သတင်း

မန္တလေးမြို့ရှိ နာမည်ကျော် ဝိန့်လီရွှေဆိုင် လုယက်ခံရ 

မန္တလေးမြို့လယ်ရှိ ဝိန့်လီရွှေဆိုင်တွင် ဒီဇင်ဘာ ၁၈ ညနေပိုင်းက သေနတ်ကိုင်လူတစ်စုက ဆိုင်အတွင်း သေနတ်များ ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ရွှေထည်များယူဆောင်သွားခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်အနီးရှိ  ဝိန့်လီရွှေဆိုင်ရှေ့သို့ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်အချိန်တွင် နှာခေါင်းစည်းအနက် တပ်ဆင်ထားသည့် လက်နက်ကိုင်လေးဦး ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု နာမည်ကျော်ရွှေဆိုင်နှင့် မလှမ်းမကမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

“သေနတ် ခြောက်ချက်လောက် ပစ်ပြီးတော့ ဆိုင်ထဲ ဝင်လာတာ။ မှန်ကောင်တာတွေရိုက်ခွဲပြီး ရွှေထည်တွေ ယူသွားတယ်” ဟု ၎င်းအမျိုးသားက Myanmar Now ကို ပြောသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါနေရာဝန်းကျင်တစ်ဝိုက်ကို စစ်သားနှင့် ရဲအများအပြား ရောက်လာကာ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ည ၉ နာရီကျော်အချိန်အထိ စစ်ဆေးခဲ့ကာ အနီးအနားရပ်ကွက်များအတွင်း လှည့်လည်ရှာဖွေခဲ့ကြကြောင်း သိရသည်။

လက်နက်ကိုင် အမျိုးသားလေးဦးသည် ကျပ်သိန်းတစ်သောင်းခွဲတန်ဖိုးရှိ ရွှေထည်များ ယူဆောင်သွားခဲ့ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ထို့အတူ ဝိန့်လီရွှေဆိုင်တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရသေးပေ။ 

စစ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများလာသဖြင့် စိုးရိမ်ထိတ်လန့်ကာ သွားလာနေကြရသည်ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ 

“လက်ရှိအချိန်က စစ်သားလည်း ကြောက်ရ၊ ဟို ဓားကိုင်ခြောက်ယောက် (လုယက်သူများ) ဆိုတဲ့ ကောင်တွေလည်း ကြောက်ရဗျာ၊ ညပိုင်းအချိန်ပိုအလုပ်လေးများရှိရင်တောင် လိုက်ဖို့က မရဲဘူး။ ည ၈ နာရီလောက်ဆိုရင်ကို ကျောချမ်းနေရတော့တာ” ဟု မန္တလေးမြို့မ အခြေခံလုပ်သားတစ်ဦးက ဆိုသည်။

ဖုန်းလုယက်မှု၊ ဆိုင်ကယ်လုယက်မှု၊ ခိုးမှုများ နေ့စဉ်ရက်ဆက်ကြားလာရပြီး လုယက်ရာတွင် ဓားဖြင့် ခုတ်ခြင်း၊ ရိုက်နှက်ဖျက်ဆီးခြင်းရှိလာသဖြင့် မြို့ခံအများ ထိတ်လန့်နေကြရသည်ဟု ဆိုသည်။ 

ဒီဇင်ဘာ ၁၇ ကလည်း ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအိမ်ရာအတွင်းရှိ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှု ( မိုဘိုင်းမှ ငွေလွှဲခြင်း) လုပ်ငန်းတစ်ခုကို အိမ်းစီးကားဖြင့် လူတစ်စုက လာရောက်လုယက်သွားခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button