ဆောင်းကိုနှုတ်ဆက်နေသော ဇန်နဝါရီလအတွင်း လွန်ကဲသည့်အအေးဓာတ်ကိုအံတုကာ မန္တလေးမြို့မှ မိုင်ပေါင်း ၁၆၀ ကျော် ဝေးကွာသည့် တောင်ကြီးမြို့သို့ ဆိုင်ကယ်ဖြင့်ခရီးနှင်လာသည်။ ရှမ်းတောင်တန်းများကို ကျော်လွန်၍ သွားရသောခရီးက ဝေးလွန်းသော်ညား လေ့လာရေးခရီးဖြစ်၍ စိတ်များလန်းဆန်းတက်ကြွနေသည်။
မနက်ဝေလီဝေလင်းထ၍ မောင်းလာသောဆိုင်ကယ်ကို အနားပေးရန် ကျောက်ဆည်နှင့် ရွာငံမြို့တို့တွင် ခရီးတထောက်အနားယူခဲ့သည်။
လွန်ခဲ့သည့် ၅ လခန့်ကလည်း ဒီလမ်းများကို ကျွန်တော် ဖြတ်သန်းဖူးခဲ့သည်။ ထိုစဉ်က ရှမ်းပြည်မြောက် ပိုင်း လားရှိုးမြို့နှင့်မြန်မာပြည်အလယ်ပိုင်းတွင် တော်လှန်ရေးအင်အားစု၏ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ဘေးရှောင်အများအပြား ရှမ်းပြည်နယ်တောင်ပိုင်းဘက်သို့ ခိုလှုံသွားကြသည်။
ထိုအချိန်က ကျောက်ဆည်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းတလျှောက် အစစ်အဆေးများ ကြမ်းတမ်းလှ သည်။ ယခုတစ်ကြိမ်တွင်မူ စစ်ဆေးရေးဂိတ်များက ယခင်ကဲ့သို့ ရှိနေသော်လည်း အစစ်အဆေး အတားအဆီးမရှိ ဖြတ်သန်းသွားလာခွင့်ပြုထားသည်ကို တွေ့ရသည်။
လမ်းတလျှောက် ညှို့မှိုင်း ရှည်လျားသောတောင်တန်းများကို ဖြတ်သန်းခဲ့ရသည်။ မကြာသေးမီက ရေဘေးသင့်ထား၍ ချိုင့်ခွက်များနှင့်ပျက်စီးမှုများတွေ့ရသည်။
မကြာမီနွေဦးပေါက်တော့မည်ဖြစ်၍ လမ်းမြင်ကွင်းများက အရင်တခေါက်သွားတုန်းကနှင့်မတူ၊ စိမ်းစိမ်းစိုစိုမရှိလှဘဲ ဖုန်ထူထူနှင့်ခြောက်ခြောက်သွေ့သွေ့ပင်။

လက်မှနာရီကိုထုတ်ကြည့်ရာ မွန်းလွဲ ၃ နာရီထိုးနေပြီး မောင်းနှင်လာသည့်ခရီးက တောင်ကြီးမြို့အနီး ဟဲဟိုးကို ရောက်ပြီဖြစ်၍ သက်ပြင်းချရသည်။ ခေတ်မကောင်းသည့်ကာလတွင်ခရီးသွားခြင်းဖြစ်ရာ မမှောင်မီ လိုရာခရီးသို့ရောက်ရန် အားခဲထားသည်။
ဤခရီးကို ကားနှင့်သွားလျှင် ၆နာရီ၊ မိုင် ၁၆၀ ဟု မြေပုံကညွှန်ပြနေသော်ငြား ဆိုင်ကယ်နှင့် မြို့ပေါင်း ၇မြို့ ထက်မနည်း ဖြတ်သန်း၍ ရှည်လျားသည့်တောင်တန်းများကို ဝေးလှသည်ဟုခံစားရသည်၊ ညနေပိုင်းမှသာ ခရီးဆိုက်ရသည်။
ဟဲဟိုးမြို့လမ်းဆုံရှိ စားသောက်ဆိုင်တစ်ခုတွင် နာရီဝက်ခန့်အနားယူကာ ညနေစာဝင်စားသည်။ ထိုစဉ် ဆိုင်အပြင်ဘက်၌ ကားတစ်စီးဖြတ်သန်းသွားရာ ယာဉ်ပေါ်တွင် ပြောက်ကျားဝတ်စုံနှင့် အမျိုးသမီးတချို့ လက်နက်များကိုင်ဆောင်ထားသည်ကို တွေ့ရသည်။ နောက်မှ ဒေသခံတချို့ကိုမေးမြန်းကြည့်ရာ စစ်ကောင်စီဘက်တော်သား ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA ၏ ပြည်သူ့စစ်များဖြစ်ကြသည်ဟု ဆိုသည်။
