ဆောင်းပါး

စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ

PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက် စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီက ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် မက်လုံးဖြင့် ပအိုဝ်းအရပ်သားများကို ဆွဲဆောင်နေသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက်  တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။

စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။ 

PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် မက်လုံးဖြင့် ပအိုဝ်းအရပ်သားများကို ဆွဲဆောင်နေသည်ဟု ဒေသခံတို့ကဆိုသည်။

ထို့ကြောင့်အချိန်အနည်းငယ်အတွင်း ထောင်နှင့်ချီသည့် စစ်သားသစ်များ တိုးပွားလာခြင်း ဖြစ်သည်။

စက်တင်ဘာအတွင်းက  ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် PNO/PNA တပ်သားသစ်များ အင်အားပြနေစဉ်။(ဓာတ်ပုံ – PNA)

ကျေးလက်များကိုအခြေခံသည့် PNA ၏လူသစ်စုဆောင်းမှု

စစ်ကောင်စီလက်အောက်ခံ PNA ၏ စစ်သားစုဆောင်းမှုသည် ရပ်ရွာလူထုကို ရွာသူကြီးများမှ တဆင့် ဆင့်ခေါ်၍ အဓမ္မ စစ်သင်တန်းတက်ခိုင်းကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ဒေသခံ ပအိုဝ်းအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“တစ်အိမ်တစ်ယောက် မသွားမနေရဆိုပြီး သူကြီးတွေ အုပ်ချုပ်ရေးမှူးတွေကို စာပို့လာတယ်။ ဒါပေမယ့် သေနတ်တစ်လက်မှ မပေးပါဘူး။ ယူနီဖောင်းကို ရွာကနေ သွားမယ့်သူတွေ ကိုယ်တိုင် ဝယ်ပြီး ဝတ်သွားပေးရတာပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ပြီးသွားပေးရတာ။ တစ်ချို့ဆိုရင် စစ်သင်တန်း လုံးဝ မတက်ဖူးပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်သင်တန်းတက်မည့်သူများသည် အစိမ်းရောင် ပြည်သူ့စစ်ယူနီဖောင်းကို PNA ထံတွင် မြန်မာငွေ ငါးသောင်းဖြင့် ဝယ်၍ သွားပေးရကြောင်း ဟိုပုံးမြို့ဒေသခံ အမျိုးသားက ပြောသည်။

PNA ၏လူသစ်စုဆောင်းမှုသည် မြို့ပေါ်ထက် ကျေးလက်ဒေသမှ ပအိုဝ်းအမျိုးသားများကို  ၎င်းကဆိုသည်။

“မသွားရင်တော့ ရွာဘက်ကဆိုရင် အန္တရာယ်ရှိတာပေါ့။ မြို့ပေါ်ကလူတွေတော့ အန္တရာယ် မရှိဘူး။ သူတို့နဲ့ မဆိုင်ဘူးလေ။ မြို့ပေါ်မှာက လူမျိုးပေါင်းစုံရှိတာဆိုတော့ ပအိုဝ်းတွေပဲ ရွေးပြီးကောက်လို့မရဘူး” 

PNO/PNA စစ်သင်တန်း (ဓာတ်ပုံ – PNA)

မြို့ပေါ်တွင် နေထိုင်သည့် ပအိုဝ်းလူမျိုးနေအိမ်များကိုမူ စစ်သင်တန်းပေးခြင်းအတွက် သုံးရန်ဟု ဆိုကာ တစ်အိမ် လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် PNA က ကောက်ခံနေကြောင်း အထက်ပါဟိုပုံးမြို့ဒေသခံ က ပြောသည်။

တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာအား စစ်သင်တန်းပေးပြီးနောက် သင်တန်းဆင်းခြင်းများကို ၃ ကြိမ် ထက်မနည်း PNA ဘက်က ပြုလုပ်ထားသည်။သြဂုတ် ၂၁ မှ အောက်တိုဘာ ၃ အထိ စစ်သင်တန်းသုံးခုဖွင့်ခဲ့ပြီး တပ်သားသစ် ၃၇၀၀၀ ခန့် ရရှိထားကြောင်း  PNA ကကြေညာခဲ့သည်။ 

