခွာကာ ဖြန့်ကြက်နေရာယူထားကြောင်း၊ တော်လှန်ရေးအဖွဲ့များက ပြင်းထန်စွာတိုက်ခိုက်နေကြောင်း ၎င်းထံမှ သိရသည်။
ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဒီဇင်ဘာ ၅ ရက်နေ့တွင် မြို့အနီး ကာကွယ်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးပြီး နှိပ်စက်ခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ရသေးသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့တော်လှန်မှုများ အရှိန်မြင့်လာနေရာ စစ်ကောင်စီက စခန်းများ၊ မြို့များ လက်လွတ်ဆုံးရှုံးနေရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများက ခရိုင်အဆင့်ဖြစ်သည့် ကောလင်းမြို့အပြင် ခမ်းပတ်၊ ရွှေပြည်အေးမြို့တို့ကိုပါ သိမ်းပိုက်ထားနိုင်သည်။ စစ်ကိုင်းတိုင်းအတွင်း ဆုံးရှုံးခဲ့ရသည့် မြို့များကို ပြန်ရရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း အရာမထင်သေးပေ။