မကြာသေးမီက တောင်ကြီး ဒေသခံတစ်ဦးက ပြောပြထားသည့်စကားများကို သတိရလိုက်မိသည်။
“ဒီတစ်နှစ်၊နှစ်နှစ်အတွင်းမှာ သိသိသာသာတွေ့လာရတာက PNO/PNA ပအိုဝ်းလက်နက်ကိုင် ပြည်သူ့စစ် တွေကို ပိုတွေ့လာရတာပဲ။ ဆီဆိုင်တိုက်ပွဲတုန်းကတောင် PNO ပအိုဝ်းပြည်သူ့စစ်တွေကို အဓိကထား သုံးသွားတာပဲ။ PNO/PNA က စစ်တပ်နဲ့ကောင်းမွန်တဲ့မဟာမိတ်ကိုရယူထားပြီးတော့ တောင်ကြီးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ထဲထည့်သွင်းဖို့အထိ တောင်းဆိုမယ့်ဆန္ဒရှိပုံပဲ”
အနားယူပြီးနောက် ဆက်လက်ခရီးဆက်လာရာ နာရီဝက်ကျော်မျှတွင် တောင်ကြီးမြို့အောက်ဘက်ရှိ ရွှေညောင်၊ အေးသာယာမြို့တို့ကို ဖြတ်သန်းရသည်။ မကြာသေးမီက ရေလွှမ်းထားပြီး ပျက်စီးဆုံးရှုံးမှု များပြားထားသည့် ဤဒေသတွင် လားရှိုးမြို့၊ ဆီဆိုင်မြို့နှင့်ကယားပြည်နယ်ဖက်မှ တိမ်းရှောင်လာသူ အများအပြား စစ်ရှောင်စခန်းများဖွင့်လှစ်ကာ ခိုလှုံနေထိုင်ကြသည်ဟု ကြားသိထားရပြီး အိမ်ခြေထူထပ် သည်။

အမှတ် (၁) တည်းခိုရေးစခန်း၊ အမှတ်(၂) ယာဉ်သိုလှောင်ရေးတပ်ရင်း၊ အမှတ် (၄) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ စသည်ဖြင့် တပ်ရင်းများက မြို့ထက်ဝက်ခန့်တွင် နေရာယူထားသည်ကိုလည်း တွေ့ရသည်။
၁၀ မိနစ်ခန့်မောင်းနှင်ပြီးနောက် တောင်ကြီးမြို့အဝင် ဆိုင်းဘုတ်အနီး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရ သည်။ နေပူထဲတွင် လက်နက်ကိုင် မတ်တပ်ရပ်စောင့်နေသည့် အသက် ၆၀ ဝန်းကျင်အရွယ် စစ်သားကြီးများက ခရီးသည်များကို စစ်ဆေးနေသည်။
ထို့နောက် တောင်ပတ်လမ်းကိုဖြတ်ကျော်ပြီးနောက် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးသို့ ရောက်ပါ တော့သည်။ မြို့အဝင် ဗျူဟာကုန်း ကဲ့သို့ တောင်စောင်းရှိရာ ဆိုင်းဘုတ်၌ပင် စစ်သားများက နေရာယူထားသည်၊ ဘန်ကာများဖြင့် ခံစစ်ပြင် တပ်စွဲထားသည်ကို အံ့သြဖွယ် တွေ့ရသည်။
မြို့အတွင်းဆိုင်ကယ်မောင်းနှင်လာရာ စစ်ထရပ်ကားကြီးများ ၁၀ စီးထက်မနည်း တောင်မှမြောက်သို့ သွားလာနေသည်ကိုတွေ့ရသည်။ ကားများပေါ်တွင် ဆိတ်များ တင်ဆောင်သွားသည်ကိုတွေ့ရသည်။
တောင်ကြီးမြို့သည် ထင်ထားသည်ထက် များစွာဖွံ့ဖြိုး၍ စီးပွားရေးမြို့တော် ရန်ကုန်၊ မန္တလေးကဲ့သို့ပင် ကြီးမားလှသည့်အဆောက်အဦများ၊ ဈေးများ၊ ဆေးရုံများ၊ အဆင့်မြင့်ကုန်တိုက်များ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် ခမ်းနားထည်ဝါလှသည်။