အဆိုပါအရေအတွက်သည် စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် စစ်ကောင်စီက သင်တန်း ပေးထားသည့် တပ်သားသစ် အရေအတွက်ထက် ၁၂၀၀၀ နီးပါး များပြားသည့်အရေအတွက် လည်းဖြစ်သည်။ စစ်တပ်သည် စစ်မှုထမ်းဥပဒေအောက်မှ သင်တန်း ၅ ခုအထိဖွင့်ထားရာ တပ်သားသစ် ၂၅၀၀၀ အထိ စစ်သင်တန်း ပေးထားကြောင်း ယုံကြည်ရသည်။

စစ်ကောင်စီနှင့်ပြည်သူ့စစ် နှစ်ခုထဲကတစ်ခု ရွေးရသည့်ပြည်သူများ

အာဏာသိမ်းစစ်တပ်က ယခုနှစ်ဆန်းပိုင်းတွင် အရွယ်ရောက်သူတိုင်း စစ်ထဲဝင်ရမည့်ဥပဒေကို ပြဌာန်းခဲ့သည်။

မြို့ကြီးပြကြီးများမှ ငွေကြေးနှင့်အသိပညာကြွယ်ဝသူများအတွက် စစ်ကောင်စီတပ်ထဲ မဝင်လိုပါက နိုင်ငံရပ်ခြားသို့ ထွက်ခွာသည့်နည်းလမ်းကို ရွေးချယ်နိုင်သည်။ ပအိုဝ်းအရပ်သားအမျိုးသားများက စစ်ကောင်စီတပ်ထဲ မဝင်လို၊ မွေးရပ်မြေကိုလည်း မစွန့်ခွာလိုပါက PNA ထံတွင် စစ်သားသစ်အဖြစ် စာရင်းပေးကြရသည်။

၎င်းတို့ထံ ပြည်သူ့စစ်အဖြစ် စာရင်းပေးမည်ဆိုပါက စစ်ကောင်စီတပ်၏ စစ်သားစုဆောင်းခြင်းမှ ကင်းလွတ်ခွင့် ရနိုင်ရန် PNA က ပအိုဝ်းလူထုကို အာမခံပေးထားသည်ဟု ဒေသခံတို့ကဆိုသည်။

Myanmar Now က စကားပြောခွင့်ရခဲ့သည့် PNO တာဝန်ရှိသူတစ်ဦးကလည်း ထိုမက်လုံးပေး စည်းရုံးသည်မှာ မှန်ကန်သည်ဟု ဆိုသည်။ PNO သည် နိုင်ငံရေးပါတီဖြစ်ပြီး ထိုပါတီသည် လက်နက်ကိုင်တပ် PNA ကို အုပ်ချုပ်သည်။

PNO/PNA စစ်သင်တန်း ။ (ဓာတ်ပုံ – PNA)

PNO တာဝန်ရှိသူတစ်ဦးက PNA တွင် တာဝန်ထမ်းရန် စာရင်းသွင်းထားသူများအား မြန်မာစစ်တပ် အတွင်း စုဆောင်းခြင်း မပြုရန် နေပြည်တော်ရှိ စစ်ကောင်စီထံ စာဖြင့် မေတ္တာရပ်ခံထားကြောင်း ပြောသည်။

စစ်ကောင်စီဘက်က PNO ဗဟို၏ မေတ္တာရပ်ခံစာကို တစ်စုံတစ်ရာအကြောင်းမပြန်သော်လည်း မြေပြင်တွင် PNA တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းထားသူများအား စစ်သားစုဆောင်းခြင်း လုပ်ဆောင်မှုမရှိကြောင်း PNO တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထို့အပြင်မြို့နယ်အဆင့်တွင်မူ စစ်ကောင်စီတာဝန်ရှိသူများနှင့် PNO ကိုယ်စားလှယ်များအကြား PNA တပ်ဖွဲ့ဝင်များအား စစ်သားသစ်အဖြစ် မကောက်ယူရန် နှုတ်အားဖြင့် သဘောတူထားကြောင်း PNO တာဝန်ရှိသူက ဆိုသည်။

