သတင်း

ဆီဆိုင်မြို့ကို စစ်တပ်နှင့် PNO ပြန်ထိန်းချုပ်၊ တိုက်ပွဲများပြင်းထန်နေ

စစ်တပ်နှင့် PNO ပအိုဝ်းပြည်သူ့စစ်တို့က ဆီဆိုင်အခြေစိုက် ခလရ ၄၂၃ နှင့် ၄၂၄ တပ်ရင်းနှစ်ခုကို ပြန်လည် ထိန်းချုပ်၍ အင်အားဖြည့်ကာ ခံစစ်ပြင်ထားပြီး တော်လှန်ရေးတပ်ပေါင်းစုကလည်း ဆက်လက်တိုက်ခိုက်နေ၍ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

လက်လွှတ်လိုက်ရသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အခြေစိုက်ခြေလျင်တပ်ရင်း (ခလရ) ၄၂၃ နှင့် ၄၂၄ ကို စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) က ယမန်နေ့ (ဇန်နဝါရီ ၃၀) တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၆ ရက်က ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် အခြေစိုက်နေရာများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ ကရင်နီတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီလေတပ်က ဆီဆိုင်မြို့နှင့်အနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ မြို့ပေါ်တွင် နေရာယူထားသော PNLA, PDF, ကရင်နီတပ်ပေါင်းစုများ ရက်ပိုင်းအတွင်း ပြန်လည်ဆုတ်ခွာပေးရခြင်း ဖြစ်သည်ဟု သိရသည်။

စစ်တပ်နှင့် PNO ပြည်သူ့စစ်က ခလရ တပ်ရင်းနှစ်ခုကို ပြန်လည်ထိန်းချုပ်၍ ဆီဆိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ် အင်အားများထပ်ဖြည့်ကာ ခံစစ်ပြင်ထားကြောင်း စစ်ရှောင်များကို ကူညီနေသည့် မေတ္တာရောင်ပြန်သွေးအလှူရှင်အသင်းမှ ကိုအုပ်ကြီးက ပြောသည်။

တော်လှန်ရေးတပ်များက မြို့ပေါ်နေရာ ၆၀ ရာခိုင်နှုန်းကို ဖြန့်ကြက်ထိန်းချုပ်ထားပြီး အဆိုပါ တပ်စခန်းနှစ်ခုကို ဆက်လက်တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

“ဆီဆိုင်မြို့ပေါ်က ခလရ ၄၂၃ နဲ့ ၄၂၄ မှာ အဓိကတိုက်တာပေါ့။ တပ်ဘက်က ခံစစ်ပြင်ထားတယ်။ တိုက်စစ်ဖွင့်တာတော့ မရှိသေးဘူး။ လက်နက်ကြီးပစ်ကူတယ်။ လေယာဉ်ပစ်ကူတယ်။ တခြားရပ်ကွက်တွေမှာတော့ PDF ဘက်က တိုက်ပွဲဖော်ဆောင်ကြတာပေါ့”

ယမန်နေ့က မြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အလောင်း ၅၀ နှင့် လက်နက် ၅၀ ခန့် သိမ်းပိုက်ရရှိကြောင်း PNLA က ယနေ့တွင် ထုတ်ပြန်သည်။

“လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်ပါ သော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် မိမိတို့ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကို ရွေးချယ်ရခြင်းဖြစ်သည်” ဟု PNLA ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၁ ဩဂုတ်လအတွင်း ပအိုဝ်းဒေသနယ်စပ်တစ်လျှောက် ကင်းလှည့်နေသော PNO တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- PNO)

စစ်တပ်နှင့် PNO ပြည်သူ့စစ်အဖွဲ့က ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာများကို လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြု တိုက်ခိုက်နေကြောင်း တောင်ကြီးနှင့် ဟိုပုံးမြို့နယ်တို့တွင် PNLA အမည်သုံးကာ စစ်သားစုဆောင်းနေကြောင်း ဖော်ပြ ထားသည်။