မြို့အဝင်တွင်ပင် “အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်”ကို တွေ့မြင်ရပြီး အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၆၄၆) စစ်လက်နက်ပစ္စည်းတပ်ခွဲတပ်ရင်း၊ အမှတ်( ၆၅၆) ဆောက်လုပ်ရေး တပ်ခွဲ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တောင်ကြီးမြို့မရဲစခန်း၊ အမှတ်(၂၁၂) ဆက်သွယ်ရေးတပ် အစရှိသည့် စစ်တပ် တပ်ရင်းများက မြို့အတွင်း အပြင်ကို ဝိုင်းရံထားသည်။ ရှမ်းပြည်နယ်လွှတ်တော်ကို မြို့အစွန်တွင် တွေ့ရသည်။

မိနစ်ပိုင်းမျှ မြို့အတွင်းလှည့်လည်ကာ လေ့လာပြီးနောက် အနားယူတည်းခိုစရာ ရှာဖွေရတော့သည်။ ဟိုတယ် သုံးလေးခုတွင် ဝင်ရောက်မေးမြန်းရာ ဧည့်ပြည့်နေသည်။
အခန်းရသည့် ဟိုတယ်တွင် ဧည့်ကြိုကောင်တာ၌ပင် အခက်အခဲတစ်ခုစတင်ကြုံကြိုက်ရ၍ ခေါင်းနပန်းကြီးသွားမိသည်။ တောင်ကြီးဟိုတယ်များသည် အခြားမြို့များနှင့်မတူ၊ ဧည့်စာရင်းအတွက် မှတ်ပုံတင်ကတ် ပေးထားရရုံမက ဧည့်သည်တစ်ယောက်ချင်းစီက ဟိုတယ်ပရဝုဏ် ဧည့်ခန်းမအတွင်း မတ်တပ်ရပ် ဓာတ်ပုံအရိုက်ခံကြရသည်။
ဧည့်စာရင်းအတွက် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပေးပို့ရန် ရိုက်ခြင်းဖြစ်သည်ဟု ဟိုတယ်ဝန်ထမ်းတို့က ပြောသည်။
ထို့နောက် ည ၇နာရီခန့်တွင် နာမည်ကျော် ညဈေးတန်းကို စည်စည်ကားကားတွေ့ရသည်။ ထမင်းကြော်၊ အကင်စုံ၊ တုတ်ထိုးနှင့် လက်ဖက်ရည်ဆိုင်များ၊ ရှမ်းအစားအစာဆိုင်များအပြင် အဝတ်အထည်ဆိုင်များစွာကိုလည်း တွေ့ရသည်။ ဆိုင်ခန်းတချို့ ပိတ်ထားသည်။

စည်ကားသည်ဟု မှတ်ချက်ပြုမိရာ ယခင်က ပိုမို စည်ကားစုံလင်လှသည်ဟု တောင်ကြီးမြို့ခံမိတ်ဆွေက တုံ့ပြန်သည်။
ဟိုတယ်သို့မပြန်မီ မြို့ကို ဆိုင်ကယ်ဖြင့်ပတ်၍ လေ့လာရာ ညဦးပိုင်းတွင် မြို့လယ်လမ်းပေါ် ယာဉ်အသွားအလာမပျက်သည်ကို တွေ့ရသည်။ ရပ်ကွက်တချို့ လျှပ်စစ်မီး ပြတ်တောက်နေသည်။
မီးပုံမှန်လင်းနေသည်ကို ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းမီးတိုင်များ၊ မီးစက်နှင့်နေစွမ်းအင်သုံး ဟိုတယ်များတွင်သာ တွေ့နိုင်သည်ဟု မြို့ခံများက ပြောသည်။
ည ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ပတ်လမ်းမကြီးတစ်လျှောက် ယာဉ်အသွားအလာရုတ်ချည်း တိတ်ဆိတ်သွားသည်။ တည်းခိုသည့်နေရာမှ ဝန်ထမ်းအား မေးကြည့်ရာ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ “မာရှယ်လော”ရှိသည်ဟု ဆိုသည်။
တောင်ကြီးမြို့တော် မနက်ခင်း