“အစိုးရဘက်(စစ်ကောင်စီ)က စစ်မှုထမ်းခေါ်တဲ့အခါ သွားရနိုင်တာပေါ့။ PNO ထဲ ဝင်တဲ့လူအားလုံးကို PNO က ဘာ အာမခံပေးသလဲဆိုတော့ စစ်တပ်နဲ့ညှိပြီး စစ်တပ်ထဲမှာ စစ်မှုထမ်းစရာမလိုဘူးပေါ့။ ဒါကြောင့် PNO မှာဝင်လာတဲ့သူ များလာတာ ဖြစ်နိုင်တယ်” ဟုဆိုသည်။

သို့သော်အခြားတစ်ဖက်တွင် စစ်ကောင်စီကကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေတွင် ပြည်သူ့စစ်ထဲ ဝင်ပါက စစ်ကောင်စီတပ်သားအဖြစ် ဆင့်ခေါ်ခြင်းမှ ကင်းလွတ်ခွင့်ပေးမည် ဆိုသည့် အချက်ပါဝင်ခြင်းမရှိပါ။

ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း စစ်အစိုးရလက်ထက်များက စစ်ရိပ်စစ်ငွေ့သန်းနေသည့် ဒေသ များတွင် ပြည်သူ့စစ်အဖြစ် ရှိနေခြင်းက စစ်တပ်၏လမ်းမများပေါ် ထင်သလိုပေါ်တာဆွဲခြင်းမှ ကင်းလွတ်ခွင့်ရနိုင်သည့် နည်းလမ်း ဖြစ်ခဲ့သည်။

ဆီဆိုင်တိုက်ပွဲကြောင့် တပ်အင်အားတိုးချဲ့ရန်ပြင်ဆင်ခြင်း

စစ်ကောင်စီခန့်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရုံးထိုင်ရာ တောင်ကြီးမြို့၏ကပ်လျက်တည်ရှိသည့် ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို နောက်ထပ် ပအိုဝ်းလက်နက်ကိုင်တပ်ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နှင့် ကရင်နီတပ်များက ယခုနှစ် ဇန်နဝါရီအတွင်းက ဝင်တိုက်ခဲ့ပြီးနောက် PNO/PNA သည် ၎င်းတို့ စစ်အင်အားကို မူလထက် တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုတိုက်ပွဲအပြီး ပအိုဝ်းလူမျိုးများအတွက် မဖြစ်မနေရွေးရမည့် လမ်းနှစ်သွယ်ပေါ်လာကြောင်း Myanmar Now က စကားပြောခွင့်ရခဲ့သည့် PNO ၏ထိပ်ပိုင်းခေါင်းဆောင်က ပြောသည်။

မတ်လ ၁၅ ရက် နေ့လယ်ပိုင်းက ဆီဆိုင်မြို့နယ် ထမ်းယမ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲခဲ့သည်။  (ဓာတ်ပုံ – PNLA)

၎င်းက “အဖွဲ့အစည်းတစ်ခုက ရွာထဲဝင်လာရင် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ ရွာလည်း ပျက်ရတယ်ပေါ့။ ပင်လောင်းဘက်အခြမ်းရော ၊ ဆီဆိုင်မှာပါ တစ်ပုံစံတည်းဖြစ်တဲ့အခါကျတော့ PNO က ဒီလို ပြောလာတယ်။ ကိုယ့်နယ်မြေကိုယ့်ဟာကိုယ် ကာကွယ်မလား။ အပျက်ခံမလား လမ်းနှစ်လမ်းထဲက တစ်လမ်း ရွေးရမယ်ပေါ့။ ကာကွယ်ဖို့ လုပ်မယ် ဆိုရင်တော့ PNO နဲ့ပူးပေါင်းရမယ်” ဟုဆိုသည်။

PNA နှင့် PNLA တို့သည် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတွင် အစဉ်အလာကြီးသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ဆင်းသက်လာသည့် အဖွဲ့ နှစ်ဖွဲ့ဖြစ်သည်။ 

ပအလဖသည် ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖြစ် အမည် ပြောင်းလဲ လိုက်ပြီး ၁၉၇၃ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပေါင်းရေး မပေါင်းရေးအပေါ် မူတည်ကာ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်လာသည်။

၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မပူးပေါင်းလိုဘဲ ပအိုဝ်းအမျိုးသားရေးလမ်းစဉ်ကို စွဲကိုင်သည့် ဦးအောင်ခမ်းထီက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) ကို ထူထောင်ကာ သီးခြား ရပ်တည်လာသည်။ PNO ကို ပအိုဝ်းဖြူဟု လူသိများသည်။ ရလလဖမှာ ကွန်မြူနစ်ပါတီ နှင့် နီးစပ်သဖြင့် ပအိုဝ်းနီဟုလည်း ခေါ်ကြသည်။ 

နိုင်ငံရေးပါတီ ဖြစ်သည့် PNO ကို  ခွန်စံလွင်က ဦးဆောင်သည်။ လက်နက်ကိုင်တပ် PNA ကိုတော့ စစ်ဗိုလ်ချုပ်များ၏ စီးပွားဖက် ခွန်နေဝင်းထွန်းက ဦးဆောင်သည်။  

၂၀၂၀ နှစ်ဆန်းပိုင်းက နေပြည်တော်ရောက်လာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ကို မင်းအောင်လှိုင်ဦးဆောင်သော စစ်ဗိုလ်ချုပ်များ လက်ခံတွေ့ဆုံခဲ့စဉ်။

PNO/PNA သည် ၁၉၉၁ တွင်စစ်တပ်နှင့်အပစ်ရပ်လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် လူမျိုးစု လက်နက်ကိုင်တပ်အဖြစ်မှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့သလို နိုင်ငံရေးပါတီ ထောင်ကာ အထွေထွေရွေးကောက်ပွဲများတွင် ပါဝင်အရွေးခံခဲ့သည်။

PNO သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ပအိုဝ်းဒေသများတွင် အမတ် နေရာ ၆ နေရာ ရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၃ နေရာနှင့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ တစ်နေရာ ရခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုင်းပင် အနိုင်ရခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ၆ နေရာရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၃ နေရာနှင့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁ နေရာရခဲ့သည်။

PNO သည် ၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့သလို နိုင်ငံရေးပါတီထောင်ကာ အထွေထွေရွေးကောက်ပွဲ များတွင် ပါဝင်အရွေးခံခဲ့သည်။

PNO ခွဲထွက်ပြီးနောက်တွင် ရလလဖ သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ်လိုက်သဖြင့် အဖွဲ့ပျက်သွားသည်။

ရလလဖ ပျက်ပြီးနောက် ရလလဖထဲမှ ခွဲထွက်လာသည့် ခွန်သူရိန်ဦးဆောင်သည့်အဖွဲ့နှင့် PNO မှ ခွဲထွက်လာသော ခွန်ဥက္ကာဦးဆောင်သောအဖွဲ့တို့ပူးပေါင်းကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှား သည်။

PNLO သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ထိုးပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် ပါဝင်ခဲ့သည်။

မြင်သာအောင်ပြောရပါက PNA သည်နေပြည်တော်မှ စစ်ဗိုလ်ချုပ်များကို ဆယ်စုနှစ်ပေါင်း များစွာ သစ္စာခံသည့် တပ်ဖွဲ့ဖြစ်ပြီး PNLA ကတော့ စစ်တပ်ကိုဆန့်ကျင်သည့်အဖွဲ့ဖြစ်သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်တွင် ထိုနှစ်ဖွဲ့ ကြားအကွဲအပြဲက ပိုမိုပြင်းထန်လာသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ကို ထိန်းချုပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – PNLA)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နှင့် ကရင်နီတပ်များက ဇန်နဝါရီလအတွင်းတွင် ဆီဆိုင်မြို့ကိုမှ စစ်ကောင်စီစခန်းများကိုဝင်တိုက်ပြီး မြို့ကိုသတင်းပတ်အနည်းငယ်ကြာ ထိန်းချုပ်ခဲ့သည်။ ထိုလုပ်ရပ်က ၎င်းတို့ ပိုင်နက်ကို ကျူးကျော်သည်ဟု PNA က ယူဆပြီး စစ်တပ်နှင့်အတူ တော်လှန်ရေးတပ်များကို ပြန်တိုက်ထုတ်ခဲ့သည်။

“ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်းမှာ ကိုယ့်နယ်မြေကိုယ် လုံခြုံဖို့အတွက်ဆိုပြီး စစ်အင်အား ပြန်လည်တည်ဆောက်တာပေါ့။ အဲဒီကတည်းက စပြီး တည်ဆောက်လာတာ။ ကျေးရွာတိုင်းမှာ အားလုံးလိုလို ပြန်စုဆောင်းတယ်။ တစ်ချို့နေရာမှာ ၄၅ နှစ်အထိ ကောက်ယူတာရှိတယ်” PNO ထိပ်ပိုင်းခေါင်းဆောင်က ဆိုသည်။

မိမိဒေသအပျက်အစီး မခံနိုင်သဖြင့် ပအိုဝ်းလူမျိုးထောင်ချီသည် PNA ထံ ပူးပေါင်းဝင်ရောက် လာသည် ဟုလည်း ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့် PNO ထိန်းချုပ်နယ်မြေများ

စစ်ဗိုလ်ချုပ်များက စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ် တို့ကို စုစည်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။ 

ထိုဒေသကို ရွေးကောက်ပွဲမှတက်လာသည့်အစိုးရ၊ စစ်တပ်နှင့် PNO တို့ကသဘောကျသည့် အုပ်ချုပ်ရေးမှူးတစ်ဦး က အုပ်ချုပ်လေ့ရှိသည်။ စစ်တပ်အာဏာမသိမ်းခင်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌမှာ PNO မှ ခွန်စံလွင်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ခွန်စံလွင်ကို စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာပြီး သူ၏နေရာကို ကြံ့ခိုင်ရေးပါတီဝင် စစ်ဗိုလ်ချုပ်ဟောင်း ခွန်ရဲထွေးနှင့် စစ်တပ်က အစားထိုးလိုက်သည်။

စစ်တပ်တွင်ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ခွန်ရဲထွေးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားပြုကာ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြစ်ခဲ့သည်။

သို့သော်လည်း PNA သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည့် အမည်ထက် အထူးဒေသ (၆) ဆိုသည့် အမည်ကို သုံးစွဲ၍ ၎င်းတို့စိတ်ကြိုက်နယ်မြေသတ်မှတ်ကာ စစ်ရေးလှုပ်ရှားမှု ရှိသည်။ PNA ၏ သတ်မှတ်ချက်တွင် အထူးဒေသ (၆) ဧရိယာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နယ်နိမိတ်ထက် ပိုမိုကျယ်ပြန့်သည်။ ထိုသတ်မှတ်ချက်က စစ်တပ်နှင့် PNO/PNA တို့အကြား ၁၉၉၁ အပစ်ရပ်လက်မှတ်ထိုးချိန်တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

PNO တာဝန်ရှိသူတစ်ဦးက အထူးဒေသ (၆) နယ်မြေဆိုသည်မှာ PNO တော်လှန်ရေး လုပ်ကတည်းက စစ်ရေးလှုပ်ရှားသည့် နယ်မြေဧရိယာများ ဖြစ်ပြီး  အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် PNO အကြား နားလည်မှုယူသဘောတူထားသော နယ်နိမိတ်သတ်မှတ်ချက်လည်း ပါဝင်ကြောင်း ရှင်းပြသည်။

“PNO ထိန်းချုပ်တဲ့ ဧရိယာက EAOs တွေကြားမှာ နဂိုကတည်းက အစဉ်အဆက် လှုပ်ရှားတဲ့ ဧရိယာပေါ့။ ဥပမာပေါ့ ကရင်နီဆိုရင် အခုပဋိပက္ခဖြစ်နေတဲ့ လွိုင်လင်လေးတံတားရဲ့ တောင်ဘက်အခြမ်းဆိုရင် ကရင်နီနဲ့ဆိုင်တယ်။ မြောက်ပိုင်း ဆီဆိုင်ကြတော့ PNO နဲ့ဆိုင်တယ်။ ကယန်းပြည်သစ်နဲ့ဆိုရင်လည်း ပင်လောင်းမြို့နယ်ထဲက တောင်မဲသင်းတို့ နမ်းနိန်တို့ ပြဿနာဖြစ်တဲ့နယ်မြေပေါ့။ အဲဒီမှာလည်း လမ်းရဲ့ဒီဘက်အခြမ်းက PNO ဧရိယာ၊ လမ်းရဲ့တစ်ဖက်အခြမ်းက တစ်ခြားအဖွဲ့တွေနယ်မြေပေါ့။ အဲဒီလိုသတ်မှတ်ထားပါတယ်” 