လတ်တလောတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီဒေသဘက်မှ စစ်ရှောင်လာသူများ အပါအဝင် ဆီဆိုင်၊ ဆိုက်ခေါင်ဒေသခံ တစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နှစ်ဖက်တိုက်ပွဲများအတွင်း ပိတ်မိနေသူ ရာဂဏန်းဝန်းကျင်ရှိနိုင်ကြောင်း ကိုအုပ်ကြီးက ဆိုသည်။

“(ဒီနေ့မှာ) တိုက်ပွဲက လက်နက်ကြီးပစ်ကူတာတော့ မရှိဘူး။ ဆီဆိုင်မြို့ထဲမှာ ပစ်ခတ်တာတော့ရှိတယ်။ လာပြီး ခြောက်လှန့်တာမျိုး၊ စစ်တပ်ဘက်က ပစ်ခတ်တာမျိုးရှိတယ်။ အခုအချိန်ထိ ပိတ်မိနေသူတွေက အတတ်နိုင်ဆုံး ဘေးဘက် (ဘေးလွတ်ရာ) ကို ထွက်နေကြတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံများ နေရပ်မပြန်နိုင်သေးသော်လည်း အခြေအနေကို ကြည့်၍ လိုအပ်သည့်ပစ္စည်း ပြန်ယူဆောင်သူများရှိကြောင်း တိမ်းရှောင်နေရသည့် ဆီဆိုင်မြို့ခံတစ်ဦးက ဆိုသည်။

ယမန်နေ့ညနေကလည်း ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးလာကြဲ‌သဖြင့် ပျက်စီးခဲ့ရကြောင်း ပအိုဝ်းသတင်းဌာနဖြစ်သော The People Voice – ခမ်းသားငေါဝ်းတွင် ဖော်ပြထားသည်။

မွေတော်ကက္ကူဘုရားအနီး ရောက်ရှိနေသော စစ်ရှောင်များကို ဇန်နဝါရီ ၂၇ က တွေ့ရစဉ်။ (ဓာတ်ပုံ- Pa-O Swee Medi)

ဆီဆိုင်မြို့သည် မြောက်ဘက်တွင် ပြည်နယ်မြို့တော် တောင်ကြီး၊ တောင်ဘက်တွင် ဖယ်ခုံမြို့နယ်နှင့် ထိစပ်နေပြီး တိုက်ပွဲများပြင်းထန်နေသည့် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်နှင့်လည်း နယ်မြေချင်း နီးကပ်သည်။

ဇန်နဝါရီ ၂၀ ရက်က ရှမ်းပြည်နယ် ဟိုပုံးမြို့၊ စံဖူးရွာအနီး PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်တပ်က ဖမ်းဆီးခဲ့ရာမှ နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆီဆိုင်မြို့အထိ တိုက်ပွဲများဖြစ် ပွားလာခြင်းဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုရှိရာ PNO ခေါ် ပအိုဝ်းပြည်သူ့စစ်သည် အစဉ်အဆက် စစ်ခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စိုးမိုးထားကာ စစ်ကောင်စီတပ်၏ အားကိုးရသည့် အဖွဲ့ဖြစ်လာသည်။ လက်နက်ကိုင်အင်အား ၃၀၀၀ အထိပင် ရှိနိုင်သည်ဟု သတင်းထွက်နေသည်။

PNO က တော်လှန်ရေးတပ်များကို တိုက်ခိုက်ရန် လူအင်အားစုဆောင်း၍ လက်နက်တပ်ဆင်မှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခု စစ်ကောင်စီတပ်ကို တိုက်နေသည့် PNLA မှာ လက်နက်ကိုင်အင်အား ၄၀၀ နှင့်အထက် ရှိမည်ဟု အကဲခတ်တို့ ယူဆထားကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော PNLO/PNLA ၏ ထိပ်ပိုင်း ခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေရာမှ စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button