စိမ့်နေအောင်အေးသော တောင်ကြီးမနက်ခင်းတွင် ကားဟွန်းတီးသံများ၊ ဆိုင်ကယ်စက်နှိုးသံများဖြင့် ဝရုန်းသုန်းကား ဆူညံနေရာ ကျွန်တော်အိပ်ရာနိုးလာ၍ ပြတင်းပေါက်မှငေးမောမိသည်။ စက်ဘီးများ ၊ ဆိုင်ကယ်များ၊ ဟွန်းတီးနေသော ကားများ၊ ကျောင်းစိမ်းဝတ်ကလေးငယ်များ၊ ထမင်းချိုင့်ကိုယ်စီ ဆွဲပြီး အလုပ် သွားကြသူများကို လမ်းမထက်တွင် တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံသတ်ဖြတ်ခံရသူ အာဇာနည်ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့် မိုင်းပွန်စော်ဘွား စဝ်စံထွန်းကို ဂုဏ်ပြု အမည်ပေးထားသော “စဝ်စံထွန်းဈေး”နှင့် “တောင်ကြီးမြို့မဈေး” တို့၏ မနက်ခင်းများသည်လည်း ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားအသက်ဝင်နေသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်းဆန့်ကျင်ဆန္ဒပြကြရာ ထိုအထဲတွင် တောင်ကြီးမြို့ခံ အများ အပြားလည်းပါဝင်သည်။ စစ်ကောင်စီက ပစ်ခတ်ရာ တောင်ကြီးမြို့မှ ဆန္ဒပြလူငယ်တချို့ သေဆုံးခဲ့ရသည်။ အများအပြားလည်း ဖမ်းဆီးခံရသည်။ အာဏာဖီဆန်ခဲ့သည့် “စဝ်စံထွန်း”ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများလည်း အပြင်းအထန်ဖိနှိပ်ခံခဲ့ကြရသည်။
၄ နှစ်ကြာလာသည့် ယနေ့ကာလတွင် စဝ်စံထွန်းဆေးရုံအပါအဝင် တောင်ကြီးမြို့ဌာနဆိုင်ရာများအားလုံး ပြန်လည်ပတ်လျက်ရှိနေသည်ကို တွေ့ရသော်လည်း ထိုအခြေအနေများသည် စစ်ကောင်စီက အတင်းအဓမ္မဖန်တီးယူထားသည့် ရုပ်ပြအခြေအနေ များသာဖြစ်သည်ဟု တော်လှန်ရေးနယ်မြေသို့ ရောက်နေသော တောင်ကြီးမြို့သူ မအိမွန်ခင်က ရှင်းပြသည်။
“မြို့မှာက ကျီးလန့်စာစားနေနေကြရတယ်။ လူငယ်တွေနည်းလာတယ်။ အလုပ်အကိုင်တွေလည်း ပိုခက်ခဲ လာတယ်။ အရောင်းအဝယ်၊ရုံးဝန်ထမ်း၊ဈေးသည် စသဖြင့် တွေက စစ်ကောင်စီရဲ့ပြောင်းလဲလွယ်တဲ့ မူဝါဒတွေကြောင့် အရင်ကထက် လုပ်ရကိုင်ရတွေ ခက်ခဲလာတယ်”ဟု မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ မအိမွန်ခင်က ဆိုသည်။
“အခုထိတော့ အခြေခံလူထုဟာ သူတို့စီးပွားရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရလို့ စစ်အုပ်စုအပေါ် သိပ်ပြီး သတိမမူနိုင်ဘူး။ စစ်အုပ်စုရဲ့ယန္တရားအောက်မှာ အဆင်ပြေသလို လုပ်ကိုင်စားသောက်နေကြရ တယ်”

ကုန်ဈေးနှုန်း၊အခွန်နှင့် စစ်သားစုဆောင်းမှုမှလွတ်ကင်းရေး ငွေပေးရမှု