PNA ဘာကြောင့် ရှမ်းတောင်တွင် စစ်သားအကြီးအကျယ်စုနေရသနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် စူးစမ်းရမည့် ကိစ္စလည်းဖြစ်သည်။

PNA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း ၎င်းတို့၏ ပအိုဝ်းဒေသကို အခြားဒေသမှ တပ်ဖွဲ့ဝင်များ ကျူးကျော်လာခြင်းမှ ကာကွယ်ရန် တပ်ဖွဲ့ဝင်အသစ်များ စုဆောင်း သင်တန်းပေးနေခြင်း ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

PNA ဗဟို၏ အောက်တွင် မျင်ꩻမိုရ်ႏခမ်း (မြင့်မိုရ်တိုင်း) ၊ စန္တာႏခမ်း (စန္တာတိုင်း) ၊ ခွန်ဖြားဗွာခမ်း (ခွန်ဖြားဗွာတိုင်း) နှင့် သူရိယခမ်း (သူရိယတိုင်း) ဆိုသည့် စစ်ရေးလှုပ်ရှားရာ တိုင်း ၄ တိုင်း သတ်မှတ်ထားကြောင်း PNA သတင်းရင်းမြစ်က ဆိုသည်။

မျင်ꩻမိုရ်ႏခမ်း (မြင့်မိုရ်တိုင်း) သည် တောင်ကြီးမြို့မြောက်ဘက်အခြမ်းရှိ လွိုင်လင် ၊ ပင်လုံ ၊ မိုင်းပွန် စသည့် မြို့ ဧရိယာများ ပါဝင်သော နယ်မြေဖြစ်သည်။

စန္တာႏခမ်း (စန္တားတိုင်း) သည် ကလော ၊ အောင်ပန်း ၊ ပင်လောင်း ၊ ဟဲဟိုး နှင့် ရပ်စောက်မြို့ ဧရိယာတို့ပါဝင်သော နယ်မြေဖြစ်သည်။

ခွန်ဖြားဗွာခမ်း (ခွန်ဖြားဗွာတိုင်း) သည် တောင်ကြီးမြို့တောင်ဘက်မှ ကရင်နီ (ကယား) ပြည်နယ် နယ်စပ်အထိ အကျုံးဝင်သော နယ်မြေဖြစ်ပြီး သူရိယတိုင်းသည် မဲနယ်တောင်တန်းအပါအဝင် ဆီဆိုင်နှင့် မောက်မယ်မြို့နယ် ဘက်အထိ အကျုံးဝင်သည်။

အဆိုပါ နယ်မြေသတ်မှတ်ချက်သည် PNA ၏ သတ်မှတ်ချက်ဖြစ်ပြီး မြို့ပေါ်နေရာများတွင် စစ်ကောင်စီအုပ်ချုပ်ရေး လည်ပတ်ကာ စစ်ကောင်စီတပ်ကသာ ထိန်းချုပ်ထားသည်။

PNA ဘက်က အထူးဒေသ (၆) တွင် ပါဝင်သည်ဟုဆိုထားသော မြို့နယ်အချို့တွင် အခြား လက်နက်ကိုင်တပ်များ ဝင်လှုပ်ရှားသည်လည်း ရှိသည်။ 

ဥပမာ အားဖြင့် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်များ လှုပ်ရှားမှုရှိသလို ပင်လုံမြို့အနောက်ဘက် ဆနင်းတောင်တွင်လည်း SSPP နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ လှုပ်ရှားမှုရှိသည်။

PNA သတင်းရင်းမြစ်က ၎င်းတို့ သတ်မှတ်ထားသည့်တိုင်း ၄ တိုင်းနယ်မြေတွင် နေထိုင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပအိုဝ်းအမျိုးသားများကို အခြေခံစစ်ပညာသင်တန်းပေးကာ သင်တန်းဆင်းပေးမည်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

