အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ငယ်မြို့မှ နေအိမ်တစ်ခုကို စစ်သားများ ဝင်ရောက်လုယက်

မန္တလေး၊ အမရပူရမြို့နယ် ကျေးလက်ဒေသ နေအိမ်တစ်လုံးအတွင်း ယမန်နေ့ (မတ် ၁၃) ညနေ၌ စစ်သားများ ဝင်ရောက်လာပြီး အိမ်ရှင်များကို ရိုက်နှက်ကာ တန်ဖိုးရှိပစ္စည်းများ လုယက်သွားသည်ဟု ဒေသခံများက ပြောသည်။

မြစ်ငယ်မြို့၊ သရက်တန်းကျေးရွာသို့ စစ်ကား ၄ စီးဖြင့် စစ်သားများ ရောက်ရှိလာပြီး ဈေးရောင်းဈေးဝယ် အလုပ်လုပ်ကိုင်သည့် အဆိုပါမိသားစုနှင့် ကုန်ပစ္စည်း လာရောက်ပို့ဆောင်သူ ဧည့်သည်တစ်ဦးတို့ကို ပါးရိုက်ကြသလို ဝမ်းလျားမှောက်စေကာ ဝါးတုတ်များနှင့်လည်း ရိုက်နှက်ကြကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အိမ်ရှေ့ကားတွေ ထိုးရပ်ပြီးတော့ လာတာ။ အခန်းတွေအကုန် ဝင်မွှေသွားတာ။ ဒီမိသားစုတစ်ခုတည်းကိုပဲ မွှေတာ၊ တခြားအိမ်တွေ မမွှေဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုပုဂ္ဂိုလ်က ဆိုသည်။

ထိုသို့ ရိုက်နှက်နေစဉ်မှာပင် အခြားစစ်သားများက နေအိမ်အတွင်း မွှေနှောက်ရှာဖွေကာ ရွှေလက်စွပ်တစ်ကွင်း၊ ငွေကျပ် ၆ သိန်းကျော်နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုမိသားစု နှိပ်စက်ခံရသဖြင့် အံ့သြမိသည်ဟု သရက်တန်းရွာသားတစ်ဦးက ပြောသည်။

“ဒီမိသားစုက တော်လှန်ရေးကို ကူညီနေသူတွေလည်း မဟုတ်ဘူး။ အဲဒီကြားထဲက ဝင်မွှေခံရတယ်။ ရှာတော့လည်း ဘာကြောင့်၊ ဘာကိုရှာတယ် မသိရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောသည်။

တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသူလည်း စစ်ကောင်စီ၏ရန်နှင့် ရင်ဆိုင်ရနိုင်သည်ဟု မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သိရသလောက် အဲဒီအိမ်က အမျိုးသမီးတွေပဲ များတယ်။ ကျွန်တော်တို့ကို ထောက်ပံ့ဖူးတဲ့ စာရင်းထဲတောင် မရှိဖူးဘူး။ အခုလုပ်သွားတဲ့ပုံက တမင်ဓားပြဝင်တိုက်တဲ့ပုံမျိုးပဲ” ဟု မှတ်ချက်ပြုသည်။

မြစ်ငယ်ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မြစ်ငယ်ရဲစခန်းထံမှ တုံ့ပြန်ချက် ရရှိရေးအတွက် မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ 

စစ်ကောင်စီကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှု တိုက်ဖျက်နေခြင်းသာဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက ဆန့်ကျင်နေကြသည့် ပြည်သူများ၊ နိုင်ငံရေးပါတီဝင်များ၊ လက်နက်ကိုင်တော်လှန်နေကြသူများနှင့် မိသားစုဝင်များ၏ နေအိမ်များကို ဝင်ရောက်မွှေနှောက်ရှာဖွေခြင်း၊ ချိပ်ပိတ်ခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်။

မတ် ၃ ည ၁၁ နာရီမှစ၍ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်ကို စစ်ကောင်စီက မိုဘိုင်းဒေတာ ဖြတ်တောက်ခဲ့ပြီး တစ်တိုင်းလုံးနီးပါး အင်တာနက်ပြတ်တောက်နေစဉ် ကျေးရွာအများအပြားတွင် သတ်ဖြတ်မှု၊ လုယက်မှု၊ အိမ်မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button