တောင်ကြီးမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းက အခြားမြို့များထက် တက်နေသည်ကိုတွေ့ရသည်။ တနေ့ထက်တနေ့ ပိုမိုမြင့်တက်လာသည့်ကုန်ဈေးနှုန်းများ၊ အာဏာသိမ်း အဖွဲ့ အစည်း၏ တိုးမြင့်ကောက်ခံလာသည့်အခွန်အခများအပြင် စစ်မှုထမ်းဥပဒေ ယာယီကင်းလွတ်ခွင့်ရရေး လစဉ်ငွေကြေးပံ့ပိုးရမှုများကြောင့် ဒေသခံတို့ လက်လှမ်းမီရာအလုပ်များကို လုပ်ကိုင်ကာ ရုန်းကန်နေကြရသည်ဟု တောင်ကြီးသားမိတ်ဆွေက ပြောပြသည်။
“စစ်ကောင်စီကလည်း စစ်မှုထမ်းခိုင်းတာတွေရှိတယ်။ ဒါပေမယ့် PNO က ပိုဆိုးတယ်။ တောင်ကြီးတင် မဟုတ်ဘူး၊ ရှမ်းတောင်တစ်ခုလုံးကို PNOကပါ စစ်မှုထမ်းခိုင်းတာ။ ရွာဖက်တွေမှာ ပိုဆိုးနေတယ်”ဟု သူက ဆက်ပြောသည်။
“စစ်ကောင်စီဘက်ကတော့ ကျွန်တော်တို့ တစ်လချင်း စစ်မှုထမ်းကြေး၂၀,၀၀၀ လစဉ်ပေးနေရတယ်။
PNO က မဝင်မနေရပဲ၊ ငွေပေးလို့လည်းမရဘူး။ ကလေးစစ်သားတွေပါ ကောက်တယ်။ ပအိုဝ်းမှန်သမျှ PNO ဝင်ရတယ်ဗျ”
မကြာသေးမီက facebook လူမှုကွန်ရက်သတင်းတစ်ပုဒ်တွင် အသက် ၁၈ နှစ်မှ ၂၅ နှစ်ဝန်းကျင်အထိ ပအိုဝ်းအမျိုးသမီးများ စစ်မှုထမ်းခေါ်ဆောင်ရန် ကျေးရွာအလိုက် စာရင်းပြုစုထားသည်ကို တွေ့ရသည်။
အမျိုးသမီးများပါ စစ်သားသစ်စုဆောင်းခံရနိုင်ကြောင်း စိုးရိမ်တကြီး အသိပေးမျှဝေထားကြသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် မြန်မာပြည်ဒေသအသီးသီး၌ စစ်မျက်နှာများပြားနေပြီး ၎င်းတို့ ၏ တပ်သားလိုအပ်ချက်အတွက် ဒေသအသီးသီးရှိ လူငယ်လူရွယ်များကို စစ်ကောင်စီတပ်သို့ အဓမ္မ သွပ် သွင်းကာ စစ်မှုထမ်းခိုင်းစေသည်။
လတ်တလောတွင် ရှမ်းပြည်တောင်ပိုင်းမှ စုဆောင်းခံထားရသည့် လူငယ်လူရွယ်များ ဟိုပုံးမြို့ စစ်တပ်စခန်းများထဲ ရောက််နေသည်၊ စစ်သင်တန်းပြီးလျှင် ရှေ့တန်းစစ်မျက်နှာအသီးသီးသို့ ပို့ဆောင်နေကြောင်း မြို့ခံမိတ်ဆွေက ပြောသည်။

တောင်ကြီးမြို့အနီး တိုက်ပွဲများနှင့်စစ်ရှောင်များ
လက်ရှိတွင် တောင်ကြီးမြို့နှင့်မိုင် ၆၀ နီးပါး ကွာဝေးသည့် ဆီဆိုင်မြို့၊ မိုင် ၁၀၀ ကျော် ကွာဝေးသည့် ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်းတို့တွင် တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်ဟု သိရသည်။
ထိုဒေသများအပါအဝင် ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နှင့် မြန်မာပြည်အလယ်ပိုင်းမှ ဒေသခံအများ အပြားသည် တိုက်ပွဲကင်းစင်သည့် တောင်ကြီးမြို့သို့ လာရောက်ခိုလှုံနေကြသည်၊ စစ်ရှောင်တို့သည် စားဝတ်နေရေး၊ လုံခြုံရေး စသည့် အခက်အခဲများကို ရင်ဆိုင်နေကြရသည်ဟု မြို့ခံများထံက သိရသည်။
တောင်ကြီးမြို့တွင် တိမ်းရှောင်နေသည့် မန္တလေးဒေသခံတစ်ဦးကလည်း ယင်းကဲ့သို့ပြောပြသည်။