လက်ရှိတွင် စစ်တိုင်း ၄ တိုင်းအနက် တိုင်း ၂ ခုတွင်သာ စစ်သင်တန်းပေး၍ သင်တန်းဆင်းပွဲလုပ်ရသေးသည်။

မြင့်မိုရ်တိုင်း၏ သင်တန်းဆင်းပွဲကို လူအင်အား ၂ သောင်းဖြင့် စက်တင်ဘာ ၃၀ ရက်တွင် တောင်ကြီးမြို့အနီးရှိ ပေါမူရွာတွင် ပြုလုပ်ခဲ့ကြောင်း PNA ဘက်က သတင်းထုတ်ပြန်သည်။

ပေါမူရွာ စစ်သင်တန်းဆင်းပွဲတွင် တောင်ကြီး – ဟိုပုံး မြောက်ဘက်အခြမ်း ၊ ရပ်စောက်နှင့် ကလော အရှေ့ခြမ်း ရွာများမှ ဒေသခံအမျိုးသားများ ပါဝင်ကြောင်း PNA ထံမှသိရသည်။

ခွန်ဖြားဗွာတိုင်း၏ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၃ ရက်တွင် ကျောက်တလုံးကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး တောင်ကြီးမြို့ တောင်ဘက် ရွာများမှ ဒေသခံ ၇၀၀၀ ကို စစ်သင်တန်းဆင်းပေးခြင်းဖြစ်ကြောင်း PNA က သတင်းထုတ်ပြန်သည်။

စစ်သည်သစ်များသည် အခြားဒေသတွင် စစ်ရေးတာဝန်ထမ်းဆောင်ရမည်မဟုတ်ဘဲ PNA ၏ စစ်တိုင်း ၄ တိုင်း နယ်မြေအတွင်းသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း PNA သတင်းရင်းမြစ်က ဆိုသည်။

၎င်းက “တစ်ခြားအဖွဲ့အစည်းတွေ ဝင်လာရင်တော့ ခုခံကာကွယ်ဖို့အတွက်ရှိပါတယ်။ တစ်ခြား လက်နက်ကိုင် အဖွဲ့အစည်းရဲ့နယ်မြေထဲ သွားဖို့တော့မရှိဘူးပေါ့။ ဒါက စစ်တပ် အာဏာမထိန်းခင်ကတည်းကမူပေါ့။ ဒီနေ့အထိလည်း အဲဒါကျွန်တော်တို့ လိုက်နာနေပါတယ်” ဟုဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၌ စစ်ရိပ်စစ်ငွေ့သန်းလာချိန်တွင် PNA က ဒေသကာကွယ်‌ရေး အကြောင်းပြကာ စစ်သား စုနေသော်လည်း PNA ၏ ရည်ရွယ်ချက် အမှန်သည် ၎င်းတို့အကျိုးစီးပွားကာကွယ်ရေးသာ ဖြစ်နိုင်ကြောင်း PNA နှင့် ထိတွေ့တိုက်ပွဲများဖြစ်ထားသည့် PNLA ဘက်က ဆိုသည်။

PNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက “အမှန်တော့ စစ်အာဏာရှင်စနစ်နဲ့ စစ်ခေါင်းဆောင် တွေ၊ PNO ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို ပအိုဝ်းပြည်သူတွေ ကို အသုံးချနေတယ်လိုမြင်တယ်။ ဒေသနဲ့ပြည်သူကို ကာကွယ်ဖို့ အကြောင်းပြပြီး ပအိုဝ်းပြည်သူတွေကို သူတို့အကျိုးစီးပွား ပြန်ကာကွယ်ခိုင်းတဲ့စနစ် ဖြစ်တယ်” ဟုဆိုသည်။

ထို့ပြင် PNA ၏ အခြားရည်ရွယ်ချက်မှာ ပအိုဝ်းလူထုကို ပအိုဝ်းလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ မစည်းရုံးနိုင်ရန် ကြိုတင်ကာကွယ်စုဆောင်းထားသည့် သဘောဖြင့် လုပ်ဆောင်နေခြင်းလည်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်အောင်မန်းက ထောက်ပြသည်။

၎င်းက “ ပြည်သူတွေကို အရင်ချုပ်ထားလိုက်တဲ့ ရည်ရွယ်ချက်လည်းပါမယ်ထင်တယ်။ PNO ခေါင်းဆောင်တွေက ပအိုဝ်းဆိုတာ PNO ၊ PNO ဆိုတာပအိုဝ်းပဲ ဆိုပြီး ရောလုံးချင်နေတာကြာပြီ။ အခုလည်း ပအိုဝ်းအားလုံး ပြည်သူ့စစ် ဆိုပြီး အကောင်အထည်ဖော်နေတယ်လို ယူဆတယ်” ဟု ဆိုသည်။

PNA ၏ လုပ်ရပ်သည် ပအိုဝ်းလူမျိုးများကို တော်လှန်ရေး၏ ရန်သူအဖြစ် ပုံဖော်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်အောင်မန်းက မှတ်ချက်ပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်ကလည်း စစ်သားသစ်လိုအပ်ချက်မြင့်မားနေသဖြင့် PNA ၏ စစ်သား အကြီးအကျယ်စုနေမှုကို မတားမြစ်ဘဲ ခွင့်ပြုပေးထားပုံရကြောင်း PNLA ဘက်ကဆိုသည်။

PNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက “ပြည်သူတွေ သတိကြီးကြီးထားပြီး တွန်းလှန်ကြဖို့ လိုတယ်။ စစ်ကောင်စီက အင်အားလိုတဲ့အခါ ပအိုဝ်းပြည်သူတွေမသိအောင် လျှို့ဝှက်ပြီး ပအိုဝ်းပြည်သူ့စစ်တွေကို စစ်ကူပိုပေးနေတာ ကျွန်တော်တို့သိရတယ်” ဟုဆိုသည်။

PNA သည် စစ်အင်အား သောင်းနှင့်ချီ စုဆောင်း၍ စစ်သင်တန်းပေးထားသော်လည်း လက်နက် တပ်ဆင်ပေးထားသည်ကို မတွေ့ရပေ။

စစ်ကောင်စီတပ်ဘက်က PNA ကို ယခုနှစ် ဖေဖော်ဝါရီတွင် တစ်ကြိမ် ၊ ဇန်နဝါရီတွင် တစ်ကြိမ် ရာနှင့်ချီသော MA-11 ရိုင်ဖယ်အသစ်များနှင့် ပုခုံးထမ်း ဗုံးပစ်လောင်ချာ ၁၄ လက်၊ ၆၀ မမ ပြောင်းရှည်တာဝေးပစ် စိန်ပြောင်း ၅ လက် ထက်မနည်း ပေးထားသည်။

တောင်ကြီးမြို့ဒေသခံ ပအိုဝ်းအမျိုးသားတစ်ဦးကမူ တပ်ဖွဲ့ဝင်အသစ်များအား PNA ဘက်က လက်နက် မတပ်ပေးရသေးခြင်းသည် တပ်ဖွဲ့ဝင်အသစ်များအပေါ် အပြည့်အဝ မယုံကြည်သေးသောကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။

၎င်းက “လူငယ်တွေက အင်တာနက်ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက် ရှိကြတယ်။ ချက်ချင်း သေနတ်တွေ ပေးလိုက်ရင် သေနတ်တွေယူပြီး PNLA ဆီ ဘက်ပြောင်းသွားမှာစိုးလို့ မပေးသေးတာလို့ထင်တယ်” ဟုဆိုသည်။

စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီတစ်ဦးကလည်း PNA သည် တပ်ဖွဲ့ဝင်သစ်များ အား သင်တန်းဆင်းသည့် ပုံများထုတ်ပြန်၍ PNA နယ်မြေထဲဝင်တိုက်နိုင်သည့် တော်လှန်ရေးတပ်များအား စစ်ဆင်ရေးမလုပ်နိုင်ရန် ကြိုတင်ဟန့်တားသည့် သဘော အင်အားပြနေခြင်းပင်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

PNO/PNA တပ်သားသစ်များ စက်တင်ဘာ ၃၀ က အင်အားပြနေစဉ်။ (ဓာတ်ပုံ- PNA)

Show More

Related Articles

Back to top button