“သူတို့ထိန်းချုပ်မြို့ဆိုတော့ ကျီးလန့်စာစားတော့နေရတာပေါ့။ အကြီးဆုံးအခက်အခဲက စားဝတ်နေရေးပဲ။ ဒီမှာက အိမ်လခနဲ့ ကုန်ဈေးနှုန်းက အခြားမြို့တွေထက်ပိုကြီးတယ်။ နေရစားရတာ”ဟု သူက ဆိုသည်။

တောင်ကြီးမြို့က စစ်ကောင်စီအတွက်ဘယ်လောက်အရေးပါလဲ
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တည်ရှိသော၊ စစ်ရေးအရမဟာဗျူဟာကျသော တောင်ကြီးမြို့ကို တော်လှန် ရေးတပ်များ ခြိမ်းခြောက်နိုင်ပါက စစ်ကောင်စီ သက်ဆိုးမရှည်နိုင် ဟု တော်လှန်မြေရောက် တောင်ကြီးသူ မအိမွန်ခင်က ပြောသည်။
“အချိန်တော့ယူရဦးမယ်လို့မြင်ပါတယ်။ ရပခကိုသာ တော်လှန်ရေးအင်အားစုတွေ အုပ်စီးမိသွားရင်၊ ရန်သူ ဖြတ်တောက်ထားတဲ့လမ်းကြောင်းတွေဟာ ပေါင်းစည်းမိသွားရင် စစ်အုပ်စုဟာ သက်ဆိုးမရှည်တော့ဘူး” ဟု မအိမွန်ခင်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီလက်အောက်တွင် ခက်ခဲကျပ်တည်းလွန်းသဖြင့် မဟာဒုက္ခ တွင်းဆုံးကျနေသည့် ပြည်သူများ၏စိတ်တွင် တော်လှန်လိုစိတ်များ ရှိနေသည်ဟု တောင်ကြီးသူက ယူဆသည်။
“ဖိနှိပ်ခံနေရတဲ့ မြို့နေလူထုကြားထဲမှာလည်း စစ်အုပ်စုကို တွန်းလှန်ချင်နေတဲ့စိတ်တွေ ကိန်းအောင်းနေ ကြမယ်လို့ ယုံကြည်ပါတယ်။ တချိန်မှာ မြို့နေ အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစု တွေ ပေါင်းစည်းမိကြတဲ့တချိန်မှာ စစ်အုပ်စုဟာ မလွဲမသွေကျဆုံးရမယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်” ဟု မအိမွန်ခင်က ပြောသည်။
ရက်အနည်းငယ်အကြာတွင် ကျွန်တော်လည်း တောင်ကြီးမြို့မှ ထွက်ခွာပြီး ခရီးဆက်ခဲ့သည်။ တောင်ကြီးအထွက်လမ်းတွင် မြူခိုးများဝိုင်းရံနေသည့်၊ တောင်စောင်းများပေါ် ဆောက်လုပ်ထားသည့် နေအိမ်အချို့ကို ဝိုးတဝါးတွေ့ရသည်။
လမ်းဘေးဝဲယာ၌ ချယ်ရီပန်းများ လှလှပပပွင့်ဖူးနေကြသည်ကိုတွေ့မြင်ရသည်။ ရှမ်းတို့၏ချယ်ရီမြေ မဟုတ်ပါလား။
တဆက်တည်းတွင် အတွေးနယ်ချဲ့မိသည်က စစ်တပ်က အာဏာမသိမ်းခဲ့လျှင် ရှမ်းလူမျိုးတို့၏ မိခင် မြို့တော် တောင်ကြီးသည် ယခုထက်ပို၍ စည်ကားအသက်ဝင်နေမည် ဟူ၍ပင်။
တိုက်ပွဲများကြောင့် ခက်ခဲရုန်းကန်နေရသည့် ရှမ်းမြောက်မြို့များနှင့်နှိုင်းယှဉ်လျှင် ပင်လယ်ရေ မျက်နှာ ပြင်အထက် ပေ ၄၀၀၀ ကျော်မှ ချယ်ရီမြို့တော် တောင်ကြီးသည် ဖွံ့ဖြိုးအသက်ဝင်နေသည်။
သို့သော် အကြောက်တရားအောက်မှ မလှုပ်သာသည့် မျက်နှာဖုံးစွပ်မြို့တစ်မြို့ ဟု ကျွန်တော် မှတ်ချက် ပြုခဲ့မိတော့သည်။




